တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာ့ငွေစျေး၊ ဆီစျေးဂယက်

တရုတ်နယ်စပ်ကုန်သွယ်ရေးနှင့် မြန်မာ့ငွေစျေး၊ ဆီစျေးဂယက်
Published 3 October 2021
​​​​​​​ပြည့်စုံ (မူဆယ်)

တရုတ်နယ်စပ် ကြယ်ဂေါင်ကို စီးပွားရေးအဆင့်မြှင့်တင်ဖို့ အကြောင်းပြကာ တရုတ်-မြန်မာ ကုန်လမ်း သွင်းကုန်ထုတ်ကုန် အထူဒေသအဖြစ် စီမံဆောင်ရွက်မည့် အစီရင်ခံစာမူကြမ်းတစ်စောင် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့သည်။

သမ္မတရှီကျင့်ဖင်ထံ ကြယ်ဂေါင်စီမံကိန်းအတွက် ထိုအစီရင်ခံစာမူကြမ်းတွင် ကြယ်ဂေါင်နယ်စပ် ကုန်သွယ်ရေးမြေဧရိယာ မှာ ၂ ဒသမ ၄ စတုရန်းကီလိုမီတာရှိပြီး လက်ရှိ အသုံးပြုမြေဧရိယာမှာ ၁ ဒသမ ၉၂ စတု ရန်းကီလိုမီတာ ရှိသည်။

ကြယ်ဂေါင်မြို့ကို အုပ်ချုပ်မှုအဆင့်မြှင့်တင်ခြင်း၊ မြို့ပြအဆင့်မြှင့်တင်ခြင်း၊ ကြယ်ဂေါင်မြို့ကို အဆင့်မြင့်အရေအသွေးမြှင့်ကုန်သွယ်ရေးစင်တာဖြစ်မြောက်ရေး စသည်တို့ ပါရှိပြီး တရုတ်-မြန်မာ ကုန်လမ်း သွင်းကုန် ထုတ်ကုန် အထူးဒေသအဖြစ် စီမံဆောင်ရွက်မည်ဖြစ်သည်ဟု ပါရှိသည်။

ထိုအစီရင်ခံစာ မူကြမ်းတွင် မြန်မာနိုင်ငံ နှင့် မဟာဗျူဟာကျသော စီပွားရေးစင်္ကြံလမ်း ကြောင်းတစ်ခုပါရှိသည်။ မြန်မာနိုင်ငံအတွင်း လိုအပ်သော စီးပွားရေးဆိုင်ရာအဆောက် အအုံများ တည်ဆောက်ခြင်းနှင့် မြဝတီနယ် စပ်တို့ကို အလေးပေးဖော်ပြထားသည်။

ထိုအစီအရင်ခံစာမူကြမ်းသည် တရုတ်ပြည်အမျိုးသားနေ့တွင် သမ္မတရှီကျင့်ဖင်ထံ တင်သွင်းမည့် အစီရင်ခံစာ ဖြစ်ဖို့များသည်ဟု သုံးသပ်မှုများရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံ ခေါင်းဆောင်များနှင့် တိုင်းသူပြည်သားများ က ၎င်းတို့နိုင်ငံတိုးတက်ကောင်းမွန်အောင်  စိတ်စေတနာရှိရှိ လုပ်ဆောင်နေကြသည်မှာ မုဒိတာပွားစရာပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် ပထဝီဝင် အခြေအနေအရ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါ က အားသာချက်များစွာရှိနေသည်။ မြန်မာနိုင်ငံသည် လူဦးရေ သန်းထောင်ကျော်ရှိသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ နှစ်နိုင်ငံ တို့ဖြင့် နယ်နိမိတ်ချင်းထိစပ်နေသည့်အပြင် လူဦးရေ သန်းရာကျော်ရှိသော အာဆီယံ နိုင်ငံများ၏ ပေါင်းကူးသဖွယ်ဖြစ်ပေါ်နေသော အချက်အချာ မဟာဗျူဟာကျသောနေ ရာတွင်ရှိပြီး သဘာဝသယံဇာတထွက်ရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လူသားအရင်းအမြစ်များစွာ ပေါများသောနိုင်ငံဖြစ်သည်။

ထိုသို့သော ရေခံမြေခံကောင်းများရှိနေသော မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မှ စတင်၍ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ် ပွားခဲ့သည့် Corona Virus ကမ္ဘာ့ကပ်ရောဂါ သည် မြန်မာ့လူမှုစီးပွားရေးများကို ထိခိုက်စေ ခဲ့သည်။

ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ၏ လက်ရှိ ပကတိ ပထဝီနိုင်ငံရေးအခြေအနေများက မြန်မာ့လူမှုစီးပွားဘဝကို ထပ်မံ ထိုးကျစေခဲ့ သည်။

အာရှဖွံ့ဖြိုးရေးဘဏ် (ADG) က ထုတ်ပြန်သော မြန်မာနိုင်ငံ၏ ၂၀၂၁ GDP ညွှန်းကိန်းမှာ ၁၈ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ကျရောက်ရှိနေကြောင်း အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားသည်။

ထိုသို့ ကျဆင်းနေရသည့်အကြောင်းအရာများထဲမှ မြန်မာနိုင်ငံ၏ အဓိက နယ်စပ် ဖြတ်ကျော် ကုန်သွယ်မှုပြုလုပ်ရာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တုံ့ဆိုင်းရပ်တန့် နေရမှုကလည်း အကြောင်းအရာတစ်ခုဖြစ်သည်။

တရုတ်နိုင်ငံဘက်က တရုတ်- မြန်မာ နယ်စပ်များ၌ COVID-19 ရောဂါ ကူးစက် တွေ့ရှိမှုကိုအကြောင်းပြ၍ နယ်စပ်ဂိတ် ပေါက်များ ပိတ်ထားခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန် ချက်အရ မြန်မာနိုင်ငံဘက်က ပို့ကုန်ဝင်ငွေ ၅၅၅ သန်းကျော် ထိခိုက်နစ်နာခဲ့ရသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုပြု လုပ်ရာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီးနှင့် ကျိုင်းတုံတို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက် ၂၀၂၀ ပြည့်နှစ်မှ စက်တင်ဘာလ ၁၇ ရက် ၂၀၂၁ ခုနှစ်အတွင်း ပို့ကုန် အမေရိကန်ဒေါ် လာ ၃၂၂၆ ဒသမ ၁၀၂သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၃၁၀ ဒသမ ၈၉၁ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ် လာ ၄၅၃၆ ဒသမ ၉၉၃ သန်းရှိခဲ့ရာ ယခင် ကာလတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက် တိုဘာလ ၁ ရက် ၂၀၁၉ ခုနှစ်မှ စက်တင်ဘာ ၁၇ ရက် ၂၀၂၀ ခုနှစ်အတွင်းက ပို့ကုန် အမေ ရိကန်ဒေါ်လာ ၃၇၈၁ ဒသမ ၄၂၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၉၅၈ ဒသမ ၁၆၃ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၅၇၃၉ ဒသမ ၅၈၄ သန်းရရှိခဲ့သည်။  

ဘဏ္ဍာနှစ် နှစ်နှစ် ကုန်သွယ်မှုကာလတူ ကာလတူနှိုင်းယှဉ်ချက်အရ ပို့ကုန် အပိုင်း တွင် အမေရိကန်ဒေါ်လာ ၅၅၅ ဒသမ ၃၁၉ သန်း လျော့ကျခဲ့ပြီး သွင်းကုန်အပိုင်း၌လည်း အမေရိကန်ဒေါ်လာ ၆၄၇ ဒသမ ၂၇၂ သန်း လျော့ကျခဲ့ရာ ကုန်သွယ်မှုပမာဏ ၁၂၀၂ ဒသမ ၅၉၁ သန်း လျော့ကျခဲ့သည်။

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက် ၂၀၂၀ ခုနှစ်မှ စက်တင်ဘာ ၁၇ ရက် ၂၀၂၁ ခုနစ် အတွင်း ပို့ကုန် အမေရိကန် ဒေါ်လာ ၂၄၂၅ ဒသမ ၁၄၆ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၁၆၀ ဒသမ ၄၃၅ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ် လာ ၃၅၈၅ ဒသမ ၅၈၁ သန်းရှိခဲ့ရာ ယခင် ကာလတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက် တိုဘာ ၁ ရက် ၂၀၁၉ ခုနှစ်မှ စက်တင်ဘာ ၁၇ ရက် ၂၀၂၀ ပြည့်နှစ်အတွင်းက ပို့ကုန် အမေရိကန်ဒေါ်လာ ၂၉၉၁ ဒသမ  ၆၀၃ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၇၉၀ ဒသမ ၀၄၅ သန်း၊ ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၄၇၈၁ ဒသမ ၆၄၈ သန်းရရှိခဲ့ သည်။  

