အမိုးအကာမလုံခြုံ၍ လာမည့်မိုးရာသီအတွက် ကြိုတင်စိုးထိတ်နေကြသည့် ရခိုင်စစ်ဘေးရှောင်များ

အမိုးအကာမလုံခြုံ၍ လာမည့်မိုးရာသီအတွက် ကြိုတင်စိုးထိတ်နေကြသည့် ရခိုင်စစ်ဘေးရှောင်များ
ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ရှောင်စခန်းကိုတွေ့ရစဉ်
ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ရှောင်စခန်းကိုတွေ့ရစဉ်
Published 25 April 2021
၀င်းကျော်အောင်

သင်္ကြန်လွန်လာပြီဖြစ်၍ မိုးကောင်းကင်၌ တိမ်မည်းညိုတို့ကို မကြာခဏမြင်လာရပြီ။ ညနေလေကလည်း တစ်ချက်ချက် ခပ်ကြမ်းကြမ်းနိုင်လှသည်။ မြောက်ဦးမြို့နယ်ထဲက တိမ်ညိုစစ်ဘေးရှောင် စခန်းအလယ် ရေကန်ပေါင်က ကုက္ကိုပင်ကြီးတွေလည်း အရွက်တွေ ပိန်းပိတ်စိမ်းညို့နေလေပြီ။ စာကလေးတွေက ကုက္ကိုပင်ကြီးတွေမှာ အုပ်စုလိုက်လာနားလိုက်၊ ပျံသွားလိုက်နှင့်။ သူတို့ မိုးရာသီအတွက် အသစ်ဆောက်ဖို့ ပြင်ဆင်နေသည်လားမသိ။ မိုးရာသီနီးလာပြီဆိုသည်နှင့် မိုးခိုဖို့ ငှက်ကလေးတွေကလည်း အသိုက်ဆောက်ကြသည်။ လူတွေကလည်း နေအိမ်တွေကို မိုးလုံအောင် ဆောက်ကြရသည်။ ပြင်ကြရသည်မဟုတ်ပါလား။

မပေါက်စတို့ မိသားစုသည် မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းနံဘေးက တိမ်ညိုစစ်ဘေးရှောင်စခန်းကို ရောက်လာသည်မှာ ယခုမိုးရာသီဆိုလျှင် သုံးမိုးတိုင်တိုင် ရှိတော့မည်။ မူလရွာဖြစ်သော မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာမှ ထွက်ပြေးလာရစဉ်က ကုန်းဘောင်ရွာသို့ ပထမဦးဆုံး သွားရောက်ခိုလှုံခဲ့ရပြီးမှ တိမ်ညိုစစ်ရှောင်စခန်းသို့ ခိုလှုံရောက်လာခြင်းဖြစ်သည်။ လက်ရှိနေသည့် တဲအိမ်ကလည်း အခေါင်ကပေါက်၊ အခင်းကပေါက်နှင့် အကာကလည်း လေပြင်းဒဏ်ကို မည်သို့မျှ ခံနိုင်တော့မည်မဟုတ်။ မပေါက်စတို့နေလာခဲ့သည့် ပေါက်ပင်ကွင်းရွာကိုလည်း မပြန်နိုင်သေးတော့ ဒီတစ်မိုးတော့ တိမ်ညိုစစ်ရှောင်စခန်းမှာပင် ထပ်ပြီးခိုရဦးမည်ဟု မပေါက်စတစ်ယောက် ဆုံးဖြတ်ထားသည်။

