မေညလင်းမြူ

မေညလင်းမြူ
Photo:Vector Stock
Photo:Vector Stock
Published 2 May 2021
မင်းည

“သမီး”

သူ့ခေါင်းလေးကို

ကိုယ့်ရင်ဘတ်ဆီ ကပ်ကြည့်တုန်းက

သူ့ပါးပြင်ပေါ်

ကိုယ့်အနာဂတ်ကြီး ကွာကျခဲ့တာပါ။

ဘယ်သူ့ပိုချစ်သလဲမေးတဲ့အခါ

ဒုတိယနေရာရတာကိုပဲ

ကမ္ဘာကြီးတစ်ခုလုံးက

အိတ်ကပ်ထဲ ခုန်ဝင်လာသလိုလို။

အို…

ကိုယ့်လက်ညှိုးကို

သူ့လက်ကလေးနဲ့ ဆုပ်ထွေးပြီးကတည်းက

ဆိုးမိုက်ခြင်း ဝေါဟာရကို

မင်နီသားတတ်ခဲ့တာပဲ…။

နတ်စောင်း(ကျိုက်ထို)

ကြယ်စင်တွေအလှပဆုံး တောက်ပနေခဲ့တဲ ့ညတစ်ညမှာ နွေဦးရဲ့ လေပြည်လေညင်းကလေးတစ်ခုဟာ ကျွန်တော့်ထံကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ရောက်ရှိလာခဲ့ပါတယ်။တိတ်ဆိတ်နေတဲ့ညကို ထိုးခွဲထွက်ပေါ်လာတဲ့

ငိုသံသေးသေးကလေးတစ်ခုထဲမှာ အားအင်တွေကို ပြည့်ဖြိုးစေတတ်တဲ့ အစွမ်းသတ္တိတွေများ ပါရှိပါသလား။

ကျွန်တော်မသိပါဘူး။ ကျွန်တော်သိတာက အဲဒီကလေးငိုသံလေးကြောင့် တစ်နေ့လုံး တစ်ညလုံး အနားယူခွင့်မရရှိခဲ့သေးတဲ့ ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးဟာ ဗီတာမင်အားဆေးပေါင်းများစွာ ထိုးသွင်းခံလိုက်ရသလို ချက်ချင်းပဲအားအင်တွေ ပြည့်တင်းလာခဲ့ရတယ် ဆိုတာကိုပါပဲ။ တကယ်လည်း “မိန်းကလေးဟေ့” လို့ လှမ်းအော်အသိပေးလာခဲ့တဲ့ တာဝန်ကျဆရာမရဲ့ စကားသံအဆုံးမှာ ပျော်ရွှင်စိတ်ဟာ ကျွန်တော်စိတ်နှလုံးသား တစ်ခုလုံးအပေါ်ကို မိုးဦးကျမိုးစက်တွေလို တဝုန်းဝုန်းနဲ့ ရွာချလာခဲ့ပါတယ်။ ကြည်နူးစိတ်ဟာ ဆောင်းဦးမှာကျတတ်တဲ့ နှင်းမှုန်နှင်းစက်တွေလို ကျွန်တော့်သွေးကြောတွေထဲကို တဖွဲဖွဲ တမှုန်မှုန်စီးဝင်လာခဲ့ပါတယ်။

သမီးလေးတဲ့။ ရဲရဲနီနေတဲ့ နှုတ်ခမ်းကွေးကွေးလေးတွေက ကျွန်တော်နဲ့တူသတဲ့။ မည်းနက်နေတဲ့ မျက်ခုံးကလေးက ကျွန်တော်နဲ့တူသတဲ့။ တောက်ပနေတဲ့ မျက်ဝန်းကလေးက ကျွန်တော်နဲ့တူသတဲ့။ “လက်ချောင်းရှည်ရှည်ကလေးတွေနဲ့ သူ့အဖေအငယ်စားလေးပဲဟေ့” ဆိုတဲ့ သိကျွမ်းခင်မင်နေတဲ့ သားဖွားဆရာမတွေရဲ့အသံတွေဟာ ကျွန်တော့်အတွက်တော့ ကြားခဲ့ဖူးသမျှ ကမ္ဘာကျော်တေးဂီတသံတွေထက် ချိုမြိန်နေစေခဲ့ပါတယ်။

