ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် မန္တလေးအိမ်ခြံမြေဈေးကွက် စိတ်ဝင်စားမှုမြင့်တက်လာပြီး အိမ်ခြံမြေဝယ်လိုအားများလာ

ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် မန္တလေးအိမ်ခြံမြေဈေးကွက် စိတ်ဝင်စားမှုမြင့်တက်လာပြီး အိမ်ခြံမြေဝယ်လိုအားများလာ
Published 22 May 2021
မင်းလတ်

မန္တလေးအိမ်ခြံမြေစျေးကွက်တွင် လက်ရှိကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် အိမ်ခြံမြေစျေးကွက်ကို စိတ်ဝင်စားမှုမြင့်တက်လာပြီး အိမ်ခြံမြေဝယ်လို့အား များလာကြောင်း မန္တလေးမြို့ အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။

လက်ရှိ မြေစျေးကွက်တွင် အရောင်းအဝယ်ဖြစ်နေသည့် နေရာများက ချမ်းမြသာစည်မြို့နယ် ပြည်ကြီးတံခွန်မြို့နယ်နှင့် မဟာအောင်မြို့နယ်ရှိ ရဲမွန်တောင်ရှိ မြေကွက်များ အရောင်းအဝယ်ဖြစ်ကြကြောင်း ကျပ်သိန်း ၁၀၀၀ ကျော်မြေကွက်များ အခုရက်ပိုင်း အရောင်းအဝယ်ဖြစ်နေကြသည်ဟု ကိုဝဏ္ဏစိုး (ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်) က ပြောကြားသည်။

“လက်ရှိမြေစျေးက စျေးကမတက်ဘူး။ ဒါပေမဲ့ အရောင်းအဝယ်က ဖြစ်နေတယ်။ ဘဏ်ကိစ္စကြောင့် ခိုင်မာတဲ့မြေဘက်ကို လိုက်ဝယ်ကြတဲ့သဘောဖြစ်တယ်။ အရောင်းအဝယ်ဖြစ်နေတယ်။ ဝယ်လိုအားများပြီး အရောင်းအဝယ်ဖြစ်ပေမဲ့ ရာခိုင်နှုန်းက တက်မလာဘူး။ ဝယ်ချင်တဲ့သူက ဘဏ်အကောင့် ဝယ်ချင်တယ်။ ရောင်းတဲ့သူက ငွေသားရချင်တယ် ညှိနှိုင်းပေးနေရတယ်။ ဝယ်လိုအား စျေးကွက်ကများပေမဲ့ အလုပ်ဖြစ်မှုက ပုံမှန်အတိုင်းပါ။ အနောင်မြို့သစ်ထဲမှာဆို ကြားလမ်းကြားကွက်တွေဆို ကျပ်သိန်း ၂၀၀၀ လောက်နဲ့ အရောင်းအဝယ်ဖြစ်နေကြတယ်။ ရဲမွန်တောင် ကြားလမ်းကြားကွက်တွေဆို ပေ ၄၀ x ၆၀ ဆို ကျပ် ၂၅၀၀ ကျော်လောက်နဲ့ အရောင်းအဝယ်ဖြစ်ကြတယ်။ ထွန်းတုံးရွာဘက်ဆို ကြားလမ်းကြားကွက်တွေဆို ကျပ် သိန်း ၁၀၀၀ လောက် အရောင်းအဝယ် ဖြစ်ကြတယ်။ ပြည်ကြီးတံခွန် တတဒဒ ထဲမှာ ပေ ၄၀ x ၆၀ ကြားလမ်းကြားကွက်တွေဆို ကျပ်သိန်း ၉၀၀ နဲ့ အရောင်းအဝယ် ဖြစ်ကြတယ်။ အခုကျ ခေါ်စျေးအတိုင်း အလုပ်ဖြစ်ကြတာများတယ်။ ဘာလို့လဲဆိုတော့ အိမ်ခြံမြေက ခိုင်မာမှုရှိတော့ ဝယ်လက်အင်အား များလာတယ်။ ဝယ်လို့အားများလာတော့ ဥပမာကျပ် ၁၀၀၀ ခေါ်စျေးဆို အဲဒီနားပတ် ချာလည်စျေးနဲ့ အရောင်းအဝယ် ဖြစ်ကြတယ်။ အခုရက်ပိုင်း မြေစျေးကို လျှော့စျေးနဲ့ရောင်းကြတာ ဒီရက်ပိုင်း မကြားမိဘူး။ မြေစျေးကွက် မာလာတဲ့သဘောရှိတယ်။အိမ်ခြံမြေစျေးကွက်က ကျပ်ငွေတန်ဖိုး လျော့နည်းလာလို့ ခိုင်မာတဲ့မြေဘက် လှည့်ကြတယ်။ မြေစျေးဘက်က မာနေဦးမှာပါ။ မြေစျေး သိန်းထောင်ကြီးပိုင်းတွေကတော့ ဘဏ်စနစ်ကချေမှ အရောင်းအဝယ်ဖြစ်ကြတာပါ။ ကျပ်ငွေရမှာ ရောင်းမယ်ဆိုတဲ့ သိန်းထောင်ကြီးပိုင်း အိမ်ခြံမြေတွေက ဘဏ်စနစ်မှ အရောင်းအဝယ်ဖြစ်ကြမယ်” ဟု ကိုဝဏ္ဏစိုး (ဖိုးလမင်းအိမ်ခြံမြေအကျိုးဆောင်) က ပြောကြားသည်။

လက်ရှိဘဏ်များမှ ငွေကြေးထုတ်ယူမှု အပိုင်းအခက်အခဲကြောင့် အိမ်ခြံမြေအရောင်းအဝယ်အပိုင်း၌ နှစ်ဦးနှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ပေးနေရကြောင်း သိရသည်။

လက်ရှိ စားသောက်ဆိုင် ဆိုင်ခန်းအငှားစျေးကွက်သည် အလုပ်အကိုင်မဖြစ်ကြ၍ အငှားစျေးကွက်မဖြစ်ကြကြောင်း သိရသည်။

လက်ရှိ မြို့သစ်အပိုင်း မြေကွက်များက အရောင်းအဝယ်ဖြစ်နေကြပြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ကန်ကြီးကုန်း ဇီးအုပ်ကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ်ရှိ နွယ်နီမဲခင်းကုန်း၊ တဲကုန်း၊ ဘူးကုန်း၊ သရက်ကုန်း၊ ကျွဲရေကုန်း၊ နန်းဦးလွင်၊ ဆင်ရွာကြီး အစရှိသည့်ကျေးရွာ အကွက်ရိုက်မြေကွက်များလည်း အရောင်းအဝယ်ဖြစ်ကြကြောင်း သိရသည်။

Most Read

Most Recent