ရိုက်ချက်ပြင်းနေသည့် ဒေါ်လာဈေးနှင့် ရွှေဈေး

ရိုက်ချက်ပြင်းနေသည့် ဒေါ်လာဈေးနှင့် ရွှေဈေး
ရွှေဆိုင်တစ်ဆိုင်တွင် ရွှေရောင်းချနေသည့်မြင်ကွင်း
ရွှေဆိုင်တစ်ဆိုင်တွင် ရွှေရောင်းချနေသည့်မြင်ကွင်း
Published 3 October 2021
ဇော်မင်းနိုင်

နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်အပြီး ရှစ်လခန့်အကြာတွင် ဒေါ်လာနှင့်ကျပ်ငွေလဲလှယ်နှုန်းမှာ မကြုံစဖူး တက်သွားသည်ဟုဆိုရမည် ဖြစ်သည်။

စက်တင်ဘာလမတိုင်မီအထိ ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာ သိသိသာသာ မြင့်တက်လာခြင်း မရှိသေးသော်လည်း စက်တင်ဘာလလယ်ပိုင်းမှ စတင်ကာ ငွေလဲလှယ်နှုန်းမှာ ကျပ် ၂၀၀၀ အထိ ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်တွင် ဗဟိုဘဏ်၏ ဒေါ်လာနှင့် ကျပ်ငွေ လဲလှယ်နှုန်းသတ်မှတ်ချက်မှာ တစ်ဒေါ်လာလျှင် ကျပ် ၁၇၅၀ သာ သတ်မှတ်ထားသော်လည်း ပြင်ပပေါက်စျေးတွင်မူ ၂၀၀၀ ကျော်ရှိခဲ့သည်ကို တွေ့ရသည်။

အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည့် ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၂၇၀၀ အထိ ရှိခဲ့သည့် စက်တင်ဘာ ၂၇ ရက်ဖြစ်သည်။ ယင်းနေ့တွင် ဗဟိုဘဏ်က ငွေလဲနှုန်းကို ကျပ် ၁၇၀၀ ခန့်သာ သတ်မှတ်ထားသော်လည်း ပြင်ပပေါက်စျေးမှာ များစွာကွာဟနေသည်ကို တွေ့ရသည်။

“အဲဒီနေ့က ဒေါ်လာစျေးက စဖွင့်ကတည်းကစွာနေတယ်။၂၅၀၀ နဲ့စတာ။ နေ့လယ်လောက်ကျတော့ ၂၇၀၀ ကိုရောက်သွားတယ်။ အဲဒီတုန်းက စျေးကိုအမြင့်ပေးပြီး လိုက်ဝယ်ကြတာ” ဟု ငွေကြေးစျေးကွက် ကျွမ်းကျင်သူတစ်ဦးက ယင်းနေ့က ဖြစ်ပေါ်ခဲ့သည့်အခြေအနေကို ပြောကြားသည်။

ဗဟိုဘဏ်က ဒေါ်လာ မည်မျှထုတ်ရောင်းထားသလဲ

ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလတွင် ဗဟိုဘဏ်က ဒေါ်လာများ အလုံးအရင်းနှင့် ထုတ်ရောင်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ဇူလိုင်တွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်တွင် ဒေါ်လာ၂၈ သန်း၊ စက်တင်ဘာတွင် ၆၃ သန်း ရောင်းချထားသည်။

သုံးလအတွင်း ရောင်းချထားသည့် ဒေါ်လာမှာ သန်း ၁၃၀ ရှိလာပြီ ဖြစ်သည်ကို တွေ့ရသည်။

ဇူလိုင်လအတွင်း တစ်ရက်တည်း ရောင်းချမှုအမြင့်ဆုံးစံချိန်မှာ ဇူလိုင် ၈ ရက်တွင် ဒေါ်လာခြောက်သန်းသာရှိပြီး အခြားရက်များတွင် ရောင်းချမှုမှာ ဒေါ်လာသုံးသန်းစီသာရှိသည်ကို တွေ့ရသည်။

