ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှစ် ၁၅၀ စာ ဒီဇိုင်း

ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှစ် ၁၅၀ စာ ဒီဇိုင်း
Photo: The Economist
Photo: The Economist
Published 9 October 2021
မိုးဧအောင်

ဂျော့ဖရိုက်မင်း၏ ယခု “How the Global Economy Works, or Seems To” ဆောင်းပါးကို Geopolitical Future တွင် ဖော်ပြခဲ့၏။ ဖရိုက်မင်းသည် နယူးယောက်စီးတီးကောလိပ်မှ ပထမဘွဲ့၊ ကော်နဲလ်တက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေး ဟောကိန်းထုတ်တတ်သူ၊ နိုင်ငံတကာရေးရာ မဟာဗျူဟာ ပညာရှင်ဖြစ်သည်။ အရောင်းရဆုံးစာရင်းဝင် “Flash opoints: The Emerging Crisis in Europe, The Next Decade, America’s Secret War, The Future of War and The Intelligence Edge” စာအုပ်များကို ရေးသားပြုစုခဲ့ပြီး ဘာသာစကားပေါင်း ၂၀ ကျော် ပြန်ဆိုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ နိုင်ငံရေးအနာဂတ္တိဟောကိန်း ဖြစ်သော “The Next 100 Years” စာအုပ်မှာ အကျော်ကြားဆုံးဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာစနစ်အတွင်း စိတ်ဝင်စားဖွယ် အဆင်အကွက်တစ်ခု ရှိနေ၏။ တိုင်းပြည်တစ်ခုသည် အခြေခံအားဖြင့် လုပ်သားခ စျေးပေါသောကြောင့်ဖြစ်စေ၊ တီထွင်နိုင်စွမ်း မြင့်မား၍ဖြစ်စေ၊ စက်မှုထုတ်ကုန်များကို စျေးနှုန်းချိုသာစွာ ထုတ်လုပ်လာနိုင်သည်။ ဤတိုင်းပြည်သည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနယ်ပယ်၌ အသက်ရှူမှားမတတ် စောင့်ကြည့်ခံရပြီးနောက် နှစ် ၄၀ ခန့် တစ်ပတ်လည်သည့်အခါ နိုင်ငံ၏စီးပွားရေး တိုးတက်မှု အားလျော့သွားရုံမက တစ်ခါတစ်ရံ ကြီးကြီးမားမား စီးပွားကျသည့်အဖြစ်သို့ ရောက်ရှိသွားတော့သည်။ ဤစက်ဝန်းမှာ ဖြစ်မြဲဓမ္မတာဟု ဆိုရပါမည်။ အကြောင်းမှာ ဧရာမပြည်ပပို့ကုန်ကို တင်ပို့နေရသော အဆိုပါတိုင်းပြည်သည် သူ့ထွက်ကုန်များကို ဝယ်ယူမည့် ဖောက်သည်များအပေါ် မှီခိုရသည့်အားလျော်စွာ၊ ဖောက်သည်တို့၏ ဝယ်ယူနိုင်စွမ်း မြင့်မမြင့်၊ ရှိမရှိကလည်း စဉ်းစားရသည့်အချက် ဖြစ်နေသည်။ ထိုသို့သော အကျပ်အတည်းမျိုး ရင်ဆိုင်ရသည့် တိုင်းပြည်အနေနှင့် အဆုံးအရှုံးကြား ပိတ်မိသွားတတ်သလို၊ တစ်ခါတစ်ရံ ပြန်လည်နာလန်ထူကာ ယခင်ကထက်ပင် ရေစိမ်ခံစီးပွားရေးအဖြစ် မာမာချာချာ ရှိသွားတတ်သည်။ ထို့ပြင် သူ့ထက်ပို၍ စျေးနိမ့်နိမ့်နှင့် ထုတ်လုပ်နိုင်သော နောက်တစ်နိုင်ငံက အစားထိုးနေရာယူသွားတတ်ပါသည်။ ယခုဆိုခဲ့သော နှစ် ၄၀ စီးပွားဖြစ်ထွန်းမှု သံသရာအတွင်း သိသာထင်ရှားစွာ ကျဆင်းသွားရသည့်လောကဓံမျိုး တွေ့ကြုံရပြီးနောက် နှစ် ၅၀ အတွင်း ပြန်လည်ထူထောင်သွားနိုင်သော နိုင်ငံများများစားစား မတွေ့ရပါ။ ဆိုလိုသည်မှာ ဤစက်ဝန်းအတိုင်းသာ ဖော်မြူလာကိုက်ခဲ့လျှင် နှစ် ၁၅၀ အတွက် သုံးနိုင်ငံကသာ ကမ္ဘာ့စီးပွားရေးအဆောက်အအုံကို ကြီးစိုးခဲ့ကြရာ၏။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့ကို လေ့လာမှုနယ်ပယ်အဖြစ် သတ်မှတ်စူးစမ်းသွားပါမည်။ (အိန္ဒိယသည် ဗြိတိသျှလက်အောက်တွင် နေခဲ့ရသည့်ကာလရှိသဖြင့် ယခုလေ့လာမှုတွင် အကျုံးမဝင်ပါ)။