တိမ်ညိုစခန်းမှာ မပေါက်စတို့ထက် ဒုက္ခရောက်နေသူများလည်း ရှိသေးသည်။ တစ်ပူပေါ်နှစ်ပူဆင့်သူများဟု ဆိုရမည်။ စစ်ဘေးဒုက္ခသည်ဘဝက တစ်ဖန်မီးဘေးဒုက္ခသည် ဖြစ်ကြရသည်။ လွန်ခဲ့သည့် မတ် ၁၇  ရက်နေ့  ညကိုပြန်သတိရသွားသည်။ ယင်းနေ့ညနေက မပေါက်စတို့ တီဗီစလောင်းမှလာသည့် သတင်းများကို စခန်း၏ ကော်မတီအဆောင်မှာ ကြည့်နေစဉ် ည ၇ နာရီကျော်ခန့်တွင် ပေါက်ကွဲသံ ထွက်လာသည့်အတွက် ထွက်ကြည့်သည့်အခါ မိမိတို့စခန်းအလယ်မှ မီးတောက်ကြီးကို လှမ်းမြင်လိုက်ရသည်။ စခန်းမီးလောင်နေပြီ။ မပေါက်စသည် တီဗီကြည့်နေသည့် အဆောင်မှ မိမိတဲအိမ်သို့ အပြေးအလွှားသွားသည်။ မီးက အမိုးစွန်းများထိစပ်နေသည့် တဲအိမ်များကို တရစပ် ၀ါးမျိုလောင်ကျွမ်းနေလေပြီ။ ရရာရေအိုးရေခွက် များနှင့်ပက်သော်လည်း ဘာမှမထူး။ မပေါက်စတို့ တဲတန်းနှင့် မီးလောင်နေသည့်နေရာနှင့် ဆိုလျှင် လမ်းကလေးတစ်လမ်းသာ ခြားထားသည်။ မီးကူးစက်မလာရအောင် လမ်းနှင့်နီးသည့် တဲအိမ်များကို ချက်ချင်းဖြိုဖျက်လိုက်ကြသည်။

ကံကောင်းထောက်မစွာဖြင့် မပေါက်စတို့ တဲတန်းဘက်ကို မီးကူးစက်မှုမရှိခဲ့ပေ။ သို့ရာတွင် နာရီပိုင်းအတွင်းမှာပင် လက္ကာ၊ ခူလှိုင်၊ ပေါက်ပင်ကွင်း၊ ဘူးရွက်မညှိုး၊ လင်းမြွေတောင်၊ မြောင်းဘွေ၊ အောက်သားကန်စသည့် ကျေးရွာမှ စစ်ရှောင်များ နေထိုင်သည့် တဲအလုံးပေါင်း ၆၀၀ ကျော် မီးထဲပါသွားသည်။ ကလေးတွေကငို၊ အမျိုးသမီးတွေလည်းအော်ငို၊ အမျိုးသားတွေကလည်း မိသားစုကိုပြန်စုရင်း တိမ်ညို စစ်ဘေးရှောင်စခန်းသည် ကမ္ဘာပျက်ညကို ဖြတ်သန်းနေကြရသည်။ အိုးမရှိအိမ်မရှိဝတ်စရာမရှိ ဖြစ်သွားခဲ့ရသည့် အပူသည် ၂၅၀၀ ကျော်ကို ဘုန်းတော်ကြီးကျောင်းမှာ နေရာချပေးရင်း စုထိုင်နေခဲ့ကြရသည်။ စခန်းတစ်ခုလုံးက လူအားလုံးအပူမီးတောက်ခဲ့ကြရသည့်ညလည်း ဖြစ်သည်။

“မီးက ည ၇ နာရီကျော်လောက်မှ စလောင်တာ။ တစ်နာရီလောက်အတွင်းမှာပဲ တဲအလုံးပေါင်း ၆၀၀ ကျော် မီးထဲပါသွားတယ်။ မီးသတ်ကားရောက်တော့ အားလုံးမီးကျွမ်းသွားခဲ့ပြီ။ တဲအိမ်တွေက ထိစပ်နေတော့ ဘယ်လိုမှ မီးသတ်လို့မရလိုက်ဘူး။ သူတို့က ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေနဲ့ လပ်နေတဲ့အဆောက်အအုံတွေမှာ နေကြရတယ်။ မိုးမကျခင်တော့ တဲအိမ်တွေအားလုံး ဆောက်လုပ်ပြီးစီးစေချင်တယ်။ ကျွန်မတို့တဲအိမ်တွေကလည်း မီးထဲပါမသွားပေမယ်လို့ ပြင်ဆောက်ရတော့ မယ်။ တဲအိမ်က မိုးဒဏ်ကို မခံနိုင်တော့ဘူး။ လေတိုက်ရင် ပြိုလဲတော့မယ့်အခြေအနေပါ” ဟု မပေါက်စက ပြာပုံအတိဖြစ်နေသည့် မီးလောင်ပြင်ကို ငေးကြည့်ရင်းပြောသည်။

