ဒေါ်လာဈေးဂယက်၊ ကုန်ဈေးနှုန်းအတက်နှင့် အကျပ်အတည်းများကြားမှ ပြည်သူများ

ဒေါ်လာဈေးဂယက်၊ ကုန်ဈေးနှုန်းအတက်နှင့် အကျပ်အတည်းများကြားမှ ပြည်သူများ
ရန်ကုန်မြို့ရှိ ဈေးတစ်ဈေးတွင် ရောင်းချနေသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - သိင်္ဂီဝင်းထွန်း)
ရန်ကုန်မြို့ရှိ ဈေးတစ်ဈေးတွင် ရောင်းချနေသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ - သိင်္ဂီဝင်းထွန်း)
Published 25 April 2021
နီလာ

လတ်တလော ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး အလှုပ်အခတ်ရှိခဲ့ပြီး ဒေါ်လာစျေးအတက် အကျဂယက်သည် အခြေခံပြည်သူလူထုအပေါ် ရိုက်ခတ်လျက်ရှိသည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိအမြင့်ဆုံးစံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင်  ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန်  ၁ ရက်တွင် ၁၅၂၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။

 သြဂုတ် ၂၆ ရက် တွင် ၁၅၁၄ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှစတင်ဘာ တစ်ဒေါ်လာကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှစ၍ ကျပ် ၁၄၀၀ အောက် ကျဆင်းခဲ့သည်။ မတ် ၁၀ ရက်တွင် တစ်ဒေါ်လာကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့ပြီး ဧပြီလတွင် ၁၄၄၀ ကျပ်၊ မေလတွင် ၁၄၂၆ကျပ် အထိ ပြန်တက်ခဲ့ပြီး ဇူလိုင်တွင် ၁၃၆၇ ကျပ်၊ သြဂုတ်တွင် ၁၃၄၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇ ကျပ်အထိ ပြန်ကျခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် မတ်တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂ -၁၃၈၅ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂- ၁၃၉၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ -၁၃၆၂ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇-၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင် ၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၃၄၀-၁၄၇၅ ကျပ်တို့ ဖြစ်သည်။

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းသည် ဧပြီ ၂၄ ရက်တွင် ၉၀ ပွိုင့်ဝန်းကျင်ဖြစ်ပေါ်ပြီး ပြည်တွင်း စျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာကျပ် ၁၆၁၀ ဝန်းကျင် ရှိခဲ့သည်။

နိုင်ငံခြားငွေလဲနှုန်းအတက်အကျသည် နိုင်ငံခြားငွေ ဝယ်လိုအားနှင့် ရောင်းလိုအားကို သက်ရောက်စေနိုင်သောအကြောင်းရင်းများ အပေါ်တွင် အခြေခံပြီး အဓိကကျသည့်အချက်များမှာ နိုင်ငံခြားငွေ ကြေးစျေးကွက်အခြေအနေ၊ နိုင်ငံ့ပို့ကုန်သွင်းကုန်ပမာဏ၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ရသုံးမှန်းခြေ ငွေစာရင်းအခြေအနေ၊ စီးပွားရေးစနစ်အတွင်းရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းအခြေ အနေတို့ဖြစ်သည်။

ဒေါ်လာစျေး မြင့်တက်မှုကြောင့် သွင်းကုန်စျေးနှုန်းများ၊ အထူးသဖြင့် စျေးကွက်အတွင်း သုံးစွဲမှုများပြားသော စက်သုံးဆီ၊ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ အစားအစာကဲ့သို့ ကုန်စည်များကို စျေးနှုန်းမြင့်တက်စေပြီး ကုန်စျေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို မြင့်တက်စေမည်ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းများ ဆက်တိုက်မြင့်တက်ခဲ့သဖြင့် ပြည်တွင်း၌ ဆေးဝါး၊ ပြည်ပမှ တင်သွင်းရသည့် ကုန်စည်အချို့ စျေးနှုန်းမြင့်တက်ခဲ့သည်။

