ပုံမှန်ပြန်မရောက်သေးတဲ့ ဘဏ်စနစ်နဲ့ ငွေကြေးဈေးကွက်

ပုံမှန်ပြန်မရောက်သေးတဲ့ ဘဏ်စနစ်နဲ့ ငွေကြေးဈေးကွက်
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေသူများအား ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ATM စက်တစ်လုံးရှေ့တွင် ငွေထုတ်ရန်စောင့်ဆိုင်းနေသူများအား ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 27 June 2021
ဇော်မင်းနိုင်

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် လက်ရှိဘဏ်များနှင့် ငွေကြေးစျေးကွက်မှာ ပုံမှန်အခြေအနေသို့ ရောက်ရှိလာခြင်းမရှိသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်များက တညီတညွတ်တည်းပြောကြားသည်။

ဘဏ်များတွင် အကန့်အသတ်ဖြင့်သာ ငွေထုတ်ယူခွင့်ပြုခြင်း၊ လူအများစုအသုံးပြုနေသည့် ATM ကတ်များတွင်လည်း ငွေထုတ်ယူခွင့် ပမာဏကို အကန့်အသတ်ဖြင့်သာ ထုတ်ယူခွင့်ပြုခြင်းများမှာ မြန်မာနိုင်ငံ၏ လက်ရှိငွေကြေးစျေးကွက်အတွင်း ပုံမှန်အခြေအနေမှများစွာကျဆင်းသည့်အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လူတန်းစားပေါင်းစုံ အသုံးပြုနေသည့် ATM ကတ်များမှာ ယခင်ကကန့်သတ်ချက်မရှိ ငွေထုတ်ယူနိုင်ခဲ့သော်လည်း မတ်လလယ်လောက်မှ စတင်ကာ ငွေထုတ်ယူမှုများကို ကန့်သတ်လာခဲ့ခြင်းဖြစ်သည်။

“မတ်လလယ်လောက်မှာ စဖြစ်လာတာ။ အရင်တုန်းက အေးဆေးထုတ်လို့ရသေးတယ်။ ဖေဖော်ဝါရီတုန်းကလည်း အေးဆေးထုတ်လို့ရသေးတယ်” ဟု ATM ကတ်သုံးစွဲသူတစ်ဦးက ပြောကြားသည်။

မတ်လလယ်မှစတင်ကာ ကန့်သတ်ခံခဲ့ရသည့် ATM များတွင် ငွေထုတ်ယူခွင့်မှာ နောက်ပိုင်းတွင် ပိုမိုဆိုးရွားလာခဲ့သည်ဟုဆိုနိုင်ပြီး ငွေထုတ်လိုသူများအနေဖြင့် နံနက် ၄ နာရီမှ စတင်ကာ တန်းစီစောင့်ဆိုင်းရမှုများ ဖြစ်ပေါ်လာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

“မနက် ၄ နာရီလောက်ဆို လာကြည့်ပါလား။ ထိုင်ခုံလေးတွေချထားပြီး နေရာဦးထားကြတာ” ဟု  ပုဂ္ဂလိကဘဏ်တစ်ခု၏ ATM စက်တွင် ငွေထုတ်ယူရန် လာရောက် စောင့်ဆိုင်းရသည့်အခြေအနေကို ငွေထုတ်သူတစ်ဦးက ပြောကြားခဲ့သည်။

ငွေသားလိုအပ်ချက် မြင့်တက်လာသည့်အခြေအနေတွင် ATM များ၌ ငွေထုတ်ယူရခြင်းအပေါ် နေရာဦးပြီး တစ်ဆင့်ပြန်လည်ရောင်းချသည့် ဖြစ်စဉ်များလည်းရှိခဲ့သည်။

ဘဏ်များအနေဖြင့်လည်း ယခင်က ATM စက်များတွင် ငွေထုတ်ယူခွင့်ကို ကန့်သတ်ခဲ့ရာမှ လက်ရှိအခြေအနေတွင် ကမ္ဘောဇဘဏ်မှ ATM ကတ်တစ်ခုလျှင် ကျပ်လေးသိန်းသာ ထုတ်ယူခွင့်ပြုထားသည်။ ATM ဘဏ်တွင်လည်း တစ်ကတ်လျှင် ကျပ်သုံးသိန်း၊ ရိုးမဘဏ်တွင်လည်း တစ်ပတ်လျှင် ကျပ်သုံးသိန်း အစရှိသဖြင့် သတ်မှတ်ထားသည်ကို တွေ့ရသည်။