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဘဏ္ဍာနှစ် နှစ်နှစ် ကုန်သွယ်မှုကာလတူ နှိုင်း ယှဉ်ပါက ပို့ကုန်အပိုင်းတွင် အမေရိကန်ဒေါ် လာ ၅၆၆ ဒသမ  ၄၅၇ သန်း လျော့ကျခဲ့ပြီး သွင်းကုန်အပိုင်း၌လည်းအမေရိကန်ဒေါ်လာ ၆၂၉ ဒသမ ၆၁၀ သန်း လျော့ကျခဲ့ရာ ကုန်သွယ်မှုပမာဏ ၁၁၉၆ ဒသမ ၀၆၇ သန်း လျော့ကျခဲ့သည်။

မြန်မာနိုင်ငံ၏ နယ်စပ်ဖြတ်‌ကျော် ကုန် သွယ်မှုတွင် မူဆယ် ၁၀၅ မိုင် စီးပွားရေးဇုန် များမှ နယ်စပ်ပို့ကုန်သွင်းကုန် အများဆုံးပြု လုပ်နေခြင်းဖြစ်ရာ ကမ္ဘာ့ကပ်ရောဂါနှင့် မြန်မာနိုင်ငံ လက်ရှိပကတိ ပထဝီနိုင်ငံရေးအခြေအနေများ‌ပေါ်မူတည်၍ တရုတ်ဘက် က မြန်မာနယ်စပ်ဂိတ်များကို အလွယ်တကူ ပြန်လည်ဖွင့်လှစ်ရန်မှာ ကြန့်ကြာနေဦး မည်ဖြစ်သည်။

ထိုသို့ တရုတ်- မြန်မာ နယ်စပ်ဂိတ်များ ကို ပိတ်ထားချိန်အတွင်း မြန်မာကုန်သည် များ၏ ဘဝများစွာဆုံးရှုံးနစ်နာခဲ့ရသည်။

 “ကျွန်တော်တို့ အရင်ကဆို ကုန်ပစ္စည်း မှာဖို့ အထုပ်တစ်ထုပ်ကို သယ်ယူခက မြန်မာ ငွေ နှစ်ထောင်၊ သုံးထောင်ကျပ်ပဲပေးရတာ။ အခုလက်ရှိ အထုပ်တစ်ထုပ်အတွက် တရုတ် ယွမ်ငွေ သုံး၊ လေး၊ ငါးရာပေးရတယ်။မြန်မာ ငွေနဲ့ဆို တစ်သိန်းနီးပါးကနေ တစ်သိန်းကျော် အထိပေးရတယ်။ ဂိတ်မပိတ်ခင်ရက်ပိုင်း အလိုက ရန်ကုန်-မန္တလေးက ကုန်အမှာတွေ ကားတင်ပြီးသားတွေ ထွက်ခွင့်မရတော့ ကုန် မှာတဲ့သူနဲ့ မျက်နှာပျက်ရတယ်။ နောက် အဆိုးဆုံးက မန်းဝန်းပေါက်ကထွက်ရမလား။ ကျင်ဆန်းကျော့ကထွက်ရမလား။ လွယ် ကျယ်ကထွက်ရမလား။ ချင်းရွှေဟော်က ထွက်ရမလား။ ရန်လုံကြိုင်းကပဲ ထွက်ရမ လားဆိုပြီး ပြောင်းပြောင်း သယ်ရာကနေ ပစ္စည်းဆုံးရှုံးတာ‌တွေဖြစ်တော့ ငွေရော ဂုဏ် သိက္ခာရော ဆုံးရှုံးမှုကများလာတယ်ဟု  မူဆယ်စီးပွားရေးလုပ်ငန်ရှင်တစ်ဦးဖြစ်သည့်ကိုဇေက ပြောကြားသည်။

နောက်ဆက်တွဲ ဂယက်တစ်ခုမှာ မြန် မာငွေစျေးကျဆင်းနေသော ငွေစျေးလဲလှယ် နှုန်းက ကုန်သည်လုပ်ငန်းရှင်များအတွက် သာမက စားသုံးသူပြည်သူအထိ ထိခိုက်နစ် နာရသည်။

အောက်တိုဘာ ၁ ရက်၌ ပြင်ပပေါက်စျေး အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ် ငွေ ၂၁၆၅ ကျပ်ဖြစ်ချိန်တွင် မူဆယ်နယ်စပ် တရုတ်ယွမ်ငွေ လဲလှယ်နှုန်းမှာ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် ကျပ် ၃၃၀ ပေါက်စျေးရှိနေ ပြီး ထိုင်းငွေတစ်ဘတ်လျှင် ၆၀ ကျပ်ရှိနေရာ မြန်မာကျပ်ငွေတန်ဖိုးမှာ ဆယ်စုနှစ်အတွင်း စံချိန်တင် ကျင်းဆင်းနေခြင်းကြောင့် ကုန် သည်များ နေ့စဉ်ဆုံးရှုံးမှုများ ကြုံနေရသကဲ့ သို့ စားသုံးသူပြည်သူများလည်း စျေးကြီးပေး ဝယ်နေရသည်။

