တာလီဘန်တို့အားကြောက်ရွံ့နေသည့် အာဖဂန်နစ္စတန်၏ တစ်ဦးတည်းသောဂျူးလူမျိုး

တာလီဘန်တို့အားကြောက်ရွံ့နေသည့် အာဖဂန်နစ္စတန်၏ တစ်ဦးတည်းသောဂျူးလူမျိုး
Photo:AFP
Photo:AFP
Published 2 May 2021
ရန်မျိုးအောင်

ဆိုဗီယက်၏ကျူးကျော်ဝင်ရောက်မှု၊ ဆိုးရွားပြင်းထန်သည့်ပြည်တွင်းစစ်၊ တာလီဘန်တို့၏ ရက်စက်စွာအုပ်ချုပ်မှုနှင့် အမေရိကန်ဦးဆောင်သည့် ဝင်ရောက်တိုက်ခိုက်မှုအစရှိသည့် အခြေအနေများတွင် အသက်ရှင်ကျန်ရစ်ခဲ့သည့် ဇီဘူလွန်ဆင်မန်တော့ဗ်သည် ဆယ်စုနှစ်များစွာကြာ နေထိုင်ခဲ့သည့်  ၎င်း၏အမိမြေ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားခြင်းမရှိခဲ့ပေ။

သို့သော်လည်း တာလီဘန်များ အာဏာပြန်လည်ရရှိလာမည့် အလားအလာရှိနေသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် တစ်ဦးတည်းသာကျန်ရှိတော့သည့် ဂျူးလူမျိုးဖြစ်သည့် သူ့အတွက်မှာမူ နိုင်ငံအတွင်းမှထွက်ခွာရတော့မည့် အခြေအနေသို့ရောက်ရှိလာခဲ့သည်။

“ကျွန်တော် ဘာလို့ဆက်နေရတော့မှာလဲ။ သူတို့က ကျွန်တော်တို့ မိစ္ဆာဒိဋ္ဌိလို့ ခေါ်နေပါတယ်” ဟု ဆင်မန်တော့ဗ်က ကဘူးမြို့တော်ရှိ တစ်ခုတည်းသော် ဂျူးဘုရားကျောင်းထဲတွင် အေအက်ဖ်ပီသတင်းဌာနအား ပြောကြားခဲ့သည်။

“ကျွန်တော်ဟာ အာဖဂန်နစ္စတန်မှာ နောက်ဆုံးနဲ့ တစ်ဦးတည်းသော ဂျူးလူမျိုုးဖြစ်ပါတယ်။ဒီမှာဆိုရင် အခြေအနေတွေက ကျွန်တော့်အတွက်ပိုဆိုးလာဖို့ပဲရှိပါတယ်။ အဲဒါကြောင့် တာလီဘန်တွေ အာဏာပြန်ရလာမယ်ဆိုရင် ကျွန်တော်လည်း အစ္စရေးကိုသွားဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နှင့်တာလီဘန်ကြား သဘောတူညီချက်အရ ယခုနှစ်ကုန်ပိုင်းတွင် အာဖဂန်မှ အမေရိကန်တပ်ဖွဲ့များအားလုံး ပြန်လည်ရုပ်သိမ်းမည်ဖြစ်ပြီး အာဖဂန်အစိုးရနှင့် တာလီဘန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းမှုများမှာလည်း ဆက်လက်လုပ်ဆောင်နေသဖြင့် တာလီဘန်တို့ အာဏာပြန်ရလာဖွယ်ရှိသည်ဟု သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။

၁၉၅၀ ပြည့်နှစ်က အာဖဂန်အနောက်ပိုင်း ဟီရက်မြို့တွင် မွေးဖွားခဲ့သည့် ဆင်မန်တော့ဗ်သည် ဆိုဗီယက်တို့ကျူးကျော် ဝင်ရောက်လာသည့် ၁၉၈၀ ပြည့်နှစ်အစောပိုင်းကာလများတွင် ကဘူးမြို့တော်သို့ ပြောင်းရွှေ့ခဲ့ပြီး ၎င်း၏ဆွေမျိုးများနှင့်အတူ တည်ငြိမ်အေးချမ်းစွာနေထိုင်ခဲ့သည်။

အာဖဂန်နစ္စတန်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၂,၅၀၀ ကျော်ကတည်းက ဂျူးလူမျိုးများနေထိုင်ခဲ့ပြီး တစ်ချိန်က ဂျူးလူမျိုးပေါင်း သောင်းနှင့်ချီနေထိုင်ခဲ့သည့် ဟီရတ်မြို့တွင် ယနေ့အချိန်အထိ ဂျူးဘုရားကျောင်းလေး ကျောင်းတည်ရှိနေဆဲဖြစ်သည့်အချက်က အာဖဂန်တွင် ရှေးပဝေသဏီကတည်းက ဂျူးလူမျိုးများနေထိုင်ခဲ့သည့် ပြယုဂ်တစ်ခုဖြစ်နေသည်။

