ပြည်ထောင်စုစာရင်းစစ်ချုပ်ဟောင်း ဦးမော်သန်း COVID-19 နောက်ဆက်တွဲ ရောဂါဖြင့်ကွယ်လွန်

ပြည်ထောင်စုစာရင်းစစ်ချုပ်ဟောင်း ဦးမော်သန်း COVID-19 နောက်ဆက်တွဲ ရောဂါဖြင့်ကွယ်လွန်
Published 6 August 2021

ပြည်ထောင်စုစာရင်းစစ်ချုပ်ဟောင်း ဦးမော်သန်း COVID-19 နောက်ဆက်တွဲ ရောဂါဖြင့်ကွယ်လွန်ခဲ့ကြောင်း ၎င်း၏မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ အသက် ၈၂ နှစ်အရွယ်ရှိ ဦးမော်သန်းမှာ COVID-19 ကူးစက်ခံရမှုကြောင့် ဆေးရုံတွင် တက်ရောက်ကုသခဲ့ပြီး လွန်ခဲ့သည့် သုံးရက်ခန့်က ဆေးရုံမှ ပြန်ဆင်းလာသူဖြစ်သည်။

" လွန်ခဲ့တဲ့ သုံးရက်ကမှ ဆေးရုံက ဆင်းလာတာ။ ကိုဗစ်က မရှိတော့ဘူး။ အောက်စီဂျင်ကတော့ သိပ်မငြိမ်ဘူး။ မဆုံးခင် မနက်ကတောင် သူ့ခြံအပေါ်ထပ်မှာ လေထွက်ရှုသေးတယ်" ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ်သည့် ဆရာကြီးဦးမော်သန်းမှာ NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ယင်းမတိုင်မီက မီဒီယာများတွင် စီးပွားရေးသုံးသပ်ချက် ဆောင်းပါးများရေးသားခြင်း၊ အင်တာဗျူးများ ဖြေဆိုခြင်းများကို ပြုလုပ်ခဲ့သူဖြစ်သည်။

၁၉၃၉ ခုနှစ်တွင် မွေးဖွားခဲ့သည့် ဆရာကြီး ဦးမော်သန်းမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ရရှိခဲ့ပြီး ပြည်ပတက္ကသိုလ်များတွင် စီးပွားရေးနှင့် သက်ဆိုင်သည့် ဘွဲ့များကို ရရှိခဲ့သူဖြစ်သည်။