ပထမဆုံး အမေရိကန်ပြည်ထောင်စုကို ကြည့်ကြပါစို့။ ၁၈၆၅ ခုနှစ်တွင် ပြည်တွင်းစစ်ပြီးဆုံး၏။ ဆယ်စုတစ်စုလောက် ကြာမြင့်ပြီးနောက် ၁၈၉၀ ပြည့်ဝန်းကျင်၌ အမေရိကန်သည် သူ့တိုင်းပြည်၏ စက်မှုတော်လှန်ရေးအတွက် ခြေလှမ်းစခဲ့၏။ ဥရောပတိုက်သား ဖောက်သည်များသုံးစွဲရန်အတွက် တန်ဖိုးမြင့်ထုတ်ကုန်များကို ကုန်ကျစရိတ်နည်းနည်းဖြင့် ထုတ်လုပ်နိုင်ရန် စက်မှုလုပ်ငန်းများ တည်ထောင်ခဲ့၏။ ၁၉၀၀ ပြည့်နှစ်ရောက်သော် တစ်ကမ္ဘာလုံးထုတ်လုပ်သည့် ကုန်ချောများ၏ထက်ဝက်ကို အမေရိကန်တို့ ထုတ်ခဲ့သည်။ အမေရိကန်တို့၏ ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချနိုင်သော တီထွင်ကြံဆနိုင်စွမ်းက ပြည်ပစျေးကွက်များအပေါ် စိုးမိုးနိုင်ခဲ့၏။ ထိုဖြစ်စဉ်က အမေရိကန်ပြည်ထောင်စု၌ မ,တည်အရင်းအနှီး အစုလိုက် အပုံလိုက် ကြီးသည်ထက်ကြီးထွားလာစေပြီး ကမ္ဘာကို အမေရိကန်၏ စီးပွားရေးသြဇာလွှမ်းမိုးမှု ဖြစ်ထွန်းပေါ်ပေါက်စေခဲ့လေသည်။ ထို့နောက် မည်သည့်အရာက ထိုသြဇာကို ရပ်တန့်စေခဲ့သနည်း။

ပထမကမ္ဘာစစ်ကြီးက အမေရိကန်၏ စီးပွားရေးကို ရပ်တန့်စေခဲ့၏။ ၀ါရှင်တန်၏ အရေးကြီးဆုံး အဝယ်တော်ကြီးများရှိရာ ဥရောပကို ပထမကမ္ဘာစစ်က ဖျက်ဆီးခဲ့၏။ ၁၉၂၀ ပြည့်ဝန်းကျင်တွင် မသိမသာ ဆုတ်ယုတ်လာခဲ့ရာမှ နောက်ပိုင်းတွင် အမေရိကန်၏ စီးပွားရေးစနစ်ကို အရှိန်အဟုန်နှင့် ပျက်စီးလာစေခဲ့သည်။ ရလဒ်အဖြစ် ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ပေါ်ပေါက်ခဲ့ပြီး အမေရိကန် စက်မှုစီးပွားလောကကို ပထမဆုံးအကြိမ် ရှင်းပစ်လိုက်ခြင်းလည်း မည်ပါ၏။ အမေရိကန်အနေနှင့် စီးပွားရေး၌ ‘ဆင်ပိန်ကျွဲ’ အဆင့်လောက် ကျန်ရှိခဲ့သော်ငြား စီးပွားပျက်ကပ်၏ ရိုက်ခတ်မှုဒဏ်ကို နင့်နင့်သီးသီး ခံစားရပြီး လူမှုရေး မတည်ငြိမ်မှုများလည်း အုံကြွပေါ်ပေါက်ခဲ့၏။ စီးပွားပျက်ကပ်ကို ကုစားခဲ့သည့် စမု-ဟော်လေ သွင်းကုန်တားဆီးခြင်း ဥပဒေ သို့မဟုတ် ဘဏ္ဍာရေးမူဝါဒများကြောင့် စီးပွားပျက်ကပ်ပေါ်ပေါက်ခဲ့သည်ဟု မဆိုနိုင်ဘဲ ပျက်စီးခြင်း၏လက်သည်မှာ အမေရိကန်၏ ဖောက်သည်များကြောင့်သာ ဖြစ်ပါသည်။ ဤအမေရိကန်စီးပွားစက်ဝန်းသည် ၁၈၉၀ ပြည့်တွင် စတင်ခဲ့ပြီး နှစ် ၄၀ အကြာ ၁၉၃၀ ဝန်းကျင်၌ အဆုံးသတ်ခဲ့ရသည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်း ထူထူထောင်ထောင် ပြန်ဖြစ်လာ၏။