“ပြည်တွင်းက ထုတ်တဲ့ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဖြူ/နီ၊ အာလူး တို့ကတော့ အရမ်း စျေးထိုးတက်သွားတာမရှိဘူး။ဆီစျေးတော့ နည်းနည်းတက်တယ်။ အထူးသဖြင့် ပြည်ပကနေ သွင်းရတဲ့ ကုန်ပစ္စည်းတွေတော့ စျေးတက်တယ်။ ထိုင်းကလာတဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်းတွေကတော့ စျေးတက်တယ်။ မြန်မာငွေတန်ဖိုးကျလို့လားတော့ မပြောတတ်ဘူးလေ။ ကျွန်တော်တို့ကတော့ ဒိုင်ကဝယ်တဲ့ စျေးထက်တော့ စျေးနည်းနည်းတင်ပြီး ရောင်းတယ်။ ဒါမှလည်း အမြတ်ငွေကျန်မှာကိုး” ဟု တာမွေမြို့နယ်၊ ကုန်စုံဆိုင်တစ်ခု ၏ဆိုင်ပိုင်ရှင်ဖြစ်သူက ပြောကြားသည်။

နိုင်ငံခြားငွေလဲနှုန်းဆက်တိုက်မြင့်တက်မှုကြောင့် ဆေးစျေးကွက်အတွင်း ဆေးဝါးအများစုစျေးနှုန်း မြင့်တက်နေပြီး လက်ကားရောင်းချသူများက ပြည်ပမှတင်သွင်းသည့်ဆေးဝါးအချို့ကို ကန့်သတ်ရောင်းချမှုများရှိနေကြောင်း သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ဆေးလက်လီလက်ကား အရောင်းဆိုင်များမှသိရသည်။

“ဒေါ်လာစျေးတက်ရင် ဆေးတွေကလည်း နည်းနည်းစီတက်သွားကြတာ။ တချို့ကုမ္ပဏီတွေက မတက်ဘူးလေ။ ဆေးကတော့ အများသုံးဆေးတွေပဲ တက်တာ။ တချို့ကျတော့လည်း ကုမ္ပဏီတွေက အရောင်းပိတ်သွားကြတယ်။ ဒီလပိုင်းဆိုအရောင်းတော်တော်ပါးတယ်။ အရောင်းက ပါးကိုပါးနေတာ။ ဆိုင်တိုင်းလိုလို ပါးနေတာ တွေ့ရတယ်” ဟု နိုင်ငံခြားမျိုးစုံ ရောင်းချနေသည့်ဆေးဆိုင်တစ်ဆိုင်မှ  တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

အချို့ကုန်စည်များ စျေးနှုန်းမြင့်တက်ခဲ့သော်လည်း အချို့မှာမူ ပုံမှန်စျေးနှုန်းများအတိုင်းသာ ရှိနေဆဲဖြစ်သည်။

ဒေါ်လာငွေလဲနှုန်း တရိပ်ရိပ်မြင့်တက်လာကာ ကျပ်ငွေတန်ဖိုးကျဆင်းသွားခြင်းကြောင့် စီးပွားရေး နယ်ပယ်အတွင်း ကြီးစွာလှုပ်ခတ်ခဲ့သည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှု၏ နောက်ဆက်တွဲအဖြစ် လူထုအပေါ်သက်ရောက်မှုအတွက် စိုးရိမ်ပူပြန်လာကြသည်။ စီးပွားရေးလုပ်ငန်းကြီးများနှင့် လုပ်ငန်းရှင်များကို သက်ရောက်ခြင်းထက် အခြေခံလူထုအပေါ် သက်ရောက်နိုင်ခြေကိုပို၍ စဉ်းစားတွက်ချက်ရတော့မည် ဖြစ်သည်။

ဒေသတွင်း နိုင်ငံများ၌ အခြေခံလုပ်ခလစာအနိမ့်ဆုံးဖြစ်သည့်  မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာကွာဟမှုကြီးသည့်အချက်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ အခြေခံလူထုကြားတွင် ဝင်ငွေနှင့်ထွက်ငွေမမျှသည့် ပြဿနာသည် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်နေသည်။