 “ဒီကာလမှာ စီးပွားရှာသူတိုင်း ကြုံ တွေ့နေရတာက မြန်မာငွေစျေး အကျကြမ်း တော့ ပစ္စည်းတစ်ခုကို တစ်သိန်းနဲ့ ဝယ်တယ် ဆိုပါစို့။ အဲဒီဝယ်တဲ့အချိန်က ငွေစျေးနဲ့ဝယ် တယ်။ ပြန်ရောင်းတော့ မြတ်မယ်ထင်တယ်။နောက် အဲဒီပစ္စည်းကို ထပ်ဝယ်တော့ အဲဒီ စျေးနဲ့မရဘူး။ မြန်မာငွေစျေးတွေကျပြီး တရုတ်ငွေစျေးတက်တော့ အိတ်စိုက်ပြန်ရ တယ် ဒီလိုနဲ့ မခန့်မှန်းနိုင်တဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေ တန်ဖိုးကျ တော့  မြတ်မလိုနဲ့ တစ်ခေါက်ပြီးတစ်ခေါက်အရှုံးချည်းပဲဖြစ်နေတယ်။ ဆိုင်လခ၊ ဝန် ထမ်းခတွေက လစဉ်စိုက်နေရတာ သိန်း ဆယ်ချီတယ်။ ဒီလိုတွေဆုံးရှုံးမှုတွေကြုံနေရသော်လည်း ငုတ်တုတ်ထိုင်နေလို့လည်း မဖြစ်တော့ ရှာနေရတုန်းပါပဲဟု စိုင်းဇေဦး က ပြောကြားသည်။

နိုင်ငံနှင့်အဝန်း စက်သုံးဆီစျေးများ မြင့်မားနေချိန်တွင် စီးပွားကူးသန်းဝန်ကြီး ဌာန နှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့် ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှု ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်း ဗဟို ဘဏ်က ရည်ညွှန်းငွေလွှဲနှုန်းဖြင့် တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူ တင်သွင်းခဲ့သည့် စက်သုံးဆီများကို ဗျငေ နညနမါပ စက်သုံးဆီဆိုင်က ၉၂ ျွသည တစ်လီ တာ ၁၂၇၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၁၉၇ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင်  ၁၂၀၄ကျပ်ဖြင့် ရောင်းချပေးနေသည်။

စားသုံးသူရေးရာဦးစီးဌာနက ၎င်းတို့သက်မှတ်ထားသော စျေးနှုန်းအတိုင်း ရောင်းချနေခြင်းမရှိပါက ရှမ်းပြည်နယ် (မြောက်ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးသို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသော် လည်း မူဆယ်နယ်စပ်မြို့တွင် စက်သုံးဆီစျေး နှုန်းများလည်း မြင့်တက်လျက်ရှိပြီး ၉၂ တစ် လီတာ ၁၇၂၅ ကျပ်၊  ၉၅ တစ်လီတာကို ၁၇၈၅ ကျပ်၊ ဒီဇယ် တစ်လီတာ ၁၆၉၀၊ ပရီမီ ယံဒီဇယ် တစ်လီတာကို ၁၇၀၀ ကျပ် စျေးဖြစ် ပေါ်နေရာ တစ်ဆိုင်နှင့်တစ်ဆိုင်အနည်းငယ် ကွာခြားလျက်ရှိသည်။

စက်သုံးဆီစျေးနှုန်း မြင့်တက်မှုနှင့် မြန် မာငွေကျပ်‌ငွေတန်ဖိုး ထိုးကျ‌နေမှုအပါအဝင် တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်း ကြောင့် မူဆယ်မြို့အပါအဝင် တစ်နိုင်ငံလုံး၌  ဆန်မှလွဲရင် သုံးဆနီးပါး စျေးတက်သွားပြီး တရုတ်ထုတ်ကုန်ပစ္စည်းများ ပြတ်လပ်သည် အထိ စျေးကွက်အတွင်း ဖြစ်ပေါ်နေသည်။