လက်ရှိတွင် မီးဘေးသင့်တိမ်ညို စစ်ရှောင်စခန်းတွင် အလှူရှင်များ၏ လှူဒါန်းငွေတို့ဖြင့် ကျပ်နှစ်သိန်းတန် ဓနိမိုး ၀ါးထရံကာ ၀ါးတဲအိမ်များကို ဆောက်လုပ်နေပြီဖြစ်သည်။ မီးလောင်သွားသည့် တဲအိမ်အလုံးပေါင်း ၆၆၃ လုံးနှင့် မီးမလောင်ဘဲ ကျန်ခဲ့သော်လည်း မိုးလုံရန် ပြန်လည်ပြုပြင်ရမည့် တဲအိမ်က ၂၀၀ ကျော်ရှိသည်ဟု စခန်းတာဝန်ခံများထံမှသိရသည်။

မီးဘေးသင့် စစ်ရှောင်အိမ်ထောင်စုများမှာ နေရပ်သို့မပြန်နိုင်သေးသည့်အတွက် မီးလောင်ပြင်ကိုရှင်းလင်းကာ ကျပ်နှစ်သိန်းတန် ဓနိမိုးဝါးတဲများ ဆောက်လုပ်လျက်ရှိရာ လက်ရှိတွင် တဲအိမ် ၃၅၀ ခန့် ဆောက်လုပ်ပြီးစီးနေပြီဟုလည်း ဆိုကြသည်။

ထို့ပြင် လက်ရှိဆောက်လုပ်နေသည့် တဲအိမ်များကို မီးဘေးမှ ရှောင်ရှားနိုင်ရန် တဲအိမ်တစ်လုံးနှင့် တစ်လုံး လေးပေခြားကာ ယခင်တဲအိမ်ထက် မြှင့်ထားပြီး စခန်းအဝင်လမ်းကိုလည်း မော်တော်ကား ဝင်၍ရအောင် ကိုးပေခန့်ချဲ့ထားကြောင်း စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

“မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်တွေကို မိုးမကျမီ အပြီးဆောက်လုပ်ဖို့အတွက် ကျွန်တော်တို့ကြိုးစားနေရပါတယ်။ အခုတော့တဲအိမ်တွေကို အလှူရှင်တွေရဲ့ ပါဝင်လှူဒါန်းငွေတွေနဲ့ ဆောက်လုပ်နေတာပါ။ တဲအိမ်အလုံးပေါင်း ၅၀၀ အတွက် အလှူငွေတွေရထားပြီး ဒီကနေ့အထိ တဲအလုံး ၃၅၀ ဆောက်လုပ်ပြီးစီးနေပါပြီ။ ဆောက်ရမယ့် တဲအိမ်အရေအတွက်က မီးလောင်ဆုံးရှုံးသွားတာ ၆၆၃ လုံးဖြစ်ပြီးတော့ မီးမလောင်ဘဲ ကျန်ခဲ့တဲ့တဲအိမ် ၂၀၀ ကျော်ကိုလည်း ပြန်ပြင်ရမယ့် အနေအထားရှိပါတယ်။ ဒါကြောင့် အလှူရှင်တွေ လိုအပ်နေပါသေးတယ်” ဟု စခန်းတာဝန်ခံ ဦးစိုးနိုင်က ပြောကြားသည်။

အဆိုပါ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၁၃ ရွာမှ လာရောက်ခိုလှုံနေကြရခြင်းဖြစ်ပြီး အိမ်ထောင်စု ၈၅၄ စုနှင့် လူဦးရေ ၃၃၅၅ ဦးရှိကြောင်းနှင့် ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများနှင့် တဲအိမ်များ ဆောက်လုပ်ခဲ့ခြင်းလည်းဖြစ်သည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းသည် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်လူဦးရေ အများဆုံးစခန်းတစ်ခုဖြစ်ပြီး အိမ်ထောင်စု ၈၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော်ရှိသော စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ရပ်ရွာစွန့်ခွာ ထွက်ပြေးလာကြရသူပေါင်း နှစ်သိန်းကျော်မှာ လတ်တလော တိုက်ပွဲများမရှိသော်လည်း မိမိနေရပ်ကို မပြန်နိုင်ကြသေး။ မူရင်းကျေးရွာများတွင် နေအိမ်များ ပျက်စီးနေခြင်း၊ မီးရှို့ဖျက်ဆီးခံရခြင်း၊ ရိက္ခာနှင့် ကျွဲ၊နွားတို့မှာလည်း မရှိတော့ပြီဖြစ်သည့်အတွက် မူလကျေးရွာများသို့ ပြန်ပြီးလုပ်ကိုင်စားသောက်ရန် အခက်အခဲရှိနေကြသည်။

