နိုင်ငံရေး အပြောင်းအလဲ အခြေအနေတစ်ခုတွင် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် အဖြေရှာရန် ကြိုးပမ်းလာသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသဖြင့် နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် KNU ဥက္ကဋ္ဌ သဘောထားထုတ်ပြန်

နိုင်ငံရေး အပြောင်းအလဲ အခြေအနေတစ်ခုတွင် နိုင်ငံရေး ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် အဖြေရှာရန် ကြိုးပမ်းလာသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသဖြင့် နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် KNU ဥက္ကဋ္ဌ သဘောထားထုတ်ပြန်
Published 10 May 2021

နိုင်ငံရေးအပြောင်းအလဲအခြေအနေတစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် အဖြေရှာရန်ကြိုးပမ်းလာသည်ကို ဝမ်းနည်းဖွယ်တွေ့မြင်နေရသဖြင့် နိုင်ငံရေးနည်းလမ်းကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာရန် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၂၀၂၁ ခုနှစ် မေ ၁၀ ရက်တွင် သဘောထား ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် စပ်လျဉ်း၍ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၎င်းကိုယ်တိုင် လက်မှတ်ရေးထိုး၍ သဘောထားထုတ်ပြန်ထားခြင်းဖြစ်ပြီး အဆိုပါ သဘောထားထုတ်ပြန်ချက် မှာ KNU ဥက္ကဋ္ဌ၏ သဘောထားထုတ်ပြန်ချက်အစစ်အမှန်ဖြစ်ကြောင်း KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက အတည်ပြုသည်။

“ ဟုတ်ပါတယ်။ သူရဲ့ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် သဘောထားပါ”ဟု အထက်ပါ KNU ထိပ်ပိုင်းခေါင်းဆောင်က Eleven Media သို့ ပြောကြားသည်။

ထို့ပြင် သက်ဆိုင်သူအားလုံးအနေဖြင့်လည်း NCA မူဘောင်များအတိုင်း တိကျစွာ လိုက်နာကျင့်သုံး၍ ငြိမ်းချမ်း ရေးကို ထိန်းသိမ်းကြရန် အလေးအနက်တိုက်တွန်းကြောင်းလည်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲအချိန်အခါ အခြေအနေတစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရသဖြင့် နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းလမး်ကောင်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာရန် သဘောထားရှိကြောင်း KNU ဥက္ကဋ္ဌက သဘောထားထုတ်ပြန်သည်။

KNU အနေဖြင့် အမျိုးသားရေး နှင့် တန်းတူရေးတို့အတွက် နှစ်ပေါင်းကြာရှည်စွာ လက်နက်ကိုင် ခုခံ တော်လှန်ရေးကို ဆောင်ရွက်ခဲ့သော အဖွဲ့တစ်ခုဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးလျက် တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် ညှိနှိုင်းအဖြေရှာခြင်းကို ဆောင်ရွက်လာခဲ့ရာ ခရီးကာလတစ်ခုအထိ ရောက်ရှိခဲ့ပြီး NCA စာချုပ်အား လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း KNU ဥက္ကဋ္ဌက သဘောထားထုတ်ပြန်သည်။

KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့နှင့်အတူ NCA စာချုပ်အား လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

လက်ရှိတွင် ကရင်အမျိုးသားအစည်းရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNLA တပ်မဟာများအနက် KNLA တပ်မဟာ(၅)နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ အဓိကဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲနောက်ဆက်တွဲအဖြစ် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ရသည့် စစ်ဘေးရှောင်များလည်းရှိနေသည်။

Most Read

Most Recent