မြန်မာနိုုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသမှ ပူလောင်နေသော အညာတောင်သူများ၏ဘဝ အခြေအနေများကို ပြောပြရမည်ဆိုပါက သောက်သုံးရေရှားပါးမှု၊ နွားစာအခက်အခဲ၊ သီးနှံအထွက်နှုန်း လျော့ကျခြင်းနှင့် ရာသီပေါ်သီးနှံစျေးနှုန်း ကျဆင်းခြင်းတို့ အပါအဝင် အခြားအကြောင်းအရာများလည်း အများအပြား ပါဝင်နေသည်။
၂၀၂၀ ပြည့်နှစ် မိုးရာသီက အညာမြေတစ်ပိုင်း မြေလတ်တစ်စ တောင်တန်းဒေသများနှင့်လည်း ဆက်စပ်တည်ရှိနေသည့် မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက် စသည့် မြို့နယ်များတွင် မိုးရွာသွန်းမှု နည်းပါးခဲ့သည်။ ထိုသို့ မိုးရွာသွန်းမှု နည်းပါးလွန်းခဲ့သောကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာအများစုမှ ရေကန်များတွင် ရေဝင်ရောက်မှု လျော့နည်းခဲ့သည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ဆောင်းရာသီကတည်းကပင် မကွေးတိုုင်းဒေသကြီးအတွင်း မကွေး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်၊ ဆိတ်ဖြူ၊ ပခုက္ကူ၊ ရေစကြို၊ မြိုင်စသည့် မြို့နယ်များအတွင်းရှိ ကျေးရွာအများစုမှ ရေကန်များတွင် ရေခန်းခြောက်ခဲ့သည်။ ရေကန်များ စောစီးစွာရေခန်း ခြောက်ခဲ့ခြင်း၏ နောက်ဆက်တွဲအဖြစ် ယခုနွေရာသီတွင် လူနှင့်တိရစ္ဆာန်များအတွက် သောက်သုံးရေအခက်အခဲများ ကြုံတွေ့ခဲ့ကြသည်။
၂၀၁၅ ခုနှစ်မှစ၍ မကွေးတိုင်းဒေသကြီးအတွင်း ကန်ရေကိုသာ အမှီပြုရသည့် ကျေးရွာများအတွက် ပုုဂ္ဂလိကအလှူရှင်များနှင့် အစိုးရဌာနဆိုင်ရာများက အဝီစိစက်ရေတွင်းများ တူးဖော်လှူဒါန်းခဲ့ကြသည်။ ထို့ကြောင့် မြေအောက်ရေကြောမှ ရေချိုတူးဖော်ရရှိနိုင်သော ကျေးရွာအများစုတွင် အဝီစိစက်ရေတွင်းများ တည်ရှိလာသော်လည်း ကျေးရွာနှင့် မလှမ်းမကမ်းနေရာများတွင် တဲတိုက် (လူနေအဆောက်အအုံအနည်းငယ်စီစုဝေး၍) နေထိုင်ကြသူများနှင့် ဆိတ်၊ နွား၊ ကျွဲ စသည့် တိရစ္ဆာန်များအတွက် သောက်သုံးရေအခက်အခဲများ ကြုံတွေ့လာကြရသည်။
“နှစ်ပေါင်း ၃၀ ကျော်လောက်အတွင်း တစ်ခါမှ ရေခန်းတယ်လို့ မကြားဖူးခဲ့တဲ့ ရေကန်ကြီးတွေမှာလည်း ရေတွေခန်းလာပါတယ်။ ဒါကြောင့် အဲဒီကန်တွေရဲ့အခြေမှာ ကန်ရေကို ပြန်စစ်ထုတ်သလို တူးထားတဲ့ ရေတွင်းတွေမှာလည်း ရေတွေခန်းလာပါတယ်။ ရေတွင်းရေကန်တွေက ရေကိုအားကိုးအားထားပြုရတဲ့ ကျေးရွာတွေအနေနဲ့က သောက်သုံးရေခက်ခဲမှုတွေ ကြုံလာကြရတာတွေလည်း ရှိလာပါတယ်” ဟု ချောက်မြို့နယ် ဂွေးချိုတိုက်နယ်မှ ဦးဇော်လင်းကြည်က ပြောကြားသည်။