သြဂုတ်လတွင် ရောင်းချမှုအမြင့်ဆုံးရက်မှာ သြဂုတ် ၂၃ ရက်တွင် ဒေါ်လာ ၁၀ သန်းဖြစ်ပြီး အခြားရက်များတွင် ဒေါ်လာသုံးသန်းနှင့် ငါးသန်းကြားသာ ရောင်းချခဲ့သည်။

စက်တင်ဘာလတွင်မူ ဒေါ်လာရောင်းချမှု အမြင့်ဆုံးစံချိန်ဖြစ်လာသည်ကို တွေ့ရသည်။ ယင်းလအတွင်း ဒေါ်လာရောင်းချမှုမှာ ငါးကြိမ်သာရှိသော်လည်း ဒေါ်လာရောင်းချခဲ့သည့် အရေအတွက်မှာ ၆၃ သန်းအထိရှိခဲ့သည်။ ယင်းငါးရက်အတွင်း တစ်ရက်လျှင် ပျမ်းမျှဒေါ်လာ အနည်းဆုံး ၁၀ သန်းကျော် ရောင်းချခဲ့သည်ကို ဗဟိုဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရောင်းချသည့် စျေးနှုန်းများမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၇၀၀ အထိသာ ရှိခဲ့သော်လည်း ယင်းကာလများမှာကတည်းက ပြင်ပဒေါ်လာပေါက်စျေးမှာ ၂၀၀၀ နီးပါးသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ဒေါ်လာစျေးက မည်မျှအထိ မြင့်တက်လာသလဲ

နိုင်ငံရေးအပြောင်းအလဲမရှိမီ အချိန်က ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာ ၁၃၅၅ ကျပ်သာရှိခဲ့သော်လည်း ရှစ်လတာကာလအတွင်း ဒေါ်လာနှင့် ကျပ်ငွေလဲလှယ်နှုန်းမှာ ရုတ်ခြည်းမြင့်တက်လာသည်ဟု ဆိုရမည်ဖြစ်သည်။

အောက်တိုဘာ ၂ ရက် ပြင်ပပေါက်စျေးအရ တစ်ဒေါ်လာလျှင် ကျပ် ၂၄၀၀ နှင့် ၂၅၀၀ ကြားရှိသည်။

နိုင်ငံရေးအပြောင်းအလဲ မဖြစ်မီက ငွေလဲစျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကျပ်တစ်ထောင်ကျော် မြင့်တက်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျလာသည့် အကြောင်းရင်းမှာ ဒေါ်လာစျေး မြင့်တက်လာရသည့် အခြေခံအချက်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

“အဓိက အရွက်စျေးတက်တယ်ဆိုတည်းကိုက ပြည်သူတွေက ဒေါ်လာကို ဝယ်စုတယ်ဆိုတဲ့ သဘောပေါ့။ တကယ်တမ်း Trade Deficit ဆိုရင် Export Earning က တက်ရမှာပေါ့။ အခုက အရွက်ဝယ်ပြီးတော့ ဘာမှတော့ လုပ်လို့မရဘူး။ အခုဆိုရင် Export Earning နဲ့ အရွက်ကြားမှာ ၃၀၀ လောက် ကွာသွားပြီပေါ့။ အရင်က သိပ်မကွာဘူး။ အခြေခံအကြောင်းရင်းကတော့ Trade Deficit ထက်စာရင် လူတွေရဲ့ မြန်မာငွေအပေါ် ယုံကြည်မှုလျော့ကျတာက အဓိကအချက်လို့ မြင်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ဗဟိုဘဏ်နှင့် တာဝန်ရှိသူများက ဒေါ်လာစျေးကွက်အတွင်း ငွေကစားသူများရှိသည်ဟု သုံးသပ်မှုများရှိနေပြီး တာဝန်ရှိသူများက စျေးကစားသူများကို ထိန်းသိမ်းထားခြင်းများ ရှိခဲ့သည်။ ယင်းကာလမှာ ဒေါ်လာလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၆၀၀ အထိရောက်ရှိနေသည်။ ယင်းသို့ ထိန်းသိမ်းထားသည်ဟု ဆိုသော်လည်း ဒေါ်လာလဲနှုန်းမှာ အမြင့်ဆုံးသို့ တက်သွားခဲ့သည်ဟု ငွေကြေးစျေးကွက်အတွင်းမှ သိရသည်။

