ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ပဲခူး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိလာပြီဖြစ်ကာ နေရာအချို့တွင် လုံခြုံရေးအခြေအနေနှင့်ကားလမ်းပိတ်ဆို့မှုများကြောင့် လိုအပ်ချက်များကို ထိရောက်စွာ ကူညီပေးနိုင်ခြင်း မရှိသေးကြောင်း UN ထုတ်ပြန်

ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ပဲခူး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိလာပြီဖြစ်ကာ နေရာအချို့တွင် လုံခြုံရေးအခြေအနေနှင့်ကားလမ်းပိတ်ဆို့မှုများကြောင့် လိုအပ်ချက်များကို ထိရောက်စွာ ကူညီပေးနိုင်ခြင်း မရှိသေးကြောင်း UN ထုတ်ပြန်
Published 16 June 2021

ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ပဲခူး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကျော်ရှိလာပြီဖြစ်ကာ နေရာအချို့တွင် လုံခြုံရေးအခြေအနေနှင့် ကားလမ်းပိတ်ဆို့မှုများကြောင့် လိုအပ်ချက်များကို ထိရောက်စွာ ကူညီပေးနိုင်ခြင်း မရှိသေးကြောင်း UN ကထုတ်ပြန်သည်။

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် မတ်လလယ်ပိုင်းတွင် လူဦးရေစုစုပေါင်း ၁၁၆၅၄ ဦးမှာ ထွက်ပြေးခဲ့ရကြောင်း၊ မေလအတွင်းက ဗန်းမော်နှင့် မိုးမောက်မြို့နယ်ရှိ နေရာ ၁၀ ခုမှ လူပေါင်း ခြောက်ရာကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတို့အနက် လူဦးရေ ၁၀၂၁၇ ဦးမှာ မြို့နယ် ခုနစ်ခုရှိ ယာယီစခန်းများတွင် နေထိုင်နေရကြောင်း၊ လုံခြုံရေးအခြေအနေများကြောင့် နေရပ်များကို ပြန်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ထို့ပြင် ကချင်ပြည်နယ်တွင် အပစ်ရပ်ထားရာမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက လူဦးရေ ၉၅၅၀၀ မှာ IDP စခန်းများနှင့် လက်ခံအသိုင်းအဝိုင်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၅,၂၇၁ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၁၉၀၀ ဦးမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရပြီး မြို့နယ်တော်တော်များများရှိ ယာယီစခန်း ၂၁ ခုတွင် နေထိုင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်လည်း အကြမ်းဖက်မှု၊ လုံခြုံရေးအခြေအနေနှင့် တိုက်ပွဲများကြောင့် လူဦးရေ ၁၆၀,၄၀၀ ဦး ထွက်ပြေးခဲ့ရသည်။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသဖြစ်သည့် ကယားပြည်နယ်တွင် တပ်မတော်နှင့် ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတို့အကြား တိုက်ပွဲများကြောင့် လူပေါင်း ၁၀၈၈၀၀ ခန့်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ယင်းတို့အနက် ၁၁၇၀၀ ခန့်မှာ နယ်နမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များသို့ ထွက်ပြေးခဲ့ရကြောင်း UN က ထုတ်ပြန်သည်။ တောင်ပိုင်းဒေသများပင်ဖြစ်သည့် ကရင်ပြည်နယ်တွင်လည်း လူဦးရေ ၄၇၆၀၀ ခန့်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ လူဦးရေ ၄၀၀၀ ခန့်တို့မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

ယင်းဒေသများတွင် စစ်ဘေးရှောင်များအတွက် အကူအညီပေးရေးအစီအစဉ်များကို ချက်ချင်းဆောင်ရွက်နိုင်သော်လည်း လိုအပ်ချက်များကို ထိရောက်စွာပံ့ပိုးပေးနိုင်ခြင်းမရှိကြောင်း၊ လုံခြုံရေးအခြေအနေနှင့် ကားလမ်းပိတ်ဆို့မှုများကြောင့် ကြိုးပမ်းမှုများအတွက် စိန်ခေါ်မှုများဖြစ်ပေါ်နေကြောင်း UN က ဆိုသည်။

ထို့ပြင် ချင်းပြည်နယ် ဟားခါး၊ ကန်ပက်လက်၊ မင်းတပ်နှင့် ထန်တလန်မြို့နယ်များအပြင် မကွေးတိုင်းဒေသကြီး ဂန့်‌ဂေါတွင်လည်း တပ်မတော်နှင့် ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ကြား တိုက်ပွဲများကြောင့် လုံခြုံရေးအခြေအနေများမှာ စိုးရိမ်နေရဆဲဖြစ်ပြီး မေ ၁၂ ရက်ကတည်းက ချင်းပြည်နယ် မြို့နယ်လေးခုနှင့် ဇွန် ၆ ရက်ကတည်းက မကွေးတိုင်းဒေသကြီးက ဆောမြို့နယ် ယာယီစခန်း ၇၀ ကျော်တို့တွင် တိုက်ပွဲရှောင်ဦးရေ ၁၉၅၀၀ နေထိုင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

UN ၏ ထုတ်ပြန်မှုအရ ကချင်၊ ရှမ်း၊ ကရင်၊ ကယား၊ မွန်၊ ပဲခူး၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့တွင် စစ်ဘေးရှောင်ဦးရေ ၂၀၉၃၂၅ ဦးရေ ရှိလာပြီဖြစ်ကာ ယင်းအရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်ဖွယ် ရှိနေသည်။