လက်ရှိတွင်လည်း ပုဂ္ဂလိကဘဏ်များ၏ ငွေထုတ်ယူနိုင်သည့် ATM စက်အရေအတွက်မှာ မြင့်တက်လာခြင်းမရှိသေးဘဲ လျော့နည်းလာသည်ကိုလည်း ဘဏ်များ၏နေ့စဉ် ATM ထုတ်ယူနိုင်သည့် အရေအတွက်များကို ကြေညာပေးသည့် အရေအတွက်များအရ သိရသည်။

အဆိုပါ အခြေအနေများကို  ထိန်းသိမ်းရန်  မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ပြည်သူများအနေဖြင့် ဘဏ်များအပေါ် စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြရန်လည်း ဧပြီ ၇ ရက်က ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ဘဏ်များအပေါ် ပြည်သူလူထု ယုံကြည်မှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ဘဏ်အချို့ကို အရေးယူပိတ်သိမ်းမည်ဆိုသည့် သတင်းမှားများကို မသမာသူများက ထုတ်လွှင့်လျက်ရှိကြောင်း၊ အဆိုပါသတင်းမှားများကြောင့်  ပြည်သူအချို့သည် စိုးရိမ်ပူပန်ပြီး ဘဏ်များမှငွေကြေးများကို လိုအပ်သည်ထက် ပိုမိုထုတ်ယူခြင်း၊ ဘဏ်များသို့ အပ်နှံမည့်ငွေကြေးများကို  ဆိုင်းငံ့ထားခြင်းစသည်ဖြင့်  ဆောင်ရွက်လျက်ရှိကြောင်း ကြားသိရသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များအားလုံး စနစ်တကျလုပ်ငန်းများ ဆောင်ရွက်ရန် အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ဘဏ်များအားလုံး သတ်မှတ်ချက်များနှင့်အညီ ခိုင်မာစွာဝန်ဆောင်မှု ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်  စိုးရိမ်ပူပန်မှုမရှိဘဲ ဘဏ်များအပေါ် စိတ်ချယုံကြည်စွာ ဘဏ်ဝန်ဆောင်မှုများကို ပုံမှန်ရယူသုံးစွဲနိုင်ကြောင်း ဧပြီ ၇ ရက်က ဗဟိုဘဏ်၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် လက်ရှိအခြေအနေတွင် ဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူခွင့်မှာ အကန့်အသတ်များဖြင့်သာ ထုတ်ယူခွင့်ပြုထားသည့် အခြေအနေသာဖြစ်သည်။

ရာခိုင်နှုန်းစျေးကွက် ပေါ်ထွက်လာခြင်း

စျေးကွက်အတွင်းငွေကြေးလိုအပ်ချက် မြင့်တက်လာသည့်အလျောက် ပြင်ပငွေကြေးစျေးကွက်တွင် ရာခိုင်နှုန်းဖြင့်လဲလှယ်ပေးနေသည့် စျေးကွက်တစ်ခုမှာ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့သည်။

ATM များတွင် ငွေထုတ်ယူခွင့်ကန့်သတ်ထားခြင်း၊ ဘဏ်အကောင့်များတွင်ရှိနေသည့်ငွေကြေးကို ထုတ်ယူခွင့်ကန့်သတ်ခံရခြင်းများ၏ နောက်ဆက်တွဲပြဿနာဟု ဆိုရမည်ဖြစ်သည်။

မတ်လလယ်ပိုင်းမှစတင်ပြီး ရာခိုင်နှုန်းစနစ်ဖြင့် ငွေလဲလှယ်ခြင်းမှာ ကနဦးတွင် သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအကြားတွင်သာရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၁၀ ရာခိုင်နှုန်းအထိရှိလာခဲ့သည်။

ယင်းကြောင့် အစိုးရကရာခိုင်နှုန်းဖြင့် ငွေလဲပေးသူများကိုဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ခဲ့သော်လည်း ရာခိုင်နှုန်းဖြင့်ငွေလဲခြင်းမှာ ရပ်တန့်သွားခြင်းမရှိသေးပေ။

စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုရန် ငွေထုတ်ယူမရခြင်းစသည့်အခြေအနေများမှာ ရာခိုင်နှုန်းဖြင့် ငွေလဲလှယ်နေရသည့် ဖြစ်စဉ်များဖြစ်သည်။