လတ်တလောတွင် ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ အခြေခံစားသောက်ကုန်စျေးနှုန်းများလည်း စျေးကွက်တွင် လိုက်ပါမြင့်တက်နေပြန်သည်။ ပြည်တွင်းစားသုံးသည့် ဆန်ချောစျေးတစ်အိတ်လျှင် ကျပ် ၄၈၀၀၀ ဝန်းကျင်ရှိနေသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်က ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၅၀၀၀၀ မှ ၅၈၀၀၀ ကြားရှိခဲ့ပြီး ဧပြီ ၂၀ ရက်တွင် ကျပ် ၄၅၀၀၀ နှင့် ၄၈၅၀၀ ကြား စျေးရှိခဲ့သည်။ ပုသိမ်ပေါ်ဆန်းတစ်အိတ် လျှင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်က  ကျပ် ၃၈၅၀၀ မှ ကျပ် ၄၁၀၀၀ ကြားရှိခဲ့ပြီး ဧပြီ ၂၀ ရက်တွင် ကျပ် ၃၆၀၀၀ မှ ၃၈၀၀၀ ကြား စျေးရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂ ရက်အထိ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်သို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၁၃၁ သန်းကျော် တင်ပို့ထားသော်လည်း ယခင်နှစ်ကာလတူထက် တန်ချိန်ငါးသိန်းခွဲကျော် လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှဧပြီ ၂ ရက် အထိ နိုင်ငံပေါင်း ၃၀ ကျော်သို့ ဆန်တန်ချိန် ၆၅၆၆၂၁ ဒသမ ၅၉၃ တန်၊ တန်ဖိုးဒေါ်လာ ၂၆၅ ဒသမ ၃၄၀ သန်း၊ ဆန်ကွဲတန်ချိန် ၄၇၅၀၂၃ ဒသမ ၄၅၀ တန်၊ တန်ဖိုး ဒေါ်လာ ၁၆၅ ဒသမ ၃၂၇ သန်းဖြင့် စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၁၃၁၆၄၅ ဒသမ ၀၄၃ တန်၊ တန်ဖိုးဒေါ်လာ  ၄၃၀ ဒသမ ၆၆၇ သန်းရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၁၁၄၉၆၅ ဒသမ ၀၀၃ တန်၊ တန်ဖိုးဒေါ်လာ ၃၃၉ ဒသမ ၇၄၅ သန်း၊ ဆန်ကွဲတန်ချိန် ၅၆၉၃၁၉ ဒသမ ၀၈၀ တန်၊ တန်ဖိုးဒေါ်လာ ၁၄၈ ဒသမ ၆၆၅ သန်းဖြင့် စုစုပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် ၁၆၈၄၂၈၄ ဒသမ ၀၈၃ တန်၊ တန်ဖိုးဒေါ်လာ ၄၈၈ ဒသမ ၄၁၀ သန်း ဖြစ်သည်။

ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၄၅၈၃၄၃ ဒသမ ၄၁၀ တန်၊ တန်ဖိုးဒေါ်လာ ၇၄ ဒသမ ၄၀၅ သန်းလျော့နည်းခဲ့သည်။ ဆန်ကွဲတင်ပို့မှုတွင် တန်ချိန် ၉၄၂၉၅ ဒသမ ၆၃၀ တန်တင်ပို့မှု လျော့နည်းခဲ့သော်လည်း တန်ဖိုးဒေါ်လာ ၁၆ ဒသမ ၆၆၂ သန်း ပိုမိုခဲ့သည်။

ဆန်နှင့် ဆန်ကွဲကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့လည်း ဆန်ကွဲတင်ပို့မှု မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသော ဧည့်မထ ဆန်စျေးနှုန်းများ ကိုလေ့လာကြည့်ပါက ဧည့်မထဆန်တစ်ပြည်လျှင် ဟားခါးမြို့တွင် ၂၃၀၀ ကျပ်၊ မုံရွာမြို့တွင် ၂၁၀၀ ကျပ်၊ မကွေးမြို့တွင် ၁၅၀၀ ကျပ်ဖြင့် အမြင့်ဆုံးစျေးနှုန်းများဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့တွင် ကျပ် ၁၂၀၀၊ မော်လမြိုင်နှင့်ပြည်မြို့တို့တွင် ကျပ် ၁၁၀၀ တို့ဖြင့် အနိမ့်ဆုံးစျေးနှုန်းများဖြစ်ခဲ့ကာ ကမ္ဘာ့ဆန်စျေးနှုန်း များနည်းတူ ပြည်တွင်းဆန်စျေးနှုန်း အတက်/အကျပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သည်။

ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ရှိ ကုန်စည်အချို့၏ စျေးနှုန်းများမှာ ဧည့်မထဆန်တစ်ပြည်လျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျပ် ၁၂၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၁၂၀၀ နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၁၂၀၀ စျေးရှိခဲ့သည်။ပေါ်ဆန်းတစ်ပြည်လျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ရက်က ကျပ်၂၀၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၂၀၀၀ နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၂၀၀၀ စျေးရှိခဲ့ သည်။

စားသုံးဆီစျေးနှုန်းများ အနေဖြင့် မြေပဲဆီ (ရှယ်) အမေထွား တစ်ပိဿာလျှင်  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ရက်က ကျပ် ၇၅၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၇၇၀၀ နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၇၇၀၀ စျေးရှိခဲ့သည်။စားအုန်းဆီတစ်ပိဿာလျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျပ်၂၈၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၂၆၀၀ နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၂၇၀၀ စျေးရှိခဲ့သည်။

စားဖိုဆောင်ပစ္စည်းစျေးနှုန်းများအနေဖြင့် ငရုတ်သီးခြောက်အပုတစ်ပိဿာလျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျပ်၁၆၀၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၁၆၀၀၀ နှင့် ဖေဖော်ဝါရီ  ၅ ရက်၌ ကျပ် ၁၆၀၀၀ စျေးရှိခဲ့သည်။ကြက်သွန်ဖြူ (ဥတစ်လုံး)တစ်ပိဿာလျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျပ် ၆၀၀၀၊ ဖေဖော်ဝါရီ ၂ ရက်၌ ကျပ် ၆၀၀၀ နှင့် ဖေဖော်ဝါရီ  ၅ ရက်တွင် ကျပ် ၆၀၀၀ စျေးရှိခဲ့သည်။

ကြက်သွန်နီ(မြစ်သား/အလုံးကြီး) တစ်ပိဿာလျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျပ် ၁၂၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၁၂၀၀ နှင့် ဖေဖော်ဝါ ရီ ၅ ရက်တွင် ကျပ် ၁၃၀၀ စျေးရှိခဲ့သည်။ အလုံး (အလုံးကြီး) တစ်ပိဿာလျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျပ် ၁၀၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၁၂၀၀ နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၁၂၀၀ စျေးရှိခဲ့သည်။

ကြက်သား(စီပီ)အကောင်လိုက် တစ်ပိဿာလျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျပ် ၅၀၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၅၀၀၀ နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၅၀၀၀ စျေးရှိခဲ့သည်။ ဝက်သား (ပေါင်သား)တစ်ပိဿာလျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျပ် ၁၂၀၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၁၂၀၀၀ နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၁၂၀၀၀ စျေးရှိခဲ့သည်။

အမဲသား (အရိုးလွတ်) တစ်ပိဿာလျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ကျပ် ၁၅၀၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၁၅၀၀၀ နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၁၅၀၀၀ စျေးရှိခဲ့သည်။ငါးကြင်း(အ ကောင်လိုက်/အလတ်စား) တစ်ပိဿာလျှင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက် က ကျပ်၆၅၀၀၊ ဖေဖော်ဝါရီ ၂ ရက်တွင် ကျပ် ၆၅၀၀ နှင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကျပ် ၆၅၀၀ စျေးရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

စျေးကွက်အတွင်း ဆန်စျေးသိသိသာသာ မြင့်တက်မှုမရှိခဲ့သော်လည်း အခြားသော စားကုန်များနှင့် သွင်းကုန်အများစု စျေးတက်လာသည်။

ပြည်တွင်းစျေးကွက်အတွင်းရှိ စက်သုံးဆီများသည် ကမ္ဘာ့စက်သုံးဆီစျေးနှုန်း၊ နိုင်ငံခြားငွေလဲနှုန်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်အပေါ် အခြေခံပြီး အပြောင်းအလဲဟုဆိုသော်လည်း နိုင်ငံခြားငွေလဲနှုန်း  ကျဆင်းသည့်အချိန်မျိုးတွင် ပြည်တွင်း စက်သုံးဆီစျေးနှုန်း လိုက်ပါပြောင်းလဲခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

