ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်ခတ်ခံရ

ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်ခတ်ခံရ
Published 15 June 2021

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်သည် ဇွန် ၁၄ ရက် နံနက်ကသေနတ် ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ထားဝယ်မြို့မှ ကျောက်မဲတောင်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ပြီးအပြန် ရမ္မဇူ ရွာထိပ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကာ ပစ်ခတ်ခံရမှုကြောင့် ၎င်းမောင်းနှင်လာသည့် ကားတွင် ထိခိုက်မှုရှိသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။

“ထားဝယ်ကနေ ကျောက်မဲတောင်ကို သွားတယ်။ ကျောက်မဲတောင်အုပ်ချုပ်ရေးမှူးနဲ့ သွားတွေ့ပြီးတော့ အလုပ်ကိစ္စနဲ့ သွားတွေ့ ပြီးတော့ ပြန်လာတယ်။ ပြန်လာတဲ့အချိန်မှာ ရမ္မဇူရွာရှိတယ်။ အဲဒီကြားထဲကနေ သေနတ်နဲ့ ပစ်တာပေါ့။ အဲဒီမှာ သေနတ်နဲ့ပစ်တော့ တံခါးမှာ ကိုးချက်ထိတယ်။ တာယာမှာ နှစ်ချက်။ ခွေမှာ သုံးချက်ပေါ့” ဟု ဦးစိုးလွင်က ပြောကြားသည်။

သေနတ်အပစ်ခံရမှုသည် ကော်မရှင်လုပ်ငန်းဆောင်ရွက်မှုများနှင့် သက်ဆိုင်ခြင်း ရှိ၊ မရှိ မသိရှိသော်လည်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ အဓိကတော့ ရည်ရွယ်ချက်ရှိရှိ ပစ်တယ်လို့တော့ အဲဒီလိုမျိုးတော့ တွေးတယ်။ ဘာလို့ဆို ကားတွေ အမြောက်အမြားသွားနေတဲ့အထဲမှာ ကျွန်တော့်ကားတစ်စီးပဲ ပစ်တာကိုး” ဟု ဦးစိုးလွင်က ပြောကြားသည်။

ထားဝယ်မြို့နှင့် ၁၅ မိုင်ခန့် အကွာတွင် တည်ရှိသည့် ရမ္မဇူရွာရှိ ရော်ဘာတောထဲမှ ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှုဖြစ်စဉ်အတွက် သက်ဆိုင်ရာရဲစခန်းသို့ အကြောင်းကြားထားသော်လည်း အမှုဖွင့်လှစ်ထားခြင်း မရှိဟု ၎င်းက ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရချိန်တွင် ဦးစိုးလွင်နှင့်အတူ သားဖြစ်သူလည်း လိုက်ပါလာပြီး နှစ်ဦးစလုံး ထိခိုက်ဒဏ်ရာ မရှိခဲ့ကြောင်း သိရသည်။

ဦးစိုးလွင်သည် ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ယခင် ရွေးကောက်ပွဲ ကော်မရှင်လက်ထက်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောင်းလဲသော်လည်း ကော်မရှင် ဥပဒေအရ ဖွဲ့စည်းပုံအသစ် ပြန်လည် မဖွဲ့မစည်းမချင်း တာဝန်ထမ်းဆောင်ခွင့်ရှိသည့်အတွက် ကော်မရှင်အဖွဲ့ဥက္ကဋ္ဌအဖြစ်  ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဦးစိုးလွင်က ပြောကြားသည်။