COVID-19 ရောဂါကြောင့် ယခုနှစ်အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်လေးဆူ ဒေသစာရီကြွချီအပူဇော်ခံပွဲတော် ကျင်းပမည် မဟုတ်ဟုဆို

COVID-19 ရောဂါကြောင့် ယခုနှစ်အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်လေးဆူ ဒေသစာရီကြွချီအပူဇော်ခံပွဲတော် ကျင်းပမည် မဟုတ်ဟုဆို
Published 3 October 2021

COVID-19 ရောဂါအခြေအနေကြောင့် ယခုနှစ်တွင်လည်း အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်လေးဆူဒေသစာရီကြွချီ အပူဇော်ခံပွဲတော်ကျင်းပမည်မဟုတ်ကြောင်း ဖောင်တော်ဦးဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်တွင် ရက်ပေါင်း အရှည်ကြာဆုံးပွဲတော်တစ်ခုဖြစ်သော ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဖောင်တော်ဦး မြတ်စွာဘုရားရုပ်ပွားတော်လေးဆူ ဒေသစာရီကြွချီ အပူဇော်ခံပွဲတော်ကို နှစ်စဉ်သီတင်းကျွတ် လဆန်း ၁ ရက်မှ လပြည့်ကျော် ၃ ရက် အထိ၊ ၁၈ ရက်တိုင်တိုင် အင်းလေးဒေသ ၂၁ ဌာနသို့ ကြွချီလှည့်လည်အပူဇော်ခံလေ့ရှိခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် စတင်ဖြစ်ပွားခဲ့သော COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်တို့တွင် ရိုးရာပွဲတော် ကျင်းပနိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“ဒီနှစ်တော့ ဘုရားပွဲတော်ကျင်းပမှာ မဟုတ်တော့ဘူး။ ထုံးစံအတိုင်းပေါ့ အရင်နှစ်တုန်းကလိုပဲ။ ၁ ရက်နေ့ အင်းတိန်တက်ပြီး ပန်းအိုးဆက်တာပေ့ါ။ အများတော့မဟုတ်ဘူးပေါ့။ အစဉ်အလာ ၊ ရေနွေးရွာလည်း ပါသေးတယ်။ ဆွမ်းတော်ဖောင်နဲ့လာတယ်။ ရေထဲမှာအပေါ်တော့မတက်ဘူးပေါ့။ အင်းတိန်ဘုရားမှာ ဆွမ်းတော်သွားကပ်တာပေါ့။ ကျောင်းတော်ဝင်ပွဲမှာလည်း ရေသာကနေ ဖောင်တော်ဦး၊ အဲဒီကျရင်လည်း ရေသာမှာ သွားပင့်တာပေါ့။ ရိုးရာအစဉ်အလာပေါ့။ ဘုရားတော့ မကြွဘူး၊ ဘုရားစျာန်နဲ့ ကြွနေတယ်လို့ အယူအဆလည်းရှိတာပေ့ါနော်။ ဒါပေမယ့် လုပ်တာလည်း ကုသိုလ်ရတာပေ့ါ။ ကရဝိတ်နဲ့ မဟုတ်ဘူး။ ဆွဲလှေကလူများတော့ လှန်ထားတာပေါ့။ မော်တော်နဲ့ပဲသွားတာ၊ လူနည်းနည်းလောက်ပေါ့။ အောက်တိုဘာလ ၆ ရက် မနက်အစောပိုင်း ဆွမ်းတော်ကပ်တယ်။ အင်းတိန်သွားပြီး ဆွမ်းတော်ကပ်တယ်ဒီလောက်ပဲပေါ့။ လှေပြိုင်ပွဲတွေ ဘာတွေမလုပ်ဘူး။ဖောင်တော်ဦး ဘုရားဖွင့်ထားတယ်။ မနက်ဆိုရင် ၄ နာရီခွဲကနေ အာရုံဆွမ်းကပ်ပြီး၊ ၁၀ နာရီလောက်ဆိုရင်ပိတ်တယ်။ ဘုရားဖူးတွေလည်း ရှိတော့ရှိပေမယ့် ပါးတယ်” ဟု အင်းလေးဖောင်တော်ဦးဘုရား ဂေါပက ဦးထွန်းအောင်က ပြောကြားသည်။

အင်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ပွဲတော်တစ်ခုဖြစ်သော ခြေထောက်ဖြင့်လှော်ခတ်ရသော လှေလှော်ပြိုင်ပွဲကိုလည်း ကျောင်းတော်ဝင်မည့်နေ့ လပြည့်ကျော် ၃ ရက်တွင် ကျင်းပလေ့ရှိခဲ့သော်လည်းကြောင့် COVID-19 ရောဂါကြောင့် ကျင်းပနိုင်ခြင်း မရှိသည်မှာ နှစ်နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

အင်းလေးဒေသ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီတော်မူသည့် ကျေးရွာတစ်လျှောက်တွင် ပွဲများစည်ကားနေပြီး၊ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ လူဦးရေ သိန်းပေါင်းများစွာ လာရောက်ကြသောပွဲလည်း ဖြစ်သည်။

ထို့ပြင် ယခုနှစ် အင်းသားအမျိုးသားနေ့ကို ကျင်းပနိုင်ခြင်း ရှိမရှိ မဆုံးဖြတ်ရသေးကြောင်း၊ ယခင်နှစ်က မိုင်းသောက်ပထမ ကျောင်းတိုက်တွင်အကျဉ်းခြုံး၍ ဆွမ်းကပ်ခြင်းသာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။