အာဆီယံနိုင်ငံများ၏ ၂၀၂၁ ခုနှစ် ဧပြီ ၁၉ ရက် Global Petro Prices Website တွင် ဖော်ပြထားသည့် ဓာတ်ဆီစျေးနှုန်းများအနေဖြင့် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတွင် ၂ ဒသမ ၉၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံတွင် ၁ ဒသမ ၈၀ ရာ ခိုင်နှုန်း၊ စင်ကာပူနိုင်ငံတွင် ၁ ဒသမ ၂၀ ရာခိုင်နှုန်းတို့ဖြင့် စျေးနှုန်းမြင့်တက်ခဲ့ပြီး ကျန်အာဆီယံနိုင်ငံများတွင် စျေးနှုန်းအပြောင်းအလဲမရှိ တည်ငြိမ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ်ပေါ်နေသာ စက်သုံးဆီစျေးနှုန်းများကို လေ့လာကြည့်ပါက ကျိုင်းတုံမြို့တွင် ဓာတ်ဆီတစ်ဂါလန်လျှင် ၄၈၆၀ ကျပ်၊ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၄၇၇၀၊ တောင်ကြီးမြို့တွင် ဓာတ်ဆီတစ်ဂါလန် ကျပ် ၄၅၀၀၊ ဒီဇယ်တစ်ဂါလန် ၄၄၅၀ ကျပ်၊ လားရှိုးမြို့တွင် ဓာတ်ဆီတစ်ဂါလန် ကျပ် ၄၄၀၀၊ ဒီဇယ်တစ်ဂါလန်လျှင် ကျပ် ၄၄ဝဝဖြင့် အမြင့်ဆုံးဖြစ်ပေါ်နေပြီး ဟားခါးမြို့တွင် ဓာတ်ဆီတစ်ဂါလန်လျှင် ၃၂၈၅ ကျပ်၊ ဒီဇယ်တစ်ဂါလန်လျှင် ၃၂၄၀ ကျပ်ဖြင့် အနည်းဆုံးဖြစ်ပေါ်နေကြောင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများ၏ စက်သုံးဆီစျေးနှုန်းများမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိသည်။

ငွေကြေးစျေးကွက်မတည်ငြိမ်မှု၏ ဂယက်သည် ကုန်စျေးနှုန်းကြီးမြင့်မှုအရ အဓိကအားဖြင့် အခြေခံ လူတန်းစားကို ကြီးမားစွာသက်ရောက်သည်ဆိုသည့်အချက်ကို မငြင်းသာပေ။

လက်ရှိ ဖြစ်ပေါ်နေသည့်နိုင်ငံခြားငွေလဲနှုန်း မတည်မငြိမ်ဖြစ်နေခြင်းက ပြည်သူအများစုအပေါ် သက်ရောက်နေသည်။ မြန်မာနိုင်ငံသည် အများအားဖြင့် သွင်းကုန်များအပေါ်တွင်သာ အားထားသုံးစွဲနေ ရသဖြင့်  ဒေါ်လာစျေးမြင့်တက်မှုနှင့် စက်သုံးဆီစျေးမြင့်တက်မှုများက ပြည်သူလူထုအပေါ် အကြီးအကျယ်ရိုက်ခတ်လာနိုင်မည်ဖြစ်သည်။

မြန်မာ့စီးပွားရေးကျဆင်းနေသဖြင့် ပြည်သူများ၏ ဝယ်ယူစား သုံးနိုင်စွမ်းကျဆင်းနေချိန်တွင် မြွေပူရာကင်းမှောင့်သကဲ့သို့ ဒေါ်လာစျေး၊ စက်သုံးဆီစျေးနှင့် ကုန်စျေးနှုန်းမြင့်တက်မှုများက အကျပ်အတည်းကြားမှ ပြည်သူများအပေါ် ထပ်ဆင့်ထိုးနှက်လျက်ရှိနေကြောင်း လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။

Most Read

Most Recent