ဒုတိယ ဂျပန်နိုင်ငံကို ဆက်ကြည့်ကြပါစို့။ ဒုတိယကမ္ဘာစစ်အတွင်း လူသူလက်နက် အကြီးအကျယ် ဆုံးရှုံးခဲ့ရသော တိုင်းပြည်ဖြစ်၏။ ထို့နောက် ၁၉၅၀ ဝန်းကျင်၌ ထိုနိုင်ငံ၏ စီးပွားရေး ဒီရေအလား စတင်အရှိန်မြင့်လာခဲ့သည်။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်သည် လိုအပ်သည့် ပစ္စည်းကိရိယာများကို စစ်ပွဲနယ်မြေအနီးအနားရှိ ဂျပန်နိုင်ငံမှ တင်သွင်းခဲ့၏။ စစ်ပွဲအတွက် လိုအပ်သည့်ထရပ်များကို အမေရိကန်မှ ဝယ်ယူတင်သွင်းမည်ဆိုလျှင် ပိုမိုအချိန်ကြန့်ကြာသည့်အတွက် ဂျပန်ကုမ္ပဏီငယ်များကို ဤပစ္စည်းမျိုး လုပ်နိုင်စွမ်းရှိမရှိ မေးမြန်းခဲ့၏။ ဂျပန်ကုမ္ပဏီများ တကယ်လုပ်နိုင်ခဲ့၏။ ထိုကုမ္ပဏီလေး၏အမည်မှာ တိုယိုတာဖြစ်ပါသည်။ အမေရိကန်၏ စျေးကွက်ဝင်ကားများကဲ့သို့ အသုံးတည့်ပြီး အမေရိကန်ထက် ပိုမိုချိုသာသောစျေးဖြင့် ကားထုတ်လုပ်နိုင်သည့် တိုယိုတာက အမေရိကန်ထုတ်လုပ်သူတို့ကို ဇာတ်သိမ်းခန်းအရောက် ပို့ဆောင်ခဲ့ပါ၏။ ဂျပန်နိုင်ငံ၏ ပညာအခြေပြု စည်းကမ်းကောင်းမွန်သော လုပ်သားအင်အားစုကြောင့်လည်းကောင်း၊ စစ်တွင်းကာလ ပျက်ပြားနေခဲ့ရသည့် ဂျပန်စီးပွားရေးစနစ်၏ စေ့ဆော်မှုကြောင့်လည်းကောင်း၊ ဂျပန်၏လုပ်သားစရိတ်မှာ အလွန်မတန် ချိုသာခဲ့သဖြင့် ၁၉၆၀ ဝန်းကျင်၌ ဂျပန်သည်ကုန်ကျစရိတ်အနည်းဆုံးနှင့် ကုန်ချောထုတ်လုပ်နိုင်သော တိုင်းပြည်ဖြစ်လာခဲ့၏။