“သူတို့ကို မထိန်းခင်က ၁၆၀၀ ဖြစ်တယ်။ ထိန်းပြီးမှ ၂၆၀၀ ဖြစ်သွားတယ်။ အဲဒီတော့ စျေးကစားတယ်ဆိုတာလည်း မဟုတ်ဘူး။ ကျွန်တော် မြင်တာကတော့ လူတော်တော်များများရဲ့ ယုံကြည်ချက်ကတော့ ငွေတန်ဖိုးကျမယ်ဆိုတာကိုသိတဲ့အတွက်ကြောင့် လူတော်တော်များများကိုက ဒေါ်လာကိုဘယ်စျေးဖြစ်ဖြစ် ဝယ်ဆိုတာ ဖြစ်နေတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ဒေါ်လာကိုမှီပြီး စျေးတက်လာသည့် ရွှေစျေး

ဒေါ်လာစျေးတက်လာသည့် အချိန်တွင် ပြည်တွင်း ရွှေစျေးကွက်တွင်လည်း စျေးနှုန်းများ ခုန်တက်လာခဲ့သည်ကို တွေ့ရသည်။

ဒေါ်လာစျေးနှုန်း အမြင့်ဆုံးဖြစ်ခဲ့သည့် စက်တင်ဘာ ၂၇ ရက်တွင် ရွှေစျေးနှုန်းမှာ အကယ်ဒမီ ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၂ သိန်း ငါးသောင်းသို့ မြင့်တက်ခဲ့သည်။

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ်ရှစ်သိန်းဝန်းကျင်တွင်ရှိရာမှာ အမြင့်ဆုံးသို့ ခုန်တက်လာခဲ့သည်ကို တွေ့ရသည်။

နိုင်ငံရေးအပြောင်းအလဲမဖြစ်မီ ဇန်နဝါရီလအထိ မြန်မာ့ရွှေစျေးမှာ ကျပ် ၁၄ သိန်း ဝန်းကျင်တွင်ရှိနေရာမှာ ရှစ်လခန့်အကြာတွင် ကျပ်ရှစ်သိန်းကျော်အထိ မြင့်တက်ခဲ့သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်၊၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိရှိခဲ့သည်။

မြန်မာ့ရွှေစျေး မြင့်တက်နေသည့်အချိန်တွင် ကမ္ဘာ့ရွှေစျေးမှာ အကျဘက်သို့ ရောက်ရှိခဲ့သည့် အချိန်များလည်းရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘာ့ရွှေစျေးမှာ ဒေါ်လာ ၁၇၅၆ ဝန်းကျင်တွင်ရှိခဲ့သည်ကို တွေ့ရသည်။

ပြည်တွင်းရွှေစျေး ရုတ်ခြည်းမြင့်တက်လာရခြင်းမှာ အကြောင်းနှစ်ခုကြောင့် ဖြစ်သည်ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

“အဓိကက ဒေါ်လာစျေးက တက်တာလည်းပါသလို လူတွေက ရွှေဝယ်စုတာလည်း ပါတယ်။ အဲဒီနှစ်ချက်ကြောင့် ရွှေစျေးတက်သွားတာ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

ရွှေစျေးကွက်အတွင်း ရွှေကစားသူအချို့ကြောင့် စျေးမြင့်တက်မှုများ ရှိခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိနေပြီး ယင်းအချက်နှင့် ပတ်သက်ပြီး အတည်မပြုနိုင်ခဲ့ပေ။