“ရာခိုင်နှုန်းနဲ့က လဲနေရတုန်းပဲ။ ငွေလှည့်ဖို့ဆိုတာက အဲဒီလိုလဲမှပဲရတယ်။ အမြတ်ကြမ်းတဲ့ဟာတွေအတွက်က ခံသာပေမဲ့ သိပ်မမြတ်တဲ့ ကုန်ပစ္စည်းတွေကျတော့ ရာခိုင်နှုန်းနဲ့လဲရတာ မစားသာဘူး။ အမြတ်ထဲကပါကုန်တာပေါ့။ ။ အကြမ်းအမြတ်များတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေလောက်ပဲ e-money ကနေ ငွေသားပြန်လဲရတဲ့ ရာခိုင်နှုန်းကိုခံနိုင်ကြတယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ရာခိုင်နှုန်းဖြင့် ငွေလဲခြင်းများမှ ကာကွယ်ရန် ဗဟိုဘဏ်က အွန်လိုင်းငွေကြေးစနစ်အတွက် ပုဂ္ဂလိကဘဏ်ငါးဘဏ်ကို စတင်ပေးအပ်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ဘဏ်ငါးခု၏ Online ဘဏ် ဝန်ဆောင်မှုလုပ်ငန်းများကို မိုဘိုင်းအင်တာနက်ဖြင့် စတင်ပေးအပ်နေပြီဖြစ်ကြောင်း ဧပြီ ၂၉ ရက် ညပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံပိုင်ရုပ်သံများမှတစ်ဆင့် ကြေညာခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းအင်တာနက်ဖြင့် ဝန်ဆောင်မှုပေးနိုင်သည့်ဘဏ်ငါးခုမှာ ဧရာဝတီ၊ ကမ္ဘောဇ၊ အင်းဝ၊ CB နှင့် ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်သည်။

အင်တာနက် ယာယီပြတ်တောက်နေစဉ် ကာလအတွင်းဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သူများ၏ အင်တာနက်အသုံးပြု၍ ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာ System များ၊ Application များကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့သည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုဘိုင်းအင်တာနက်ဖြင့် အသုံးပြုနိုင်သည့် အွန်လိုင်းဝန်ဆောင်မှုများမှာ Mobile Banking ၊ Internet Banking ၊ Mobile Top-Up ၊ Other Cards Top-Up ၊ Bill Payment များ၊ Visa ၊ Master ၊ Credit Card Payment ၊ MPU Cards ၊ All ATMs ၊ Bank Pay များမှ Account to Account Transfer ၊ Wallet to Wallet ၊ Bank to Wallet ၊ Wallet to Bank ၊ CBM Net ၏ CCT Function စသည့် ဝန်ဆောင်မှုများကို အများပြည်သူများအတွက် ဧပြီ ၂၈ ရက်မှစပြီး ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း၊ တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ၏ ဝန်ဆောင်မှုများကိုလည်း ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

သို့သော် ကုန်ပစ္စည်းတင်သွင်းသူများအနေဖြင့် ငွေသားဖြင့်သာ ပေးချေခြင်းများကိုသာ လက်ခံခြင်းကြောင့် ယင်းစနစ်များမှာ အသက်ဝင်မှု နည်းနေသေးသည်ကို တွေ့ရသည်။

“ဝယ်ယူသုံးစွဲသူတွေအနေနဲ့ ဘဏ်ကငွေထုတ်ရခက်တော့ ကတ်တွေပေးတွေနဲ့ ရှင်းချင်တယ်။ လက်လီဆိုင်တွေလည်း တင်သွင်းဖြန့်ချိသူဆီကနေ ငွေသားနဲ့ပြန်ဝယ်ရတဲ့အတွက် အကန့်အသတ်နဲ့ပဲ လက်ခံလို့ ရပါတယ်။ Export သမားတွေက သူတို့ရတဲ့ Earning ကို မြန်မာပြည်ဘက်ကို ပြန်မသွင်းကြဘူး။ သွင်းရင်လည်း ထုတ်မရမှာ စိုးရိမ်ကြတာ၊ ကုမ္ပဏီတစ်ခုကို တစ်ပတ်အများဆုံး သိန်း ၂၀၀ ပဲ ထုတ်လို့ရတာဆို တော့။ အကျိုးဆက်ကဘဏ်မှာ Earning မရှိဘူး။ အဲဒီတော့ Inporter တွေကို ဘဏ်စာရင်းထဲက ပိုက်ဆံနဲ့ Earning ရောင်းပေးလို့မရ၊ နိုင်ငံခြားကို လွှဲပေးလို့မရဖြစ်လာတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိဖြစ်စဉ်များနှင့် ပတ်သက်ပြီး အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က “Inporter က အပြင်ဟွန်ဒီနဲ့ လွှဲရတော့ ငွေသားလိုအပ်ချက်ကြီးလာတော့ ငွေသားနဲ့ပဲ ဖြန့်ဖြူးရောင်းချတယ်။ လက်လီဆိုင်တွေကလည်း Inporter ဆီက ငွေသားနဲ့ဝယ်ရတော့ စားသုံးသူဆီကို ငွေသားနဲ့ပဲရောင်းတယ်” ဟု ဆက်လက်ပြောကြားသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက ငွေထုတ်မရသော်လည်း Bank Account Transfer ၊ CBM Net ၊ Cheque Clearing များကို လွတ်လပ်စွာ စီးဆင်းခွင့်ပေးမှသာ စီးပွားရေးလုပ်ငန်းများ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

