စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်

စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်
Published 2 September 2021

စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူသည် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ နိုင်ငံရေးသမားဟောင်း တစ်ဦးလည်းဖြစ်သည့် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူသည် ကွယ်လွန်ချိန်တွင် အသက် ၈၄ နှစ် ရှိပြီဖြစ်ကြောင်း သိရသည်။

စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ “ဘကြီးမိုး (မောင်မိုးသူ) ကျွန်တော်တို့ရဲ့ ဖခင် (၁၉၃၇-၂၀၂၁) သည် ၁.၉.၂၀၂၁ ည ၆ နာရီ ၅၁ မိနစ်တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါကြောင်း ဆွေမျိုး၊ မိတ်ဆွေသင်္ဂါဟ၊ သူငယ်ချင်းများကို ဝမ်းနည်းစွာ အသိပေးအပ်ပါသည်” ဟု သားဖြစ်သူက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားပေးထားသည်။

စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ၏ နာမည်ရင်းမှာ ဦးစိန်မြင့်ဖြစ်ပြီး အဖ သခင်ဗတုတ် အမိ ဒေါ်မြမေတို့က ၁၉၃၇ ခုနှစ်တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် ပညာသင်ကြားစဉ် အချိန်ကတည်းက ကဗျာ၊ ဝတ္တုများ ရေးသားခဲ့ပြီး နောက်ပိုင်းတွင် မိုးဦးပန်းစာပေတိုက်ကို တည်ထောင်ကာ စာအုပ်ထုတ်ဝေခြင်းကို လုပ်ကိုင်ခဲ့သည်။

ဘာသာပြန်စာပေကိုလည်း ရေးခဲ့သူ တစ်ဦးဖြစ်ပြီး မောင်မိုးသူ ကလောင်အမည်ဖြင့် ဘာသာပြန်ဆိုသည့် အိပ်မက်ကုန်သည်၊ အိပ်ဇိုးဒပ် (နိုင်ငံတစ်ခု မွေးဖွားခြင်း)၊ ကျားကုတ်ကျားခဲ ၊ သေနေ့၊ စိတ္တဇ၊ သောကစံအိမ်ကို တံခါးခေါက်သူ၊ သဲကြီးမဲကြီး၊ သူနိုင်ကိုယ်နိုင်၊ အချစ်ပုံပြင်၊ အင်နစ်ဂမာ၊ သက်စွန့်ဆံဖျား၊ စိန်ပီတာဘက်မှလူ စသည့် စာပေလက်ရာများမှာ စာဖတ်ပရိသတ်များအကြား ထင်ရှားခဲ့သည့်အပြင် ရောင်းအားအကောင်းဆုံး စာရင်းဝင် စာအုပ်များလည်း ဖြစ်ခဲ့သည်။ ထို့ပြင် မိုးဝေနှင့် အခြားသော မဂ္ဂဇင်းများတွင် လွယ်အိတ်တစ်လုံးနှင့် ရွာစဉ်လည်၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် စသည့် ပင်တိုင်ဆောင်းပါးများ ရေးသားခဲ့သည်။

ဇာတ်ညွှန်းရေးသူအဖြစ် ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့ပြီးနောက် ကျွန်တော့်နာမည် ကျော်ကျော်၊ မှုန်နံ့သာ ခြယ်ကာသပါလို့၊ လွတ်လပ်မှ အမျှဝေပါ၊ ကျွန်မမှာ ချစ်သူရှိတယ် စသည့် ဇာတ်ကားများကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရရှိခဲ့သူ ဖြစ်သည်။

လက်ရှိအချိန်တွင်လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ကန်တော့ခံ သက်ကြီး အနုပညာရှင် တစ်ဦးလည်း ဖြစ်သည်။

Most Read

Most Recent