“ရွာကိုပြန်လို့ရော စိတ်အေးရမလား။ တိုက်ပွဲပြန်ဖြစ်ရင် ထပ်ပြေးရဦးမယ်။ နောက်ရွာက အိမ်လည်းပြိုပျက်သွားခဲ့ပြီဖြစ်သလို တောတောင်တက်ဖို့ဆိုတာလည်း မိုင်းအန္တရာယ်က ရှိနေသေးတယ်။ အားလုံးစိတ်ချရမှ ပြန်နိုင်မယ့် အနေအထားပါ” ဟု ၎င်း၏ကျေးရွာဖြစ်သော အောက်သားကန် ကျေးရွာဘက်ကို လှမ်းမျှော်ကြည့်ရင်း မပေါက်စက ပြောကြားသည်။

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းများမှာ မိုးရာသီနှစ်ခုကို ဖြတ်သန်းခဲ့ကြပြီးဖြစ်သဖြင့်စခန်းရှိ ယာယီတဲအိမ်များကို ဆောက်လုပ်ထားသည့် ၀ါးထရံများ၊ ၀ါးကြမ်းခင်းများနှင့် အမိုးဓနိများမှာ လာမည့်မိုးရာသီကို ခုခံနိုင်စွမ်း မရှိကြတော့။ အသစ်ပြန်လည်တည်ဆောက်ဖို့လိုနေသည့် စခန်းများရှိသလို ပြန်လည်ပြုပြင်ရတော့မည့်စခန်းက အများအပြားရှိနေပြီ ဖြစ်သည်။

မြေပုံမြို့နယ်တွင် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်း၊ စညှင်းစစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ်တွင် ညောင်ချောင်း စစ်ဘေးရှောင်စခန်းတို့မှာ မိုးရွာလျှင် မိုးစိုကြရမည့်အနေအထားဖြစ်နေပြီ။ 

အိမ်ထောင်စု ၈၂၀၊ လူဦးရေ ၃၄၀၀ ကျော် နေထိုင်လျက်ရှိသည့် ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် တဲအိမ်သုံးပုံတစ်ပုံခန့်မှာ ပျက်စီးနေပြီး ကျန်တဲအိမ်များမှာလည်း အမိုးအကာများ ပျက်စီးနေသဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်နေပြီဟု စခန်းတာဝန်ခံများထံမှသိရသည်။  နေအိမ်များ မီးလောင်ဆုံးရှုံးသွားသည့် ကုလားတန်အထက်ပိုင်း တင်းမကျေးရွာ၊ ပြိုင်းတိုင်းကျေးရွာများမှ အိမ်ထောင်စုများ ဖြစ်နေသည့်အတွက် နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်ကြောင်းသိရသည်။

“တဲအိမ်တွေက အမိုးလည်းမလုံ၊  အကာလည်း မလုံတော့ဘူး။ ခြေရင်းက တိုင်တွေယိုင်နေပြီ။ အမိုးမလုံတဲ့အတွက် မိုးရွာလာတာနဲ့ ဒုက္ခသည်တွေ အိပ်ဖို့မရနေဖို့ မရတဲ့အထိ ဖြစ်သွားနိုင်တယ်။ ၀ါးတွေ၊ သစ်တွေရှာပြီး ပြုပြင်ဖို့အတွက်ကျတော့လည်း ငွေမရှိကြတော့ အလှူရှင်တွေကိုပဲ အားကိုးနေရပါတယ်” ဟု ညောင်ချောင်းစခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ပြောကြားသည်။