“CBM Net အသုံးပြု၍  ဘဏ်တစ်ခုမှ အခြားတစ်ခုသို့ ငွေလွှဲပြောင်းပါက ရောက်ရှိဘဏ်တွင် Fixed Deposit (၃) လ မဖြစ်မနေရထားရမည်ဟု ဘဏ်တစ်ခုမှအကြောင်းကြားလာပါသည်။ CBM မှ ပြည်သူတွေ Cash အသုံးပြုမှုလျော့ချပြီး Digital Payment ၊ Bank Account Transfer ပိုသုံးရန်အား ပေးမည်ဆိုတဲ့အစီအစဉ်နဲ့ ယခု လက်တွေ့ဆောင်ရွက်ချက်က ဆန့်ကျင်ဖက် ဖြစ်နေပါသည်။ Current Account များ Cheque Clearing အတွက် ပုံစံပြောင်းချက်အသစ်များ (၁.၆.၂၁) မှစတင်အသုံးပြုရန် သက်ဆိုင်ရာမှညွန်ကြားထားသော်လည်း  အစိုးရဘဏ်များ အပါအဝင် ဘဏ်အများစုက New Format Cheque စာအုပ်အသစ်များ ထုတ်ယူ၍မရသေးပါ။ ဒါကြောင့် Cheque Clearing လည်းလုပ်၍မရပါ။ ခြုံ၍သုံးသပ်ရရင် Old Bank Account ထဲရှိသည့်ငွေများ အလှကြည့်ရန်များ ဖြစ်နေသလားလို့ပါ။ Bank Account Transfer ၊ CBM Net ၊ Cheque Clearing များကို လွတ်လပ်စွာ စီးဆင်းခွင့်ပေးမှသာ ငွေထုတ်မရသော်လည်းလုပ်ငန်းများ အဆင်​ပြေနိုင်ပါသည်” ဟု ရေးသားထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ဇွန် ၁၆ ရက်တွင် ဗဟိုဘဏ်က ညွှန်ကြားချက်တစ်ခုထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက်တွင် ဖော်ပြထားချက်အရ ဘဏ်နှင့် ဆက်သွယ်သူကုန်သည်များ၏ အွန်လိုင်းမှကုန်ပစ္စည်းရောင်းချမှုများပေါ်တွင် တစ်လအတွင်းရောင်းချမှုပမာဏ၏ အများဆုံးရာခိုင်နှုန်း ၅၀ အထိသာ ငွေသားထုတ်ယူခွင့်ကို တစ်လလျှင် နှစ်ကြိမ်မှသုံးကြိမ်အထိသာ ထုတ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဘဏ်များအနေဖြင့် လက်ရှိအခြေအနေအရ ငွေကြေးလွယ်ကူမှုနှင့် Assets and Liabilities Management ကို ထိန်းကျောင်းရာတွင် ပိုမိုအားကောင်းရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်း၊ ဗဟိုဘဏ်မှ ရည်ညွှန်း(၁)(ဗဟိုဘဏ်၏ ၂၀၀၇ ခုနှစ် ရက်စွဲပါ ညွှန်ကြားချက် ၆/၂၀၀၇) ပါစာဖြင့် ငွေစုဘဏ်စာရင်းနှင့် အချိန်ပိုင်း အပ်ငွေစာရင်းအသွင်ဖြင့် ဆောင်ရွက်ရန်၊ ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ်သာ ငွေထုတ်ကန့်သတ်ချက် ကန့်သတ်ခဲ့သော်လည်း ဘဏ်များအနေဖြင့် ငွေစုဘဏ်အပ်ငွေများ၊ အချိန်ပိုင်းအပ်ငွေများနှင့် ပတ်သက်၍ မိမိတို့၏ Customers များအား ဝန်ဆောင်မှုပေးရာတွင်  အဆိုပါအပ်ငွေများသည် ချက်ချင်းပေးရမည့် စာရင်းရှင်အပ်ငွေသဖွယ် ဖြစ်နေပြီးငွေစုဘဏ်/အချိန်ပိုင်းအပ်ငွေစာရင်းများ၏ ရည်ရွယ်ချက်ကို အကောင်အထည်မဖော်နိုင်သည့်အပြင် မိမိတို့ဘဏ်၏ ငွေကြေးလွယ်ကူမှုနှင့် Assets and Liabilities Management ထိန်းကျောင်းမှုအားနည်းကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့် ဘဏ်များ၏ငွေကြေးလွယ်ကူမှုနှင့် ငွေသားစီမံခန့်ခွဲမှုကို ပိုမိုထိန်းကျောင်းရန် လိုအပ်လာသဖြင့် ဗဟိုဘဏ်၏ ရည်ညွှန်းပါ ညွှန်ကြားချက်၊အကြောင်းစာနှင့်အညီ ဆောင်ရွက်ရန် ဘဏ်များအား အကြောင်းကြားထားသည်ဟု ဖော်ပြထားသည်။