ဂျပန်၏အောင်မြင်မှုသည် ကမ္ဘာကို ကြီးကြီးမားမား ရိုက်ခတ်ခဲ့ရုံမက သူ့ဖောက်သည်များအပေါ်၌လည်း ထူးထူးခြားခြား အကျိုးဖြစ်စေခဲ့သည်။ နိုင်ငံရေးဖိအားအဖြစ် အသွင်ကူးပြောင်းပြီး ဂျပန်၏ပြည်ပပို့ကုန်များအပေါ် တားဆီးသော မူဝါဒများချမှတ်နေသည့်ကြားမှပင် ဂျပန်ထံမှ အမေရိကန်သွင်းကုန်ပမာဏမှာ တိုးမြဲတိုးလာခဲ့၏။ ဂျပန်စီးပွားရေးသည် ကုန်ကျစရိတ်နှင့် လျော်ညီသော ပို့ကုန်ထုတ်လုပ်မှုအပေါ် စိုက်လိုက်မတ်တတ် အခြေပြုခဲ့သည်။ ပို၍အရေးကြီးသည်မှာ ပြည့်ပပို့ကုန်မူဝါဒကို အစိုးရကချမှတ်ပြီး ဘဏ်စနစ်ကလည်း ထိုမူဝါဒကိုပ့ံပိုးရန် တည်ဆောက်ဖို့လိုသည်။ ဘဏ်စနစ်အရ ပြည်ပပို့ကုန်ထုတ်လုပ်သူများထံ ရင်းနှီးမြှုပ်နှံလျက် ဂျပန်၏နိုင်ငံရေး ရည်မှန်းချက် ပြည့်မီစေရန် ဖြည့်ဆည်းခဲ့ခြင်းက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး ထုတ်ကုန်သွင်းကုန် အားမျှခြေပျက်ပြယ်သွားကာ ဂျပန်ဘဏ်များ ပြိုလဲသွားခဲ့ရ၏။ ၁၉၉၀ ပြည့်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သော ဘဏ္ဍာရေးဆိုင်ရာ အကြီးမားဆုံးအကျပ်အတည်းကို ဂျပန်အနေနှင့် တောင့်ခံထားနိုင်သော်ငြား အထက်တွင် ဖော်ပြခဲ့သော နှစ် ၄၀ ကြာ ဂျပန်ဖွံ့ဖြိုးမှုစက်ဝန်းက ကျရိပ်သန်းလာခဲ့ပြီ။ ဂျပန်သည် နောက်ဆယ်နှစ်အတွင်း သူ့တိုင်းပြည်စီးပွားရေးကို အားပြည့်အင်ပြည့်ပြန်ဖြစ်ရန်အတွက် ကုန်ကျစရိတ်ဘက် အာရုံမစိုက်တော့ဘဲ စျေးနှုန်းအခြေပြု ကုန်ချောထုတ်လုပ်မှုဘက်သို့ ပြန်လည်ဦးတည်လိုက်ခြင်းဖြင့် အကျကိုထိန်းသွားနိုင်ခဲ့၏။

ဂျပန်၏နေရာကို ဝင်ယူလိုက်သူမှာ တရုတ်ပြည်ဖြစ်သည်။ မော်စီတုံးကွယ်လွန်ခြင်း၊ မော်ဝါဒကျဆုံးခြင်းတို့နှင့်အတူ တံခါးဖွင့်လာခဲ့သည့်တရုတ်သည် ပြည်ပပို့ကုန်များကို ကုန်ကျစရိတ်နည်းနည်းနှင့် အလုံးအရင်းထုတ်လုပ်နိုင်သူ ဖြစ်လာခဲ့သည်။ အမေရိကန်နှင့် ဂျပန်တို့နည်းတူ တရုတ်၏စနစ်မှာလည်း တည်စကပင် အဖျက်ပိုးသန္ဓေပါပုံရ၏။ သို့သော် ကမ္ဘာ့အဆင့်မီ လုပ်သားအင်အားစု မဟုတ်သည့်တိုင် မျှတညီညွတ်သော စည်းမျဉ်းများကို အခြေပြုလျက် စက်မှုကုန်ချောများကို ထုတ်လုပ်နိုင်ခဲ့သည်။ အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးချိန်တွင် အမေရိကန်နှင့် ဂျပန်ကို ယှဉ်နိုင်စွမ်းရှိသော ပြည်ပပို့ကုန်များ ထုတ်လာနိုင်သည်။ တရုတ်၏ဘဏ္ဍာရေးစနစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် နက်နက်ရှိုင်းရှိုင်း အခြေတည်ထားသဖြင့် အမေရိကန်လာခဲ့သောလမ်းနှင့် ဆင်တူနေ၏။ ထို့ကြောင့် တရုတ်၏ ကြီးမားကျယ်ပြန့်သော မ,တည်အရင်းအနှီး စီးဝင်မှုသည် (စီးပွားရေးဘောဂဗေဒပညာရှင်များ သုံးသပ်ကောက်ချက်ဆွဲကြသလို) ကမ္ဘာပတ်၍ လွှမ်းမိုးရန် ကြံစည်နေပုံရပါသည်။ ဂျပန်၏ အဖြစ်သနစ်ကဲ့သို့ တရုတ်ပြည် ယနေ့ရင်ဆိုင်ကြုံတွေ့နေရသည်မှာ သူ၏အဓိကဖောက်သည်ကြီး အမေရိကန်ပြည်ထောင်စုက တရုတ်ပို့ကုန်များ၏ လူမှုတန်ဖိုးများအပေါ် အမျိုးမျိုးအကြောင်းပြ၍ ပြဿနာရှာနေခြင်းပင်ဖြစ်သည်။