အမှန်အတိုင်းဝန်ခံရင် အဲဒီအချိန်အဲဒီခဏတာမှာ လှပလွန်းတဲ့ ညတစ်ညရဲ့ ခင်းကျင်းပြသထားမှုတွေကို မခံစားနိုင်မိတော့လောက်အောင်အထိ “သမီးလေး” ဆိုတဲ့ ပဲ့တင်သံတွေဟာ ကျွန်တော့်ရင်နံရံမှာ အဖန်ဖန် အခါခါမြည်နေခဲ့ပါတယ်။ ပွင့်ခါစစံပယ်ပွင့် ဖြူဖြူလေးလို မိုးရွာပြီးစ ကောင်းကင်လို ကြည်လင်နေတဲ့ မျက်နှာလေးနဲ့။ ၀ါဂွမ်းစကလေးလို နုထွေးနေတဲ့ လက်ကလေးတွေကို တင်းတင်းဆုပ်လို့ထားတဲ့  သမီးလေးရဲ့ ပုံရိပ်တစ်ခုသာ ကျွန်တော့်ရဲ့ နှလုံးသားရှေ့မှာ ပန်းပွင့်ကလေးတစ်ပွင့်လို့ အလှပဆုံးပွင့်နေခဲ့ပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် အဲဒီသာနေတဲ့ လမင်းကလေးကို ချက်ချင်းရင်ခွင်ထဲ ထွေးပိုက်ထည့် ထားလိုက်ချင်ပေမယ့် ကျွန်တော် အဲဒီလမင်းကလေးကို မချီပွေ့တတ်။ ပိုလိုက်တာလို့ပဲဆိုဆို ကျွန်တော့်ရဲ့ မာကြောနေတဲ့ လက်တွေနဲ့ မချီပွေ့ရက်။ သစ်ရွက်ကလေးတွေ လှုပ်ခတ်နေသလို နူးနူးညံ့ညံ့လှုပ်ခတ်နေတဲ့ အဲဒီလမင်းကလေးကို ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုနဲ့ မထိခိုက်မနာကျင်စေချင်မိခဲ့။ ကျွန်တော့်ခန္ဓာကိုယ်က ထွက်ပေါ်နေတဲ့ မကောင်းမွန်တဲ့ အနံ့အသက်တစ်ခုခုနဲ့ မနီးစပ်စေချင်မိခဲ့။ ကျွန်တော့် အရေပြားပေါ်က ချွေးစက်တွေနဲ့ မထိစပ်စေချင်မိခဲ့။ ကျွန်တော့်ကြောင့် အခုမှလောကကြီးရဲ့ နှုတ်ခွန်းဆက်မှုကို လက်ခံရယူနေတဲ့ သမီးလေးရဲ့ငြိမ်းမြမှုကို မပျက်ယွင်းစေချင်မိခဲ့။ ကျွန်တော်ဘဝရဲ့ မကောင်းမွန်ခဲ့တဲ့ပုံရိပ်တွေ အရောင်တွေရနံ့တွေကို သမီးလေးအပေါ် မထင်ဟပ်စေချင်မိခဲ့။ (ဒါကို ဖခင်တစ်ယောက်ရဲ့ မေတ္တာ ဖခင်တစ်ယောက်ရဲ့ သမီးတစ်ယောက်အပေါ် ချစ်တဲ့စိတ်လို့ ခေါ်လေမလား။ ကျွန်တော်မသိပါဘူး။ ကျွန်တော်သိတာက  သမီးကလေးနဲ့ပတ်သက်လို့ အဲဒီလိုခံစားချက်တချို့ဟာ အဲဒီအချိန်ကစပြီး  ကျွန်တော့်စိတ် အတွင်းသားတွေထဲမှာ အမှန်တကယ်ဖြစ်တည်ရှိနေခဲ့တယ်ဆိုတာပါပဲ။)

တကယ်လည်း ကျွန်တော့်ဘဝထဲကို နံနက်စောစောပွင့်တတ်တဲ့ ပန်းကလေးတစ်ပွင့်လို သမီးလေး ဝင်ရောက်လာခဲ့ပြီးတဲ့နောက်မှာ ကျွန်တော့်အတွက် အရေးပါတဲ့ကိစ္စဟာ သမီးလေးနဲ့ ထိစပ်နေတဲ့အရာတွေပဲ ဖြစ်လာခဲ့ပါတယ်။ ကျွန်တော့်အတွက် ပထမဦးစားပေးအကြောင်းအရာဟာ  သမီးလေးရဲ့ ခန္ဓာကိုယ် စိတ်နှလုံးသားနဲ့ ဘဝကိုမနာကျင်စေဖို့ပဲ ဖြစ်လာခဲ့ပါတယ်။ ဒီကမ္ဘာလောကကြီးထဲမှာရှိသမျှ အကောင်းဆုံးဆိုတဲ့အရာတွေကို သမီးလေးအတွက် ရယူပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ အလှပဆုံးဆိုတဲ့အခြေအနေတွေ အမွှေးပျံ့ဆုံးရနံ့တွေကို သမီးလေးအတွက် ခူးဆွတ်ရယူပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ မကောင်းမွန်တဲ့အရာမှန်သမျှကို သမီးလေးရဲ့ အနီးအနားကနေ ဖယ်ရှားနိုင်ဖို့ပဲဖြစ်ပါတယ်။ ယုတ်စွအဆုံး ကျွန်တော့်နှလုံးခုန်သံတွေ စည်းချက်မှန်မှန်လှုပ်ခတ်နေဖို့ အရေးမှာတောင် သမီးလေးရဲ့ ကိုယ်ငွေ့နွေးနွေးကလေးတွေဟာ မရှိမဖြစ် အဓိကကျလာခဲ့ပါတယ်။