မကွေးမြို့နယ် ကြာကန်ကျေး ရွာမှ ဦးဇော်မင်းထိုက်က “ကျွန်တော်တို့ ကြာကန်ကျေးရွာအုပ်စုထဲက တဲတိုက်တွေမှာ နွေရာသီကိုရောက်ပြီဆိုတာနဲ့ သောက်သုံးရေ အခက်အခဲတွေ ကြုံကြရပါတယ်။ အခုနှစ်နွေရာသီမှာတော့ အဲဒီအခက်အခဲက ပိုသိသာလာပြီး နေ့စဉ်နဲ့အမျှ အလှူရှင်တွေရဲ့ ရေလှူဒါန်းမှုတွေကိုု မှီခိုလာကြရပါတယ်” ဟုု ပြောကြားသည်။
သဘာဝမိုးရေကိုသာ အဓိကမှီခို၍ သီးနှံစိုက်ပျိုးရေး လုပ်ကိုင်ကြရသည့် မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းကျေးရွာများမှ တောင်သူများ သည် မြေပဲနှင့် နှမ်းကို အဓိက စိုက်ပျိုးလေ့ရှိကြသည်။ ၂၀၂၀ ပြည့်နှစ် မိုးရာသီက မိုးရွာသွန်းမှု နည်းပါးလွန်းမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်း ရေနံချောင်း၊ ချောက်၊ နတ်မောက် စသည့် မြို့နယ်များအတွင်း ကျေးရွာများတွင် သီးနှံထွက်နှုန်းများ လျော့ကျခဲ့သည်။အဆိုပါ မြို့နယ်များအတွင်း မြေပဲစိုက်ခင်းများတွင် စိုက်ပျိုးခဲ့သည့် မြေပဲမျိုးဆန်ပမာဏပင် ပြန်မရသည်အထိ ထွက်နှုန်းများ လျော့ကျခဲ့သည်။ မြေပဲထွက်နှုန်းများ လျော့ကျမှုကြောင့် နွေရာသီတွင် နွားစာအတွက် အားထားရသည့် မြေပဲရိုးများလည်း နည်းပါးခဲ့ပြီး နွားစာအခက်အခဲများကိုပါ ရင်ဆိုင်လာကြရသည်။
“ပုံမှန်ဆိုုရင် မြေပဲရိုုးတွေက နောက်တစ်နှစ်မိုးဦးကျတဲ့အထိ နွားကျွေးလောက်အောင်ရပေမဲ့ အရင်နှစ်ကတော့ မြေပဲခင်းတွေဖော်ပြီးစမှာပဲ ပဲရိုးတွေကကုန်ခဲ့ပါတယ်။ အခုု နွေရာသီမှာ ပဲရိုးစျေးက အရင်နှစ်တွေကထက် သုံးဆလောက်အထိ စျေးမြင့်တက်လာပါတယ်။ နွားစာခက်ခဲတာက တစ်ကြောင်း စားဝတ်နေရေး အဆင်မပြေတာတွေကလည်း တစ်ကြောင်းရှိလာတော့ ခိုင်းနွားတွေကို အသားစျေးနဲ့ ရောင်းချလာရတာတွေရှိ လာပါတယ်။ ဒါပေမဲ့ ရောင်းချင်တိုင်းလည်း ရောင်းလို့မလွယ်ပါဘူး” ဟု ရေနံချောင်းမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း မိုုးဦးကာလတွင် မိုးခေါင်လွန်းခြင်း၊ စိုက်ပျိုးသီးနှံများ အသီးအပွင့်မြိုင်ချိန်တွင် မုန်တိုင်းမိုးများ ထန်လွန်းခြင်း၊ စိုက်ပျိုးသီးနှံများ ရိတ်သိမ်းကာလတွင် အခါမဲ့မိုးများ ရွာသွန်းခြင်းတို့ကို နှစ်စဉ်နီးပါး ရင်ဆိုင်ကြုံတွေ့လာခဲ့ရသည်။ ယင်းသို့ ဆိုးကျိုးများကို