သို့သော်လည်း ၁၉ ရာစုကတည်းက ဂျူးလူမျိုးများသည် အာဖဂန်မှ ထွက်ခွာသွားခဲ့ကြကာ ၎င်းတို့အနက် အများစုမှာ လက်ရှိတွင် အစ္စရေးနိုင်ငံ၌ နေထိုင်နေကြသည်။

ပြီးခဲ့သည့်ဆယ်စုနှစ်များစွာကတည်းက ဆင်မန်တော့ဗ်၏ ဇနီးသည်နှင့် သမီးနှစ်ဦးအပါအဝင် ဆွေမျိုးများသည် အာဖဂန်မှ ထွက်ခွာသွားခဲ့ကြသည်။

ထို့ကြောင့် လက်ရှိတွင် ဆင်မန်တော့ဗ်သည် အာဖဂန်တွင် ကျန်ရှိနေသည့် တစ်ဦးတည်းသော ဂျူးလူမျိုးဖြစ်လာခဲ့သည်။

အာဖဂန်ရိုးရာ သင်တိုင်းအကျႌနှင့် ဘောင်းဘီပွပွကို ဝတ်ဆင်ထားပြီး ဂျူးရိုးရာဦးထုပ်နှင့် ဘာသာရေးနှာဖူးစည်းတို့ကို ဝတ်ဆင်ထားသည့် ဆင်မန်တော့ဗ်သည် ဆိုဗီယက်တို့၏ ကျူးကျော်ဝင်ရောက်မှုမတိုင်မီ အာဖဂန်နစ္စတန်တွင် အကောင်းဆုံးနေ့ရက်များကို ပြန်လည်သတိရနေမိသည်။

“အဲဒီအချိန်တွေတုန်းကဆိုရင် ဘယ်ဘာသာဝင်မဆို ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိခဲ့ပါတယ်” ဟု ဆင်မန်တော့ဗ်က ပြောကြားခဲ့ပြီး အာဖဂန်နိုင်ငံသားတစ်ဦး ဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။

ဂျူးဘုရားကျောင်း စီးနင်းခံရခြင်း

ဆိုဗီယက်တို့ဝင်ရောက်ကျူးကျော်ပြီး နောက်ပိုင်းအချိန်များ အထူးဖြင့်တာလီဘန်တို့အုပ်ချုပ်ခဲ့သည့် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များသည့် ဆင်မန်တော့ဗ်အတွက် ခါးသီးသည့် ဖြစ်ရပ်များဖြစ်ခဲ့သည်။အစ္စလာမ်မစ်များသည် ၎င်းအားဘာသာပြောင်းရန် ကြိုးပမ်းခဲ့ကြသည်ဟု ဆိုသည်။

“အရမ်းဆိုးဝါးတဲ့ တာလီဘန်အစိုးရဟာ ကျွန်တော့်ကို လေးကြိမ်ထောင်ချခဲ့ပါတယ်” ဟု ဆိုင်မန်တော့ဗ်က ပြောကြားခဲ့သည်။

ဖြစ်ရပ်တစ်ခုတွင် တာလီဘန်တို့သည် ဂျူးဘုရားကျောင်းတစ်ကျောင်းကို ဝင်ရောက်ရှာဖွေခဲ့ပြီး ဟေဗြဲဘာသာစကားဖြင့် ရေးသားထားသည့် စာအုပ်များကို ဆုတ်ဖြဲခြင်း၊ ဂျူးလူမျိုးများဝတ်ပြုရာတွင် အသုံးပြုသည့် ဖယောင်းတိုင်ထွန်းသည့်စင်များကို ရိုက်ချိုးခြင်း၊ ရှေးဟောင်း ဟေဗြဲသမ္မာန်ကျန်းစာကိုု ယူဆောင်သွားခြင်းတို့ရှိခဲ့သည်ဟု ဆင်မန်တော့ဗ်က ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ဒေါသမပြေသေးသည့်ပုံစံဖြင့် ပြောကြားခဲ့သည်။

“ဒီနိုင်ငံဟာ အစ္စလာမ်မစ်စော်ဘွားနိုင်ငံဖြစ်ပြီး ဂျူးတွေအတွက် ဘာအခွင့်အရေးမှမရှိဘူးလို့ တာလီဘန်တွေက ပြောခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည့်တိုင် ဆင်မန်တော့ဗ်သည် အာဖဂန်မှထွက်ခွာခြင်းမရှိခဲ့ပေ။