ကိုဗစ် - ၁၉ နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ အထိုင်ပျက်ခြင်းများက တရုတ်ပို့ကုန်တို့၏ ရှိရင်းစွဲအနေအထားကို ပိုမိုပျက်ယွင်းသွားစေသည်။ တစ်ဆက်တည်း၌ စီးပွားရေးလောက၏ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအုတ်မြစ်များမှာ ထိလွယ်ရှလွယ်ဖြစ်လာခဲ့ကြပြီး အခွန်ဘဏ္ဍာနှင့်ပတ်သက်သော အရွှေ့အပြောင်းများ ရှိလာခဲ့၏။ လွန်ခဲ့သောရက်ပိုင်းအတွင်း လူမှုရေးနှင့် နိုင်ငံရေးရိုက်ချက်များ တည်ငြိမ်ရန်အလို့ငှာ တရုတ်အစိုးရလှမ်းလိုက်သည့် ခြေလှမ်းများမှာ နှစ် ၄၀ စက်ဝန်းကို အဆုံးသတ်စေပြီလားဟု မေးခွန်းထုတ်ဖွယ် ဖြစ်လာသည်။ တရုတ်၏ခေတ် နိဋ္ဌိတံသွားမည်တော့ မဟုတ်သေးပါ။ သို့သော် မက်ခရိုစီးပွားရေးသံသရာ၌ အမေရိကန်နှင့် ဂျပန်ကဲ့သို့ တိုးတက်မှု ‘တန့်’ သွားသည့် ကာလကြုံရပါလိမ့်မည်။ သို့ဖြစ်လျှင် ယခင်လူများလာရာလမ်းအတိုင်း ကွဲပြားခြားနားသော ပြန်လည်စုစည်းမှုကို အသစ်တစ်ဖန် ပြန်လုပ်ရပါမည်။