ဆယ်စုနှစ်တစ်ခုကျော်နှစ်ခု နီးပါးကြာ ဆက်တိုက်ဖြတ်သန်းလာရသည့်အခါ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် ယခင်ကကဲ့သို့ မြေပဲတစ်လှည့် နှမ်းတစ်လှည့်ဟု သမားရိုုးကျ မစိုက်ပျိုးနိုင်တော့ဘဲ ရာသီဥတုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည့် မြေပဲတစ်မျိုးတည်းကိုုသာ နှစ်စဉ်စိုက်ပျိုးကြသူ များပြားလာခဲ့သည်။
မြေပဲတွင်ပင် ရှေးယခင်ကကဲ့သို့ မိုးဦးကျကာလမှ စတင်စိုက်ပျိုး၍ မိုးနှောင်းကာလတွင်မှနုတ်သိမ်း ခူးဆွတ်ရသည့် သက်ရင့် (ပင်ပြန့်) မြေပဲများကို စိုက်ပျိုးမှုနည်းပါးလာခဲ့ပြီး မိုးလယ်ကာလဝါဆိုလပိုင်းတွင်မှ စတင်စိုုက်ပျိုးသည့် ၀ါဆိုပဲခေါ် သက်နု (ပင်ထောင်)မြေပဲများကို အဓိကစိုက်ပျိုးလာခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး၏မြို့တော် မကွေးမြို့အပါအဝင် ထိုမြို့နှင့် ထိစပ်နေသော နတ်မောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ ဆင်ပေါင်ဝဲ၊ အောင်လံမြို့နယ်များသည် အစဉ်အလာအားဖြင့် နှမ်းစိုက်ပျိုးလေ့ရှိခဲ့ပြီး ယခုနှစ်အထိ နှမ်းကိုအဓိက စိုက်ပျိုးကြဆဲလည်း ဖြစ်သည်။ အဆိုပါမြို့နယ်များသည် နှမ်းစိုက်ပျိုးရန် မိုးရေရရှိသည့် သဘာဝနှင့် နီးစပ်ပြီး မကွေးမြို့သည်လည်း သူ့ဝန်းကျင်မြို့နယ်များတွင် မိုးရေရရှိမှု ပိုမိုလေ့ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ သို့သော် ယခင်နှစ်မိုးဦးရာသီတွင် ပုံမှန်ထက် သိသာစွာ မိုးရေရရှိမှု နည်းလွန်းခဲ့သောကြောင့် မကွေးမြို့နယ်အတွင်းမှာပင် နှမ်းဖြစ်ထွန်းမှုမညီဘဲ အချို့ကျေးရွာများတွင် မိုးဦးနှမ်းများကို ဖျက်ပစ်ခဲ့ရသည်အထိရှိပြီး အချို့ကျေးရွာများတွင် ရိတ်သိမ်းခကိုုပင်မကာမိနိုင်သည်အထိ နှမ်းများ ပျက်စီးခဲ့ရသည်။
“မကွေးမြို့နဲ့ အနီးဆုံးကျေးရွာတွေနဲ့ မြို့တောင်ဘက်ကြောက ကျေးရွာတွေမှာ မိုးရရှိမှုကောင်းလို့ နှမ်းတွေဖြစ်ထွန်းခဲ့ပေမဲ့ မြို့မြောက်ဘက်ကြောက ကျေးရွာတွေမှာကျ နှမ်းပင်တွေ မတ်တတ်ခြောက်ကုန်တဲ့အထိ ပျက်စီးခဲ့တာတွေ ရှိကြပါတယ်။ နှမ်းပျက်တဲ့ကျေးရွာတွေမှာ နှမ်းပေါင်းနုတ်ချိန်တုန်းက လုပ်သားရှားလွန်းတော့ အခြားမြို့နယ်တွေကနေအထိ ကားခပါခံပြီး လူတွေခေါ်၊ နေ့စားနဲ့မဟုတ်ဘဲ အပြတ်စနစ်နဲ့ ငွေရှင်းခဲ့ရတော့ ကုန်ကျစရိတ်တွေ ပိုများခဲ့ပါတယ်။ နှမ်းရတဲ့ ကျေးရွာတွေမှာလည်း