မြေပုံမြို့နယ်မှ ဒလက်၊ ဟင်းခရော်၊ ညောင်ကန်၊ ဆင်အုန်းတိုင်းစသည့် ကျေးရွာသားများ ခိုလှုံနေကြသည့် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင်လည်း ယာယီတဲအိမ် ၄၀၀ ကျော်မှာ ယိုယွင်းပျက်စီးနေပြီလည်း ဖြစ်သည်။

“အိမ်ပြန်လည်ဆောက်ဖို့အတွက်  အမိုးအကာ ဓနိ၊ ၀ါးလိုပါတယ်။ မပြုပြင်ဘဲထားလိုက်ရင် ဒီနှစ်မိုးရာသီမှာ နေရေးထိုင်ရေး တော်တော်လေးကို အခက်အခဲဖြစ်နိုင်ပါတယ်” ဟု ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးမောင်အေးသာက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် တဲအိမ်များ အလှူရှင်များ၏ စုပေါင်းအလှူငွေများဖြင့် ဓနိ၊ တာလပတ်၊ ၀ါးတို့ကို အသုံးပြုကာ ယာယီခိုလှုံနေထိုင်နိုင်ရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 ယခုယိုယွင်း တဲအိမ်ပျက်စီးမှုများကို အစိုးရကလည်း တည်ဆောက်ပေးမှု တစ်စုံတစ်ရာမရှိသေးသလို အလှူရှင်များကလည်း လှူဒါန်းမှုမရှိသေးသည့်အတွက် မိုးရာသီကျရောက်လျှင် ခေါင်မိုးမလုံသေးသည့် တဲအိမ်များလဲပြိုမှာ၊  မိုးစိုမှာကို စစ်ဘေးရှောင်များက စိုးရိမ်နေကြရသည်။

အထူးသဖြင့် မီးရှို့ခံရသည့် ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာမှ နေအိမ်များကို လာမည့်မိုးရာသီမတိုင်မီ အစိုးရက အပြီးဆောက်လုပ်ပေးရန် ကျေးရွာသားများက မျှော်လင့်နေကြသည်။

အဆိုပါ ကျေးရွာနှစ်ရွာရှိ နေအိမ် ၁၈၄ အိမ် မီးလောင်ဆုံးရှုံးခဲ့သော်လည်း အစိုးရက ကျပ်သိန်း ၅၀ တန်ဖိုးရှိ နေအိမ်များကို တစ်ရွာလျှင် အလုံး ၂၀ စီ ဆောက်လုပ်ပေးခဲ့သည်။ သို့ရာတွင် ကျန်နေအိမ် ၁၄၀ ကျော်ကို တည်ဆောက်ခြင်း မရှိသေးပေ။

“မိုးသာရွာရင် တကယ်ဒုက္ခရောက်ပြီ။ အဲဒါကြောင့် ဆောက်ဖို့ကျန်တဲ့ နေအိမ် ၁၄၀ ကို မိုးမရွာခင်မှာ အမြန်ဆုံးဆောက်လုပ်ပေးစေချင်ပါတယ်။ အစိုးရက ပြန်ဆောက်ပေးမယ်ဆိုလို့ စောင့်နေတာပါ။ပြန်မဆောက်ပေးရင်တော့ ကျွန်တော်တို့ ဒီအတိုင်းနေနေရမှာ။ ကျွန်တော်တို့ တစ်သက်စုထားတဲ့ ပိုင်ဆိုင်မှုတွေ အားလုံးမီးထဲပါသွားပြီ။ကိုယ့်အိမ်ကိုယ်ပြန်ဆောက်နိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူး” ဟု ဘုရားပေါင်းကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါဘုရားပေါင်းကျေးရွာမှ နေအိမ် ၉၀ နှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၅၄ဆောင်တို့ကို ပြန်လည်ဆောက်လုပ်ပေးရန် တင်ဒါခေါ်ထားကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းကစတင်ကာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သိန်းကျော်အထိရှိခဲ့ပြီး လက်ရှိတွင်ဒေသတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသဖြင့် စစ်ဘေးရှောင်အချို့မှာ မိမိနေရပ်သို့ပြန်သွားကြသူများလည်း ရှိနေသည်။