ဘာမှမကြည့်နဲ့ဗျာ။ တရုတ်ဂက်စ်မီး ခြစ်အရင်က ၁၅၀ ကျပ်၊ အခု ၅၀၀ ကျပ် ဖြစ်သွားတယ်။စက်သုံးဆီစျေးတင်မဟုတ်ဘူး။ စားသုံး‌စျေးလည်းတက်သွားတယ်။ စားဆီ‌စျေးနှုန်းက နှစ်လပိုင်းက‌တော့ တစ်ပိဿာကို နှစ်ထောင်ကျော်ပဲရှိရာကနေ အခု တစ်ပိဿာကို ၅၅၀၀ လောက်ဖြစ်သွားပြီ။ စက်သုံးဆီစျေးနှုန်း မြင့်တက်တဲ့အတွက် သယ်ယူစားရိတ်မှာလည်း တစ်တန်ကို ၁၄၀၀၀ ကျပ် တက်သွားတယ်။ စားသောက် ကုန်ခြောက်တွေလည်းစျေးတက်တယ်။ ခေါက်ဆွဲခြောက်တစ်ဖာကို ၅၀၀၀ ကျော် တက်သွားတယ်။ သကြားက တစ်အိတ်ကို နှစ်သောင်းကျော်လောက် တက်သွားတယ်။ ငွေလဲမှုစျေးနှုန်းနဲ့ စက်သုံးဆီစျေးနှုန်း ပြန် တည်ငြိမ်ဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင် အခြေ ခံလူတန်းစားတွေ အခက်အခဲမျိုးစုံဖြစ်ပေါ် လာနိုင်တယ်။ ကုန်သည်တွေလည်းရောင်းရှုံး ဖြစ်ပြီး ပင်ပန်းတာပဲ အဖတ်တင်မှာပဲဟု မူဆယ်မြို့ရှိ ကုန်မျိုးစုံ လက်လီလက်ကား ရောင်းဝယ်ပြုလုပ်နေသူ ကိုချိုအေးက ပြော ကြားသည်။

ထိုသို့သော အကြောင်းအရာများ အပေါ် စီးပွားရေးလုပ်ငန်းရှင်များက သိရှိနားလည်ရန်လိုအပ်ပြီး မိမိစီးပွားရေးဝမ်းစာ တတ်သိပညာများပြည့်စုံရန် လိုအပ်သကဲ့သို့  နိုင်ငံခြားသွင်းကုန်အင်အားစုများ လျော့ကျ လာအောင် နိုင်ငံအတွင်းရှိ တတ်သိပညာရှင် များကို အားကိုး၍ ကုန်ထုတ်လုပ်ငန်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပြည် သူ ၅၅ သန်းကျော်၏ လူမှုစီးပွားတိုးတက်စေ ရန် စေတနာ အနစ်နာခံရန်လည်း လိုအပ်နေ သည်။

တရုတ်နိုင်ငံက ဒေသတွင်း တည်ငြိမ် အေးချမ်းမှုနှင့် ဒေသတွင်း အောင်မြင်တိုးတက်မှု ဖော်ဆောင်လိုလျှင် မြန်မာနိုင်ငံကို ကူညီရမည်ဖြစ်သည်။ ထိုသို့ကူညီမှသာလျှင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကုန်တွင်း ပိတ်ပြည်နယ်များနှင့် မြန်မာနိုင်ငံတို့၏ စီး ပွားကူးသန်းရောင်းဝယ်မှုမှာ အစဉ်အဆက် ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်ရာ ယခုလို COVID-19 ကပ်ရောဂါ အကြောင်းပြ ချက်ဖြင့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များ ပိတ်ထားခြင်းမပြုဘဲ ကုန်စည်စီးဆင်းမှု လျင် မြန်သွက်လက်စေရန်အလို့ငှာ နည်းလမ်းရှာ ဖွေလုပ်ဆောင်ခြင်းကသာ နှစ်နိုင်ငံလူမှုစီး ပွားဘဝကို အထောက်အကူပြုစေမှာဖြစ် သည်။

နှစ်နိုင်ငံ လူမှုစီးပွားဘဝကိုအထောက်အကူပြုစေရန် မြန်မာနိုင်ငံဘက်ကလည်း COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်မှု အခြေအနေနှင့် မြန်မာနိုင်ငံ၏ လက်ရှိ ပကတိ ပထဝီနိုင်ငံရေးအခြေအနေများ အမြန်ဆုံး ပြန်လည်ကောင်းမွန်စေရန် သက်ဆိုင်ရာ အစုအဖွဲ့များက မြန်မာနိုင်ငံသား ၅၅ သန်းကျော်သော ပြည်သူကိုရှေးရှု၍ စေတနာရှိရှိ ပြန်လည်ဆွေးနွေး၍ အတည်ငြိမ်ဆုံးအခြေအနေဖြစ်စေရန် ပြန်လည်တည် ဆောက်ရမည်ဖြစ်သည်။

Most Read

Most Recent