ဟာသလူရွှင်တော် ဦးစိန်ရိုး၏ ဖခင်မေတ္တာကို အတုယူလေးစားကြောင်း လူရွှင်တော်ဦးကံပွင့် ပြောကြား

ဟာသလူရွှင်တော် ဦးစိန်ရိုး၏ ဖခင်မေတ္တာကို အတုယူလေးစားကြောင်း လူရွှင်တော်ဦးကံပွင့် ပြောကြား
Published 18 May 2021

လူရွှင်တော် အသင်းနာယကကြီး လူရွှင်တော်ဦးစိန်ရိုးသည် ၁၅-၅-၂၀၂၁ ခုနှစ် အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်သည်။ သူကွယ်လွန်ခြင်းသည် လူရွှင်တော်လောက၏ ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟုလည်း အနုပညာလောကမှ သတ်မှတ်ကြသည်။ လူရွှင်တော်ကြီး ဦးစိန်ရိုးတွင် သမီးတစ်ယောက်ရှိသည်။ သမီးမှာ ကျန်းမာရေး မကောင်းသည့်အပြင် လမ်းမလျှောက်နိုင်သောကြောင့် Wheel Chair ပေါ်တွင် နေရသူဖြစ်သည်။ ဆီးချိုရောဂါရှိသူလည်းဖြစ်သည်။

ဦးစိန်ရိုးသည် ကိုယ်တိုင်လည်း နေမ ကောင်းဖြစ်ပြီး လမ်းမလျှောက်သည့် အချိန်တွင် သမီးဖြစ်သူ၏ ရောဂါများနှင့် ခံစားချက်များကိုလည်း ကြည့်ပြီး ဝမ်းနည်းစိတ်မ ကောင်းဖြစ်နေရသည်။ တစ်နေ ့ သူကျန်းမာရေး အနည်းငယ်ကောင်းပြီး လမ်းလျှောက်နိုင်သည့် တစ်ရက်တွင် သူ၏ ဆရာဝန်ထံသို့ သွားပြီး သူကသေလူဖြစ်ကြောင်း၊ သူ့ခြေထောက်များကိုဖြတ်ပြီး သူ့သမီးဆီ တပ်ပေးပါလားဟု ဆရာဝန်ကို သွားပြောကြောင်း လူရွှင်တော် အသိုင်းအဝိုင်းမှ ပြန်ကြားရသောအခါ ကိုယ်တိုင်လည်းရောဂါခံစားရသည့် သမီးအတွက်ပါ သူစိတ်မကောင်းဖြစ်နေသည်ကို အားလုံးမှတွေးမိပြီး ခံစားစိတ်မကောင်းရကြောင်း လူရွှင်တော်များက ပြောကြားသည်။

ထိုအဖြစ်အပျက်နှင့်ပတ်သတ်ပြီး ၀ါရင့်ဟာသလူရွှင်တော်တစ်ဦးဖြစ်သော ဦးကံပွင့်က “ကိုယ်တိုင်လည်း သမီးတစ်ယောက် ဖခင်တစ်ဦးဖြစ်တာကြောင့် အဲဒီသတင်းကို ကြားရတဲ့အချိန်တုန်းက မျက်ရည်ကျ ရလောက်အောင် ခံစားရတယ်။ မိဘမေတ္တာပေါ့။ ကိုယ်တိုင်တောင် အိပ်ရာထဲလဲ မထနိုင်တဲ့သူ။ ကြိုးစားလမ်းလျှောက်ပြီး ဆရာဝန်ဆီသွားခဲ့တယ်ဆိုကတည်းက သူ့သမီးအတွက် သူဘယ်လောက်ခံစားနေရလဲ။ လူတွေကို ပျော်အောင်လုပ်နေတဲ့ လူရွှင်တော်ကြီးတွေရဲ့ လူတွေကို မျက်ရည်ကျစေတဲ့ အဖြစ်အပျက်တစ်ခုပေါ့နော်။ ကျွန်တော် အဖေကြီး ဦးစိန်ရိုးရဲ့ ဖခင်မေတ္တာကို အတုယူ လေးစားတယ်” ဟု ပြောကြားသည်။

လူရွှင်တော်ကြီး ဦးကံပွင့်၏သမီးမှာ မြန်မာအငြိမ့်သဘင်လောက၏ နာမည်ကြီး မင်းသမီးတစ်ဦးဖြစ်သော ဆိုကရေးတီးပြိုင်ပွဲမှ ရွှေတံဆိပ်ဆုများရှင် မင်းသမီး ဒါလီလင်းဖြစ်သည်။ ဒါလီလင်းသည် ယခုအချိန်တွင် သြစတြေးလျနိုင်ငံတွင် အိမ်ထောင်ကျပြီး သမီးလေးနှင့် မိသားစုဘဝကို တည်ဆောက်ထားသူဖြစ်သည်။ ဦးကံပွင့် ကိုယ်တိုင်သည်လည်း သမီးဖြစ်သူနှင့် နိုင်ငံရပ်ခြား ဝေးကွာနေသူဖြစ်သဖြင့် ၀ါရင့်လူရွှင်တော်ကြီး ဦးစိန်ရိုး၏ ဖခင်မေတ္တာအဖြစ်အပျက်ကို ကြားသိရသည့်အခါ ကိုယ်ချင်းစာ ခံစားရခြင်းဖြစ်သည်။

“မြေးမလေးကို အခုထိ အပြင်မှာ မမြင်ဖူးသေးဘူး။ အသက် နှစ်နှစ်ကျော်ပြီ မြေးလေးက။ ဖုန်းနဲ့ Video နဲ့ပဲ ပြောရ၊ ကြည့်ရတာပေါ့နော်။ အခုချိန်မှာတော့ အဝေးကပဲ ဖခင်မေတ္တာ၊ အဘိုးမေတ္တာကို ပေးနေရတာပေါ့” ဟု လူရွှင်တော်ဦးကံပွင့်က မိဘမေတ္တာအကြောင်းကို ထပ်မံပြောကြားသည်။

Most Read

Most Recent