ကျွန်တော့်သွေးတွေ ပုံမှန်စီးဆင်းလည်ပတ်နိုင်ဖို့အတွက် လိပ်ပြာကလေး အတောင်ပံခတ်သလို တဖျတ်ဖျတ်ခတ်တတ်တဲ့ သမီးလေးရဲ့ မျက်တောင်ကလေးတွေဟာ အဓိကကျလာခဲ့ပါတယ်။ သမီးလေးဟာ မှောင်နေတဲ့ ကျွန်တော့်တို့ဘဝရဲ့အလင်းရောင်တစ်စပဲ ဖြစ်ပါတယ်။ အေးစက်နေတဲ့ ကျွန်တော်တို့  နံနက်ခင်းတွေရဲ့ အနွေးဓာတ်ကလေးပဲ ဖြစ်ပါတယ်။ လမ်းပျောက်နေခဲ့တဲ့ ကျွန်တော့်တို့ အနာဂတ်ရဲ့ပန်းတိုင်ပဲ ဖြစ်ပါတယ်။ ကျွန်တော်ကိုင်နေကျ ဖုန်းရဲ့မျက်နှာပြင်ပေါ်က သမီးလေးရဲ့ဓာတ်ပုံကလေးကတောင် ကျွန်တော့်အတွက် အမြဲတမ်း အေးချမ်းနေတတ်တဲ့ ကျောက်စက်ရေစက်ကလေးတစ်စက်အဖြစ်ရှိခဲ့ပါတယ်။ (စကားမစပ် ဘဝတူလုပ်ဖော်ကိုင်ဖက်တွေရဲ့ လုပ်ငန်းခွင်ထဲမှာ ကျွန်တော့်ကို မမောမပန်းစေဘဲ အမြဲတမ်းတက်ကြွွနေစေခဲ့တဲ့ လျှို့ဝှက်ချက်ဟာ ဘာလဲလို့အမေးခံရတိုင်း “အဲဒါ ငါ့သမီးလေးရဲ့ မျက်ဝန်း နက်နက်ကလေးတွေပဲပေါ့။ အဲဒါ ၀ါဂွမ်းစကလေးလို နူးညံ့အိစက်နေတဲ့ ငါ့သမီးရဲ့ ပါးမို့မို့ကလေးတွေပဲပေါ့” လို့ ရယ်မောရင်း ဖြေရတာဟာ သိပ်ကို အရသာရှိလှပါတယ်။)

ပိုတယ်လို့ပဲဆိုဆို သမီးလေးရဲ့ နူးနူးညံ့ညံ့ လက်ကလေးတွေနဲ့ တွန်းထိုးခံလိုက်ရတဲ့နေ့များဆိုရင် ကမ္ဘာကြီးကို ပုံပြောင်းထုဆစ်ရမယ်ဆိုရင်တောင် ကျွန်တော်ဟာ  အပြံးုမပျက် ထုဆစ်မိလေမလားပါပဲ။ သမီးလေးရဲ့ ပြုံးစစမျက်ဝန်းကလေးတွေမှာ သမီးလေးရဲ့ နူးနူးညံ့ညံ့လှုပ်ခတ်မှုကလေးတွေမှာ နံနက်ခင်းတွေဟာ တကယ်ပဲ ကျွန်တော့်အတွက် ငွေနှင်းမှုန်တွေ တဖွဲဖွဲကြဲပက်ထားသလို လှပလာခဲ့ပါတယ်။

အထူးသဖြင့် သမီးလေးရဲ့အကြောင်းဟာ သမီးကလေးကို မွေးဖွားပြီးတဲ့နေ့ကစလို့ ကျွန်တော်ရဲ့ခေါင်းထဲမှာ အချိန်တိုင်းကူးခတ်။ သမီးလေးရဲ့ အနာဂတ်ဟာ ကျွန်တော့်ဝင်သက်ထွက်သက်တိုင်းမှာ အမြဲတမ်း အရောင်အသွေးအစုံနဲ့ တလက်လက်။ ဆေးလိပ်ဖြတ်ဖို့ ကွမ်းဖြတ်ဖို့ အရက်ဘီယာမသောက်တော့ဖို့ တစ်ယောက်ယောက်က မတိုက်တွန်းဘဲ ဆုံးဖြတ်ချက်တွေ ခိုင်မာလာခဲ့ပါတယ်။အလုပ်တွေကို နှစ်ဆပိုလုပ်ချင်စိတ်ဟာ သမီးကလေးရဲ့ အိပ်စက်နေပုံကလေးကနေ စတင် မြစ်ဖျားခံလာခဲ့တာပါလို့ဆိုရင် ပြုံးချင်စရာများ ဖြစ်နေမလားပါပဲ။