ယင်းသို့ ရွှေစျေးနှုန်းမှာ ဖြစ်သင့်သည့်စျေးထက် မြင့်တက်နေသဖြင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ကြီးကြပ်ပြီး ရွှေစျေးကွက်အတွင်း ရွှေဆိုင်များက ရွှေများရောင်းချပေးရန် စီစဉ်ခဲ့သည်။

ရန်ကုန်ရွှေစျေးကွက်၏ ဝယ်လိုအား ရောင်းလိုအား အခြေအနေများအရ ပုံမှန်တစ်ရက်လျှင် ပိဿာ ၅၀ နှင့် ၁၀၀ အကြားရှိပြီး အရောင်းအဝယ်ပါးသည့်နေ့တွင် ပိဿာ ၂၀ နှင့် ၂၅ ပိဿာကြားတွင်ရှိသည်။

ရွှေစျေးအမြင့်ဆုံးရောက်ရှိပြီး နောက်တစ်ရက်တွင် ရွှေဆိုင်များမှာ စျေးကွက်အတွင်းသို့ ရွှေပိဿာချိန် ၅၀ ရောင်းချပေးခဲ့ရာ ယင်းနေ့တွင် ရွှေစျေးနှုန်းမှာ ပြုတ်ကျခဲ့သည်ဟုဆိုရမည် ဖြစ်သည်။

လက်ရှိ အောက်တိုဘာ ၂ ရက်တွင် ရွှေစျေးနှုန်းမှာ ကျပ်သိန်း နှစ်ဆယ်တစ်သောင်းငါးထောင်အထိသို့ ပြန်လည်ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။

လူအများ၏ စိုးရိမ်စိတ်ကြောင့် ရွှေစျေးနှုန်းမှာ အမြင့်ဆုံးရောက်ရှိပြီးနောက်တွင် စျေးနှုန်းမှာ ပြန်လည်ကျဆင်းနိုင်ပြီး ဝယ်လိုအားလည်း ပြန်လည်လျော့နည်းနိုင်သည်ဟု ရွှေစျေးကွက်ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။

“စိုးရိမ်စိတ်ကြောင့် ဝယ်တဲ့သူတွေတော့ နည်းသွားတယ်။ စျေးကလည်း ကျသွားတယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရိုက်ချက်ပြင်းခဲ့သည့် ရွှေနှင့် ဒေါ်လာကို မည်သို့ထိန်းချုပ်မည်နည်း

စက်တင်ဘာလကုန်ပိုင်းတွင် ဒေါ်လာစျေးရုတ်တရက် မြင့်တက်လာမှုကြောင့် ရွှေစျေးမှာလည်း မြင့်တက်လာခဲ့သည်။

ယင်းနှစ်ခု စျေးမြင့်တက်လာသဖြင့် ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများလည်း မြင့်တက်လာခဲ့ပြီး လူအများသုံးစွဲနေသည့် စက်သုံးဆီစျေးနှုန်းမှာလည်း မြင့်တက်လာခဲ့သည်။

ဒေါ်လာစျေးမြင့်တက်ရခြင်းကို ထိန်းချုပ်ရန် ဗဟိုဘဏ်ကလိုအပ်သည့် အစီအမံများကို ဆောင်ရွက်သင့်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ထောက်ပြသည်။