နှမ်းသိမ်းချိန်မှာ လုပ်သားမလောက်တော့ အဲဒီလိုပဲ လုပ်သားတွေ ငှားခိုင်းခဲ့ရပါတယ်။ အဲဒီတော့ နှမ်းရသည့်တိုင် ကိုဗစ်ရောဂါကြောင့် စျေးကောင်းလည်း မရနိုင်ခဲ့တော့ တွက်ခြေကိုက်မှု မရှိခဲ့ပါဘူး” ဟု မကွေးမြို့နယ် မိကျောင်းရဲတိုက်နယ်မှ တောင်သူတစ်ဦးက ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ယခင်ငါးနှစ်ကျော်ခန့်မှစ၍ စမုံနက်နှမ်းမျိုးကို ပိုမိုစိုက်ပျိုးလာကြပြီး နှမ်းနီ၊ နှမ်းဖြူများကိုလည်း ယခုနှစ်ပိုင်းအထိ စိုက်ပျိုးသူများ ရှိနေကြသည်။ နှမ်းတစ်ဧကအတွက် မျိုးစေ့ဖိုး၊ လုပ်သားခ၊ နွားရှင်းကြေး၊ မြေသြဇာနှင့် ဆေးဝါးအတွက် ကုန်ကျစရိတ်များကို စုပေါင်းပါက ကျပ်နှစ်သိန်းနီးပါး ကုန်ကျစရိတ်ရှိကြောင်း သိရသည်။
ထိုမျှကုန်ကျစရိတ်ရှိထားသောကြောင့် နှမ်းထွက်အား အကောင်းဆုံးဖြစ်သည့်တိုင် စျေးကောင်းရရှိမှသာ တွက်ခြေကိုက်နိုင်ကြောင်းလည်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။
ရာသီဥတုဖောက်ပြန်မှု၊ မိုးရွာသော်လည်း ကွက်ကြားမိုးများသာ ရွာသွန်းမှု၊ သီးနှံပေါ်ချိန်တွင် ခိုင်မာသော စျေးကွက်မရှိမှုတို့ကြောင့် ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်မှုများ ရှိဖူးခဲ့သည့် မကွေးတိုင်းဒေသကြီးအတွင်း သဘာဝမိုးရေကိုသာ အားထား၍ စိုက်ပျိုးလုပ်ကိုင်ကြရသည့် တောင်သူများ အရှုံးဖြင့်သာ လည်ပတ်ကြရသည်မှာ အစဉ်အလာတစ်ခုပမာ တည်ရှိလာခဲ့ပြီ ဖြစ်သည်။
မိုးရွာသွန်းမှု နည်းပါးလွန်းခဲ့ခြင်းကြောင့် သဘာဝမိုးရေကို မှီခိုစိုက်ပျိုးရသည့် မြေပဲ၊ နှမ်း စသည့် သီးနှံများသာမက ဆောင်းရာသီတွင် စတင်စိုက်ပျိုးလေ့ရှိသည့် မြေနုကျွန်းစိုက်ခင်းများနှင့် ချောင်းများအတွင်း စိုက်ပျိုးလေ့ရှိသည့် ကြက်သွန်စိုက်ခင်းများလည်း ထွက်နှုန်းများ လျော့ကျခဲ့ရသည်။ မိုးရေချိန် နည်းပါးလွန်းခဲ့ခြင်းနှင့် COVID-19 ရောဂါကူးစက်မှုများကြောင့် နိုင်ငံခြားစျေးကွက် ပိတ်နေခဲ့ခြင်းတို့ကြောင့် နတ်မောက်မြို့နယ်အတွင်းရှိ လျှော်ဖြူခြံများလည်း အချိန်မတိုင်မီ ပိတ်သိမ်းခဲ့ကြရသည်။ ထိုသိုု့ မိုးရာသီက မိုးနည်းပါးစွာဖြင့် ကုန်ဆုံးခဲ့သောကြောင့် ဆောင်းရာသီနှင့် နွေရာသီတွင်လည်းအညာ တောင်သူများက အခက်အခဲများစွာကို ခါးစည်းခံလျက်ကပင် မကြာမီရောက်ရှိလာတော့မည့် နောက်ထပ်မိုးရာသီကို မျှော်လင့်စောင့်စားနေကြသည်။