တရုတ်၏စီးပွားရေး ‘ဒီရေမြင့်သစ်’ သည် ၁၉၈၀ ဝန်းကျင်၌ အစပြုခဲ့၏။ ထိုဒီရေသည် ဘဏ္ဍာရေးနှင့် ပြည်ပပို့ကုန်ဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်ရသောအခါ နိုင်ငံရေးအရ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ယခုအခါ ရုန်းကန်နေရသည်။ ယင်းကို တရုတ်၏ ကမ္ဘာပျက်ကပ် သို့မဟုတ် ဆုံးရှုံးရမည့် ဆယ်စုနှစ်ဟု တွေးကြည့်နိုင်ပါ၏။ အဆက်မပြတ် ထိုးတက်လာသည့် ဒီရေတို့မည်သည် စိုက်ဆင်းသွားမည့် လှိုင်းခေါင်းဖြူနှင့်အတူ စီးပွားရေးဆိုင်ရာ အားပျော့မှုများကို အရှိန်အဟုန်ကြီးကြီး ပျက်ပြားစေပြီးသကာလ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး ပဋိပက္ခများကို မွေးဖွားပေးနိုင်စွမ်း ရှိလေသည်။ နိုင်ငံတိုင်း ထိုအခြေအနေအပေါ် ကိုယ့်မူ၊ ကိုယ့်ဟန်၊ ကိုယ့်အသံနှင့် ကိုင်တွယ်သွားနိုင်၏။ စီးပွားရေးလောကဓံဟူသည် မခြိမ်းဘဲနှင့်ရွာချတတ်သောမိုး ဖြစ်ပါသည်။ ပြည်ပပို့ကုန်အပေါ် အကြီးမားဆုံး အားထားနေရသည့် နိုင်ငံများအဖို့ ကမ္ဘာကြီးနှင့် အဆက်ပြတ်သွားမည့်အရေး ဖြစ်ပါသည်။ နောက်အကျိုးဆက်တစ်ရပ်မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျဆင်းခြင်းနှင့် ပြည်ပအရင်းအနှီးများ ထွက်ခွာခြင်းတို့ တစ်ပြိုင်နက်ပေါ်ပေါက်ပြီး ရင်းနှီးမြှုပ်နှံမှုများ အငွေ့ပြန်ပျောက်ဆုံးသွားတတ်သည့်ဘေး ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် မည်သူမျှ တွေးထင်မထားခဲ့သော နိုင်ငံတစ်ခုခုက ပြည်ပပို့ကုန်လောကတွင် အစားထိုးနေရာယူလာပါလိမ့်မည်။ ပြည်တွင်းစစ်ဖြစ်ပြီးစ အမေရိကန်၊ ဟီရိုရှီးမား ဗုံးအချခံ ဂျပန်နိုင်ငံနှင့် ယဉ်ကျေးမှုတော်လှန်ရေးကြောင့် ထောင်းလမောင်းကျေခဲ့သော တရုတ်ပြည်တို့ကို ပို့ကုန်လောက သရဖူဆောင်းလိမ့်မည်ဟု မည်သူက ခန့်မှန်းမိခဲ့ပါသနည်း။

ဤဖြစ်စဉ်ကို ခေတ်သစ်အရင်းရှင်ဝါဒဟု ကင်ပွန်းတပ်ရတော့မည် ထင်ပါ၏။ ချမ်းသာသော နိုင်ငံများမှ ထွက်လာသည့် စျေးနှုန်းနိမ့်နိမ့် ထုတ်ကုန်များကို အငမ်းမရ ဝယ်ယူသူများ အမြဲရှိနေသည့်တိုင် ထိုလူချမ်းသာတိုင်းပြည်များက ဖောက်သည်တို့ အလိုကျ နောက်ထပ်ထုတ်မပေးနိုင်ခဲ့ကြပါ။ သို့ဆိုလျှင် ဤ နှစ် ၄၀ စျေးနှုန်းနိမ့် ပို့ကုန်စက်ဝန်းသံသရာ အဘယ့်ကြောင့် လည်နေပါသနည်း။ ဘဝင်ကျအောင် ရှင်းပြနိုင်စွမ်း ကျွန်တော့်မှာမရှိပါ။ သို့သော် ဤသုံးနိုင်ငံ၏ ဖြစ်ရပ်ကတော့ တစ်ထပ်တည်း ကျနေကြပါသည်။ ထို့ထက်ပို၍ ဖွဲ့စည်းဖြစ်တည်လာသည့် အခြားအကြောင်းရင်းခံများလည်း ရှိနေနိုင်ပါသည်။ ယခုအနုမာနအတိုင်းသာ မှန်ခဲ့လျှင် တရုတ်သည် လမ်းဆုံးဘူတာသို့ ဆိုက်နေချိန်တန်ပါပြီ။ ထိုသို့ဖြစ်ခဲ့လျှင် ပြင်ပကမ္ဘာသို့ ထွက်စရာမရှိတော့သော တရုတ်ပြည်အဖို့ တည်ငြိမ်မှုကို ထိန်းသိမ်းပြီး စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်သွားပါလိမ့်မည်။ သို့သော် ကမ္ဘာကို စိုးမိုးလိုသည့် သူ့ဆန္ဒကို မှားယွင်းကြောင်း သက်သေပြုရပါလိမ့်မည်။ ကျွန်ုပ်တို့ ဘယ်တုန်းကမှ မမျှော်လင့်ဖူးသော နောက်တစ်နိုင်ငံက သူ့နေရာကို ဝင်ယူပါလိမ့်မည်။ ထိုအခါ၌ ယခုတင်ပြခဲ့သော နှစ် ၄၀ စက်ဝန်း မှန်လေပြီဟု ကျွန်ုပ်တို့ ရဲရဲကြီးဆိုနိုင်ပါ၏။

Most Read

Most Recent