“ကျွန်တော် တင်းခံခဲ့ပါတယ်။အာဖဂန်မှာ တမန်တော်မိုရှေးရဲ့ ဘာသာရေးကို ဂုဏ်တက်အောင် လုပ်ဆောင်ခဲ့ပါတယ်” ဟု ဆင်မန်တော့ဗ်က ပြောကြားခဲ့ပြီး ဂျူးဘုရားကျောင်း၏ကြမ်းပြင်ကို နမ်းရှုံ့ခဲ့သည်။

ထို့ပြင် ဂျူးနှစ်သစ်ကူးဖြစ်သည့် ရို့ရှ်ဟာရှာနာနှင့် ယွန်ကစ်ပူး ဘာသာရေးအခါတော်နေ့များကိုလည်း ဂျူးဘုရားကျောင်းမှာပင် မပျက်မကွက်ပြုလုပ်ခဲ့ပြီး တစ်ခါတစ်ရံတွင် သူ၏ မွတ်ဆလင်မိတ်ဆွေများပါ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ယုံကြည်မှုပျောက်ဆုံးခြင်း

“ကျွန်တော်သာမရှိရင် ဒီဘုရားကျောင်းလည်း အခုအချိန်ဆို ၁၀ ကြိမ်၊ အကြိမ် ၂၀ လောက် ရောင်းစားခံနေရလောက်ပါပြီ” ဟု  ဆင်မန်တော့ဗ်က ပြောကြားခဲ့ပြီး ဘုရားကျောင်း၏ ဘေးကပ်ရက်တွင်ရှိသည့် ၎င်းနေထိုင်သည့် တန်းလျားသို့ ထွက်ခွာသွားခဲ့သည်။

ဆွေမရှိ၊ မျိုးမရှိ တစ်ဦးတည်းသာနေထိုင်သည့် ဆိုင်မန်တော့ဗ်သည် အနီရောင်ကော်ဇောခင်းထားသည့် အခန်းထဲ၌ အသေးစားဂက်စ်မီးဖိုပေါ်တွင် ၎င်းအတွက် စားသောက်ဖွယ်ရာများ ပြင်ဆင်နေသည်။

အခန်းထဲတွင် စားပွဲခုံတစ်လုံရှိပြီး ယင်းစားပွဲခုံပေါ်တွင် စာအုပ်အချို့နှင့် ၎င်း၏သမီးငယ်နှစ်ဦး၏ ဓာတ်ပုံအဟောင်းများတင်ထားသည်။

၂၀၀၁ ခုနှစ်တွင် တာလီဘန်အစိုးရအဖွဲ့ ပြုတ်ကျသွားခဲ့ချိန်က အာဖဂန်နစ္စတန်သည် ဖွံ့ဖြိုးတိုးတက်လာလိမ့်မည်ဟု ၎င်းကယုံကြည်ခဲ့သည်။

“ဥရောပသားတွေနဲ့ အမေရိကန်တွေဟာ ဒီနိုင်ငံကို ပြုပြင်ထိန်းသိမ်းသွားလိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး” ဟု ဆိုင်မန်တော့ဗ်က ပြောကြားခဲ့သည်။

ဆိုင်မန်တော့ဗ်သည် အာဖဂန်မှ ထွက်ခွာတော့မည်ဆိုသဖြင့် ၎င်း၏အိမ်နီးချင်းများက စိတ်မကောင်းဖြစ်နေကြသည်။

“သူဟာ လူကောင်းတစ်ဦးပါ။ နှစ်ပေါင်း ၂၀ လုံး ကျွန်တော့်ဆိုင်မှာ အားပေးခဲ့တဲ့ ဖောက်သည်ကြီးပါ။ သူထွက်သွားတော့မယ်ဆိုရင် ကျွန်တော်တို့သူ့ကို သတိရနေမိမှာပါ” ဟု ဘုရားကျောင်းအရှေ့တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် ရှာကီယာအဇီဇီဆိုသူက ပြောကြားခဲ့သည်။

သို့သော် ဆိုင်မန်နော့ဗ် အာဖဂန်မှ မထွက်ခွာဘဲ ဆက်နေမည်ဆိုလျှင် ကြုံတွေ့လာနိုင်သည့် အခြေအနေများကို ထိတ်လန့်နေသည်။

“တာလီဘန်တွေဟာ လွန်ခဲ့တဲ့ ၂၁ နှစ်လောက်က ပုံစံမျိုးပဲလာဦးမှာပါ။ အာဖဂန်နစ္စတန်အပေါ် ကျွန်တော်ယုံကြည်ချက် ပျောက်ဆုံးသွားပါပြီ။ ဒီနိုင်ငံမှာဘဝဆိုတာ မရှိတော့ပါဘူး” ဟု ဆိုင်မန်နော့ဗ်က ပြောကြားခဲ့သည်။

Most Read

Most Recent