တွေဝေခဲ့သမျှ သမီးလေးစိတ်နဲ့ ပြတ်သားခဲ့။ ပေတေခဲ့သမျှ သမီးလေးမပေးတဲ့အမိန့်နဲ့ တည်ငြိမ်ခဲ့ပါတယ်။ ခြေလှမ်းတိုင်း မနက်ဖြန်တိုင်းမှာ သမီးလေးဆိုတဲ့ ဂါထာကိုသာ အခါခါရွတ်ဆိုခဲ့။ သမီးလေးဆိုတဲ့ ဂီတသံကလေးမှာ ကျွန်တော့်ဘဝတစ်ခုလုံး နူးညံ့ပျော့ပျောင်းခဲ့။ သမီးကလေးရဲ့ မပီပြင်သေးတဲ့ အပြုံးတစ်စွန်းတစ်စမှာ ကျွန်တော့်ရဲ့ ဆိုးမိုက်မှုတွေအားလုံးကို မင်နီတားပစ်ခဲ့။ သမီးလေးရဲ့ လှုပ်ခတ်ပုံကလေးတွေမှာ ကျွန်တော့်ရဲ့အသက်ကိုတောင် ပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုရင်တော့ ပိုမှန်လေမလားပါပဲ။

တကယ်တော့ ဒီစာကိုရေးနေခဲ့ချိန်မှာ သမီးလေးကျွန်တော်တို့ရဲ့ ဘဝထဲကို ရောက်ရှိလာခဲ့တာဟာ ရက်ပေါင်း ၁၀၀ တိတိ ပြည့်ရှိတော့မှာပဲ ဖြစ်ပါတယ်။ သမီးလေးဆိုတဲ့ ပန်းကလေးတစ်ပွင့် ကျွန်တော်တို့ရဲ့ နှလုံးအိမ်ထဲမှာ ပွင့်နေခဲ့တာဟာ ရက်ပေါင်း ၁၀၀ တိတိ  ပြည့်တော့မှာပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သမီးလေးဆိုတဲ့ လလေးတစ်စင်း ကျွန်တော်တို့ရဲ့ကောင်းကင်မှာ သာခဲ့တာဟာ ရက်ပေါင်း ၁၀၀ တိတိ ပြည့်ရှိတော့မှာပဲ ဖြစ်ပါတယ်။ အဲဒီလိုပါပဲ သမီးလေးကြောင့်  ကျွန်တော်မိသားစုရဲ့ ပုံရိပ်တွေ စိုပြည်စိမ်းလန်းခွင့်ရခဲ့တာ သမီးလေးကြောင့် သာယာတဲ့ဆည်းလည်းသံကလေးတွေကို နားဆင်ခွင့်ရခဲ့တာဟာလည်း ရက်ပေါင်း ၁၀၀ တိတိပြည့်မြောက်တော့မှာပဲ ဖြစ်ပါတယ်။

သေချာတာကတော့ သမီးကလေးဟာ ကျွန်တော်တို့အတွက် ထာဝရသာနေမယ့်  လမင်းကလေးပဲ ဖြစ်ပါတယ်။ မှောင်နေတဲ့ ကျွန်တော့်တို့ဘဝရဲ့ အလင်းရောင်တစ်စပဲ ဖြစ်ပါတယ်။ အေးစက်နေတဲ့ ကျွန်တော်တို့ နံနက်ခင်းတွေရဲ့ အနွေးဓာတ်ကလေးပဲ ဖြစ်ပါတယ်။ လမ်းပျောက်နေခဲ့တဲ့ ကျွန်တော့်အ နာဂတ်ရဲ့ပန်းတိုင်ကလေးပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီစာစုကလေးရဲ့ ခေါင်းစဉ်နေရာမှာ အခြားခေါင်းစဉ်တစ်ခုခုပေးဖို့ ကျွန်တော်စဉ်းစားကြည့်မိခဲ့ပါသေးတယ်။ ဒါပေမဲ့ “မေညလင်းမြူ” ဆိုတဲ့ သမီးလေးရဲ့ နာမည်ကိုပဲ အမှတ်တရရေးထိုးပေးလိုက်မိပါတယ်။

Most Read

Most Recent