Dr.Dre က ဇနီးဟောင်း Nicole Young ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သုံးသန်းခွဲကျော် ထောက်ပံ့ရမည်

Dr.Dre က ဇနီးဟောင်း Nicole Young ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သုံးသန်းခွဲကျော် ထောက်ပံ့ရမည်
Photo: XXL Mag
Photo: XXL Mag
Published 26 July 2021

အသက် ၅၆ နှစ်ရှိပြီဖြစ်သည့် အမေရိကန်ရက်ပါ Dr.Dre သည် သူ၏ဇနီးဟောင်း Nicole Young ကို ထောက်ပံ့ကြေးအဖြစ် တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၉၃,၃၀၆ ပေးသွားရန် တရားရုံးက အမိန့်ချခံထားရသည်။ ထို့ကြောင့် Young အနေဖြင့် တစ်နှစ်စာအတွက် အမေရိကန်ဒေါ်လာ သုံးသန်းခွဲကျော် ရရှိမည်ဖြစ်သည်။

အများစုအတွက် ထိုထောက်ပံ့ကြေးသည် အတော်ပင်များလှပြီဖြစ်သော်လည်း Young အတွက်မူ သူမတောင်းထားသည်ထက် လွန်စွာနည်းနေသည်။ Young က သူမကို တစ်လလျှင် အမေရိကန်ဒေါ်လာနှစ်သန်းပေးရန် ၂၀၂၀ ခုနှစ် စက်တင်ဘာတွင် တောင်းဆိုထားသည်။

ထောက်ပံ့ကြေးအပြင် မာလီဘူနှင့် Pacific Palisades ကမ်းခြေရပ်ကွက်များတွင်ရှိသည့် နေအိမ်များ ကုန်ကျစရိတ်၊ Young ၏ ကျန်းမာရေး အာမခံစရိတ်များကိုလည်း Dr.Dre ကပင် ပေးရမည်ဖြစ်သည်။

သူတို့နှစ်ဦးတွင် အသက် ၂၄ နှစ်အရွယ် သားတစ်ဦးနှင့် ၂၀ အရွယ် သမီးတစ်ဦးရှိပြီး သားသမီးနှစ်ဦးစလုံး အသက်ပြည့်သူများဖြစ်သည့်အတွက် အုပ်ထိန်းခွင့်နှင့် ကလေးထောက်ပံ့ကြေးအတွက် ထည့်စဉ်းစားရန်မလိုပေ။

အိမ်ထောင်သက် ၂၄ နှစ်ကြာလာပြီး နောက် ၂၀၂၀ ခုနှစ် ဇွန်တွင် Young က ကွာရှင်းခွင့် လျှောက်ထားလိုက်သည်။ ခင်ပွန်းသည်က သူမကိုစိတ်ပိုင်းဆိုင်ရာ နှိပ်စက်ရုံမက ကိုယ်ထိလက်ရောက် နှိပ်စက်သည်ဟုလည်း စွပ်စွဲခဲ့သည်။ Dr.Dre ကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ယခုထိလည်း သူတို့နှစ်ဦးကွာရှင်းမည့်ကိစ္စ မပြီးပြတ်သေးပေ။ 

Most Read

Most Recent