ယခုလက်ရှိ စစ်ဘေးရှောင်စခန်း ၁၄၈ ခုတွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းခြောက်သောင်းကျော် နေထိုင်လျက်ရှိပြီး ယင်းစစ်ဘေးရှောင်များမှာ နေအိမ်ပျက်စီးဆုံးရှုံးမှုများကြောင့် မပြန်နိုင်ကြသူများရှိသလို ကျေးရွာအနီးအနား တပ်မတော်က တပ်စွဲထားမှုများနှင့် မိုင်းအန္တရာယ်ဖြစ်မှာကို စိုးရိမ်သဖြင့် မပြန်နိုင်ကြသူများဖြစ်သည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။

ယင်းသို့ပျက်စီးနေသည့် ယာယီတဲအိမ်များကို မိုးရာသီသို့ မရောက်ရှိမီအချိန်တွင် ပြည်တွင်းပြည်ပအလှူရှင် များနှင့် နိုင်ငံတာအဖွဲ့အစည်းတို့က ပြုပြင်ပေးစေလိုကြောင်း စစ်ရှောင်များကပြောဆိုကြသည်။

မပေါက်စသည်  သူမ၏ငါးနှစ်အရွယ် သမီးလေးနှင့်အတူ မီးလောင်ပြင်အနီးရှိ ရေကန်မှရေကို ပုံးဖြင့်ခပ်လာသည်။ ပြီးလျှင် ပြိုပျက်နေပြီဖြစ်သည့် တဲအိမ်အဖီတွင် ရေပုံးများကိုချကာ နဖူးမှချွေးကို လက်ဖြင့် သုတ်လိုက်သည်။ သူမ၏ ငါးနှစ်အရွယ်သမီးလေးမှာ ကျောင်းဝတ်စုံ အနွမ်းတစ်ထည်ကို ဝတ်ထားသည်။

“ကလေးတွေက ရွာကိုပြန်ချင်ကြတယ်။ ကျောင်းတက်ချင်ကြတယ်။ ရွာကထွက်ပြေးလာကတည်းက ကျောင်းမတက်ကြရဘူး။ အခုဒီနှစ် မိုးရာသီရောက်ရင် သူတို့ ကျောင်းတက်ရမလားလို့ ခဏခဏ မေးနေတယ်။ ကျွန်မလည်းသိမ်းထားတဲ့ ကျောင်းဝတ်စုံကို ဝတ်ပေးထားလိုက်တာ။ အခု သင်္ကြန်လွန်ပြီဆိုတော့ မိုးရွာတော့မယ်။ ဒါပေမဲ့ ကျွန်မတို့တဲအိမ်ကို ဘာမှမပြင်ရသေးဘူး။ အမြန်ဆုံး နေအိမ်ကို ပြန်ပြင်ပေးစေချင်ပါတယ်” ဟု မပေါက်စက သူမ၏သမီးဆံပင်ကို လက်ဖြင့်သပ်ရင်း ပြောသည်။

မိုးရာသီရောက်လျှင် မိုးခိုဖို့အိမ်လိုသည်။ ငှက်ကလေးတွေကလည်း ကိုယ့်အားကိုယ်ကိုးပြီး အသိုက်ဆောက်နေကြပြီ။ လူတွေကလည်း မိုးရွာလျှင် မိုးမစိုအောင် လေဒဏ်ခံနိုင်အောင် နေအိမ်အဆောက်အအုံတို့ကို ခိုင်ခံ့အောင် ပြုပြင်နေကြပြီ။ သို့ရာတွင် မပေါက်စတို့လို ရွာပြန်ဖို့မဖြစ်နိုင်သေးသူ၊ အိမ်ပြင်ဖို့ငွေကြေးမတတ်နိုင်တော့ သူ၊ အလှူရှင်များ၏ ကျွေးသလောက်ကိုစားပြီး ဓနိမိုး ၀ါးတဲလေး ကျဉ်းကျဉ်းထဲမှာ နေကြရသူစစ်ဘေးဒုက္ခသည်များအဖို့မှာ ခေါင်မိုးမလုံသေးသည့်အတွက် မိုးရွာလာလျှင်  မိုးရေစိုမှာကို စိုးထိတ်လျက်ရှိနေကြဆဲပင် ဖြစ်သည်။

Most Read

Most Recent