“ဒေါ်လာဆို ဝယ်ချင်တဲ့သူက တစ်သိန်းလောက်ရှိတယ်။ အဲဒီကမှ သုံးယောက်လောက်ပဲ ဝယ်လို့ရသွားတယ်။ တခြားလူက ဝယ်မရတဲ့အတွက် စျေးကိုပိုပေးနေရတယ်။ လက်ရှိဖြစ်နေတာက အဲဒီပုံစံ။ ကျွန်တော်မြင်တာကတော့ လက်ရှိရောင်းနေတဲ့ပုံစံက နည်းနည်းလွဲနေသလားလို့။ ကုန်သာကုန်တယ်။ သမင်မွေးရင်း ကျားစားရင်းဖြစ်နေသလိုပဲ။ ဗဟိုဘဏ်က ရောင်းလိုက်တဲ့ ပိုက်ဆံသာကုန်သွားတယ်။ စျေးကမကျဘူး။ သူလည်းကြာရင် ဒေါ်လာကုန်သွားမယ်။ ပေါပေါများများရှိတယ် လုံလုံလောက်လောက်ရှိတယ်ဆိုရင် ဒေါ်လာတို့ ရွှေတို့ကို ဒီထက်ကျယ်ကျယ်ပြန့်ပြန့် ရောင်းသင့်တယ်။ ဗဟိုဘဏ်မှာ ဒေါ်လာဘီလျံနဲ့ချီရှိတယ်။ ရွှေကို ပိဿာနဲ့ချီရှိတယ်ဆိုမှ ဒီရောဂါကပျောက်မှာ။ နို့မို့ရင်တော့ အခုလိုကျိတ်ရောင်းရင် ကိုယ့်မှာရှိတဲ့ရွှေနဲ့ ဒေါ်လာပဲ ကုန်သွားမယ်။ ဘာမှ Effect ဖြစ်လာနိုင်မှာ မဟုတ်ဘူး” ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

အဓိကအချက်အနေဖြင့် လူအများ၏ စိုးရိမ်စိတ်ပျောက်ရန် ကုစားပေးရမည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်မှသာ ပြေလည်မည်ဖြစ်သည်။

ငွေကြေးအကျပ်အတည်း ဖြစ်လာရသည့် အကြောင်းအရာများတွင် ဗဟိုဘဏ်၏ မူဝါဒများမှသည် စျေးကစားခြင်းသက်သက်အထိ အကြောင်းအရာများစွာပါဝင်ပြီး ကြိုတင်ခန့်မှန်းနိုင်ရန်လည်း ခက်ခဲတတ်သည်။ အတိတ်၌ ဖြစ်ပေါ်ခဲ့သည့် ငွေကြေးအကျပ်အတည်း ဖြစ်စေသော အဓိကအကြောင်းရင်းမှာ ပြင်ပ၌ဖြစ်ပေါ်နေသော ငွေလဲလှယ်နှုန်းကို နှုန်းရှင်မျှောခြင်းနှင့်အညီ ရည်ညွှန်းငွေလဲလှယ်နှုန်းကို ကန့်သတ်ထားမှုကို ထိန်းထားရန် ဗဟိုဘဏ်က ပျက်ကွက်ခြင်းဖြစ်သည်။

ငွေကြေးအကျပ်အတည်းတစ်ရပ်ကို အကောင်းဆုံးဖြေရှင်းရန်သည် ပထမအဆင့်မှာပင် ကာကွယ်ရေး နည်းလမ်းများအားဖြင့် ရှောင်ရှားရန်ဖြစ်သည်။ ဗဟိုဘဏ်များက စျေးကွက်ကိုတိုက်ရမည့် ရည်ညွှန်းငွေလဲလှယ်နှုန်း ကန့်သတ်ထားမှုနှင့် ဆန့်ကျင်လျက် စျေးကွက်က အမြဲတမ်း စျေးနှုန်းသတ်မှတ်သည်ဟူသည့်အချက်ကို သေချာစေခြင်းဖြင့် ငွေလဲလှယ်နှုန်းကို နှုန်းရှင်မျှောခြင်းက ငွေကြေးအကျပ်အတည်းကို ရှောင်ရှားမှုဆီသို့ ဦးတည်သွားစေနိုင်သည်။

ငွေကြေးအကျပ်အတည်းတစ်ရပ်သည် နိုင်ငံတစ်နိုင်ငံအား နိုင်ငံရေးအကျပ်အတည်း တစ်ရပ်ဆီသို့ ဦးတည်သွားစေနိုင်သောကြောင့် ငွေကြေးအကျပ်အတည်းကို ဖြေရှင်းရေးအတွက် ထိရောက်သော နည်းလမ်းများကို အမြန်ဆုံး ရှာဖွေနိုင်ရန် လိုအပ်မည်ဖြစ်သည်။   

Most Read

Most Recent