ထို့ပြင် ငွေစုဘဏ်အပ်ငွေ (Saving Deposits) များကို ပြန်လည်တောင်းခံလျှင် ချက်ချင်းပေးရမည့် စာရင်းရှင်အပ်ငွေ (Current Deposits) ကဲ့သို့ ဆောင်ရွက်ခြင်းမပြုဘဲ ငွေစုဘဏ်၏စည်းကမ်းချက်အတိုင်း ၎င်းစာရင်းမှ ထုတ်ပေးခြင်း၊ စာရင်းလွှဲပြောင်းပေးခြင်းများကို ငွေစုဘဏ်စာရင်းတစ်ခုအတွက်  မိမိတို့၏ သုံးစွဲခွင့်ပြုနိုင်သည့် ပမာဏတစ်ခု ကန့်သတ်ပြီး  (Current Account သို့ လွှဲပြောင်းခြင်း သို့မဟုတ် လက်ရှိစာရင်းမှနေ၍) ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ကြိမ်သုံးစွဲနိုင်သည့် ပမာဏတစ်ခုအတွင်းသာ Card များဖြင့် ချိတ်ဆက်ပေးချေခြင်း/အခြား Pay များ၊ Wallet များဖြင့် ချိတ်ဆက်ခြင်းအပါအဝင်) ဆောင်ရွက်ပေးရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

ယင်းအပြင် အစိုးရဌာနများမှ လုပ်ငန်းများအတွက် တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင်များသို့ ငွေပေးချေရာတွင် လုပ်ငန်းရှင်၏ ငွေစာရင်းသို့ စာရင်းလွှဲပြောင်းခြင်း/Cross Cheque/PO ဖြင့် ပေးချေဆောင်ရွက်ပေးရန်၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊တစ်ဦးချင်း၏ ငွေစာရင်းမှငွေသားထုတ်ပေးရာတွင် မဖြစ်မနေငွေသားလိုအပ်ချက် မှအပ ( ဥပမာ- လုပ်ခလစာ/ထောက်ပံ့ကြေး၊ လျော်ကြေးများ၊ ပင်စင်) မိမိတို့ Customers များ၏ငွေပေးချေလိုမှုအပေါ်မူတည်၍ စိစစ်မေးမြန်းပြီး စာရင်းပြောင်းပေးချေမှုကို ဦးစားပေးဆောင်ရွက်ရန် ဘဏ်ခွဲအသီးသီးမှ တာဝန်ခံများအနေဖြင့် Account Transfer ၊ Digital Payment များဖြင့် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ထုတ်ပြန်အပြီးတွင် ငွေကြေးစျေးကွက်အတွင်း ရာခိုင်နှုန်းဖြင့် ငွေလဲခြင်းများမှာ အနည်းငယ်မြင့်တက်လာခဲ့သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။

“ငွေလဲရာခိုင်နှုန်းက ခြောက်ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်။ အခုလက်ရှိမှာတော့ ၁၀ ရာခိုင်နှုန်းအထိ ဖြစ်နေတယ်။ လကုန်ရင် သုံးရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းဆို အလုပ်လုပ်လို့ကောင်းပြီ တွေးနေကြတာ။ ငါးရာခိုင်နှုန်း ပေးလဲရလည်း မမြတ်တော့ပေမဲ့ လုပ်ငန်းလည်ပတ်တယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရေးအတွက် ဘဏ်များတွင်ရှိနေသည့် ငွေသားများကို လွတ်လပ်စွာစီးဆင်းခွင့်ပြုမှသာ ပုံမှန်အနေအထားသို့ပြန်လည် ရောက်ရှိနိုင်မည်ဖြစ်သည်။

“အခုတော့ အများနည်းတူ ဘဏ်စာရင်းကို တစ်နေကုန်ထိုင်ပြီး ကြည့်နေရတယ်” ဟု ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

Most Read

Most Recent