ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများအားလုံး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများနှင့်အညီ လက်တွဲဆောင်ရွက်ကြရန် CSSU တိုက်တွန်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းများအားလုံး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများနှင့်အညီ လက်တွဲဆောင်ရွက်ကြရန် CSSU တိုက်တွန်း
Published 16 June 2021

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသည့်ကာလတွင် ဦးတည်ချက်၊ ရည်ရွယ်ချက်ချင်း တူညီကြသော အဖွဲ့အစည်းများအားလုံး ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ နှုန်းစံတန်ဖိုးများနှင့်အညီ လက်တွဲ ဆောင်ရွက်သွားကြရန် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) က တိုက်တွန်းသည်။

၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်တွင် ကျရောက်သည့် ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့အဖြစ် ကြေညာသည့် ထုတ်ပြန်ကြေညာ ချက်တွင် CSSU က ထိုသို့ တိုက်တွန်းထားခြင်းဖြစ်သည်။

ရှမ်းအမျိုးသား လူ့အခွင့်အရေးနေ့ကို တိုင်တည်၍ ရှမ်းပြည်နယ်တွင် နေထိုင်ကြသည့် ပြည်သူများအားလုံး၊ ပြည်ထောင်စုကြီး တွင် နေထိုင်ကြသည့် ပြည်သူများအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး လူ့အခွင့်အရေး၏ မူလအခွင့်အရေးများဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်၊ လွတ်လပ်စွာနေထိုင်ခွင့်၊ လွတ်လပ်စွာပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်နှင့် လွတ်လပ်စွာရှင်သန်ခွင့် စသည့် အခြေခံအခွင့်အရေးများကို အပြည့်အဝ ရရှိစေလိုကြောင်း ကိုယ်ချင်းစာနာစွာဖြင့် ဆန္ဒပြုကြောင်း CSSU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြေအနေအရပ်ရပ်ကြောင့် မလွှဲရှောင်သာ၍ ဖြစ်ပွားခဲ့ရသည့် ရှမ်းလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း အချင်းချင်းအကြား တိုက်ပွဲများနှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း အချင်းချင်းအကြား တိုက်ပွဲများကို လျော့နည်းရပ်တန့်သွားစေရေးအတွက် CSSU အနေဖြင့် နည်းလမ်းရှာ စေ့စပ်ညှိနှိုင်းလျက်ရှိကြောင်း CSSU က ထုတ်ပြန်ကြေညာသည်။

ရှမ်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည် (ကယားပြည်)၊ ကရင်ပြည်တို့တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ မိမိနေရပ်ဆီသို့ ဂုဏ်သိက္ခာရှိရှိ ပြန်လည်နေထိုင်နိုင်ရေးနှင့် အခြေခံ လူ့အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း CSSU က ကြေညာချက် ထုတ်ပြန်သည်။

ရှမ်းပြည်ညီညွတ်ရေးကော်တီမတီ (CSSU) ကို ရှမ်းပြည်နယ်အတွင်းရှိ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တောင်ပိုင်းလက်နက်ကိုင်အဖွဲ့ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (SSPP/SSA) တို့အပြင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ရှမ်းအရပ်ဘက် လူမှုအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။