မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ သတင်းထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်ပယ်ချ

မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ သတင်းထုတ်ပြန်ချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်ပယ်ချ
Published 14 June 2021

မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Ms. Michelle Bachelet ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁၃ ရက်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် သတင်းထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ သတင်းထုတ်ပြန်ချက်များမှာ မှန်ကန်ပြည့်စုံမှုမရှိဘဲ ဘက်လိုက်မှုများရှိကြောင်း တွေ့ရှိရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ သတင်းထုတ်ပြန်ချက်တွင် စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများ တိုက်ခိုက်ခံရမှုနှင့် ဘာသာရေးကျောင်းများ၊ ပြည်သူများ၏ အိုးအိမ်များကို တပ်မတော်က အသုံးပြုသည်ဆိုသည့် ပုံစံမျိုး ဖော်ပြထားသော်လည်း မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ အဖျက်အမှောက် လုပ်ရပ်နှင့် အကြမ်းဖက်မှုများကို ဖော်ပြခြင်းနှင့် ရှုတ်ချခြင်းမရှိသကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အသက်ဆုံးရှုံးမှုကိုလည်း ဖော်ပြထားခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျောင်းများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆိုသူများကို ထောက်ခံကြသူများသည် ဆရာ/ဆရာမများနှင့် အခြားသော အစိုးရဝန်ထမ်းများအား နိုင်ငံ့တာဝန်ကို ထမ်းဆောင်နိုင်ခြင်းမရှိစေရန် ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် ပြစ်မှုများကို ကျူးလွန်သကဲ့သို့ ပညာရေး ဝန်ထမ်းများအပါအဝင် အုပ်ချုပ်ရေးမှူးများနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ပြည်သူ့လုံခြုံရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အပြစ်မဲ့ပြည်သူများ ဘေးကင်းလုံခြုံရေး၊ ဥပဒေ အာဏာသက်ဝင်စေရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် တည်ဆဲဥပဒေဘောင်အတွင်းမှ အထူးဂရုပြုဆောင်ရွက်လျက်ရှိပြီး အင်အားသုံးရန် လိုအပ်ပါကလည်း မိမိကိုယ်မိမိ ခုခံကာကွယ်ရန်နှင့် အနည်းဆုံး အင်အားကို အမြင့်ဆုံးထိန်းချုပ်မှုဖြင့် ကိုင်တွယ် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေဖြင့် နိုင်ငံအားလုံး၏ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရန် အခွင့်အာဏာပေးအပ်ထားပြီး ထိုသို့ ဆောင်ရွက်ရာတွင် ဘက်လိုက်မှုမရှိဘဲ မျှတစွာတာဝန်ထမ်းဆောင်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်တွင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်အမှတ် ၄၈/၁၄၁ တွင် ဖော်ပြထားရာ ၎င်းအနေဖြင့် အဆိုပါလုပ်ပိုင်ခွင့်နှင့်အညီ နိုင်ငံများ၏ အရေးကိစ္စများကို ပြောကြားရာတွင် ဘက်လိုက်မှုမရှိဘဲ ဓမ္မဓိဋ္ဌာန်ကျစွာ ဖော်ပြရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေဖြင့် ပေးအပ်ထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပြုသဘော၊ ဘက်လိုက်မှုမရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

Most Read

Most Recent