ပုခက်လွှဲသည့်လက်ဖြင့် ကျောက်ထုနေကြရသည့် ချာ့ဒ်အမျိုးသမီးများ

ပုခက်လွှဲသည့်လက်ဖြင့် ကျောက်ထုနေကြရသည့် ချာ့ဒ်အမျိုးသမီးများ
Photo:AFP
Photo:AFP
Published 23 April 2021
မြတ်သက်မှူးကို

အစ်ဂျစ်အမည်ရှိ အမျိုးသမီးသည် လက်တစ်ဖက်၌ လေးလံသော တူတစ်ချောင်းကို ကိုင်ဆောင်ထား၍ နောက်လက်တစ်ဖက်က ကွန်ဂရစ်တုံးကိုဖိထားကာ တစ်စစီထုခွဲနေပုံမှာ မြင်တွေ့ရသူအဖို့ ၎င်း၏လက်ချောင်းများကို ထိခိုက်မိတော့မည့်အလား တုန်လှုပ်မိစေသည်။

ကျောက်စရစ်များကို အချိန်ကြာမြင့်စွာ ထုခွဲရသည်မှာ အစ်ဂျစ်၏အလုပ် တာဝန်ဖြစ်သည်။

ချာဒ့်နိုင်ငံ၏မြို့တော် အင်ဂျာမီနာတွင် ဒါဇင်နှင့်ချီသည့် အမျိုးသမီးများသည် ကွန်ကရစ်၊ ဘိလပ်မြေ သို့မဟုတ် အုတ်ခဲတုံးများကို ထုရိုက်ခွဲသည့်အလုပ်အား တစ်နေ့လျှင် ၁၂ နာရီကြာ လုပ်ကိုင်နေစဉ် ၎င်းတို့အနီးတွင်မူ ကလေးများသည် ၄၅ ဒီဂရီဆဲစီးယက်ရှိသော အပူချိန်အောက်တွင် ဖုန်မှုန့်များအလူးလူးဖြင့် ပြေးလွှားဆော့ကစားနေကြသည်။

အင်ဂျာမီနာမြို့တော်၏ စီးပွားရေးခရိုင်ကို လှစ်ဟဖော်ပြနေသော ခေတ်မီအဆောက်အအုံများ အကြားတွင် လစ်လပ်နေသော နေရာများနှင့် လမ်းမများတစ်လျှောက်ရှိ အပျက်အစီးပုံများကြား၌ အမျိုးသမီးများမှာ စီတန်း၍ အလုပ်လုပ်ကိုင်နေကြသည်။

ကုလသမဂ္ဂ၏ အဆင့်သတ်မှတ်ချက်အရ ချာဒ့်နိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယမြောက် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံဖြစ်ပြီး ယင်းအမျိုးသမီးများသည် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ပြန်လည်အသုံးပြုနေသော စက်မှုလုပ်ငန်း၏ အချက်အချာဖြစ်သည်။

အမျိုးသားများသည် ဖြိုချထားသောအဆောက်အဦးများမှ အပိုင်းအစများ၊ အတုံးများကိုဝယ်ယူပြီး ကျောက်စရစ်ထုခွဲသူများထံ ပြန်လည်ရောင်းချကြသည်။ ယင်းကျောက်စရစ်ထုခွဲသူများသည် ထိုအပိုင်းအစများအားထုခွဲကာ ကွန်ကရစ်ဝယ်ယူရန် မတတ်နိုင်သူများအားတဖန်ပြန်လည် ရောင်းချကြသည်။

ရွှံ့ သို့မဟုတ် အင်္ဂတေအနည်းငယ်ဖြင့် ရောနှော၍ ယင်းကျောက်စရစ်များကို အိမ်အသစ်တည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအဖြစ် အသုံးပြုနိုင်သည်။

အစ်ဂျစ်သည် အသက် ၃၈ နှစ်သာရှိသေးသော်လည်း အလွန်ပင်ပန်းကြမ်းတမ်းသော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေရသောကြောင့် အသက်အရွယ်နှင့်မမျှအောင် ပိုမိုရင့်ရော်နေသည်။ အစ်ဂျစ်၏မျက်နှာမှာ ဖုန်မှုန့်များဖြင့် ပေရေနေပြီး၊ နှုတ်ခမ်းမှာလည်း အက်ကွဲဖူးရောင်နေသည့်အပြင်သဲများ၊ ကျောက်များဖြင့် မလွှဲမရှောင်သာ ထိတွေ့နေရသည့် လက်ချောင်းများမှာလည်း ကြမ်းတမ်းနေသည်။

အစ်ဂျစ်၏ အသက် ၈၀ အရွယ်အဒေါ် ဖြစ်သူမှာလည်း မျက်လုံးများမကွယ်မီအချိန်အထိ ယင်းအလုပ်အား လုပ်ကိုင်ခဲ့သည်။လက်ရှိအချိန်တွင်မူ ၎င်းသည်လွန်ခဲ့သည့် သုံးနှစ်ခန့်က မုဆိုးမဖြစ်ခဲ့သော ကလေးခြောက်ယောက်၏မိခင် အစ်ဂျစ်၏ကုမ္ပဏီတွင် တတ်နိုင်သည့်ဘက်မှ ၀ိုင်းဝန်းကူညီ လုပ်ကိုင်ပေးလျက်ရှိသည်။

“ကျွန်မ ယောကျင်္ားဆုံးတဲ့အချိန်ကတည်းက ဒီအလုပ်ကိုလုပ်ကိုင်ခဲ့တယ်” ဟု အစ်ဂျစ်က တူထုနေသည့်ကြားမှ ပြောပြသည်။ အစ်ဂျစ်အား၎င်း၏ အကြီးဆုံးကလေးက ၀ိုင်းဝန်းကူညီလုပ်ကိုင်ပေးနေသည်။

“ကျွန်မယောကျင်္ားက စစ်သားတစ်ယောက်ပါ။ သူဆုံးသွားတော့ သူ့ရဲ့အငြိမ်းစားလစာ မရတော့ပါဘူး။ ကျွန်မမှာကလေးတွေကို ကျွေးမွေးနိုင်ဖို့ ဒီအလုပ်အပြင်အခြား မလုပ်တတ်ပါဘူး” ဟု အစ်ဂျစ်က ဆိုသည်။

အသက် ၄၂ နှစ်အရွယ် မာမာဒိုယူဆက်ဖ်သည် ယူရို ၁.၅၀ (မြန်မာကျပ်ငွေ ၂၅၉၁ ကျပ်)နှင့် ဝယ်လာခဲ့သည့်  ပေါင် ၂၂၀ အလေးချိန်ရှိ ကျောက်တုံးများကို ယာယီသုံးလက်တွန်းလှည်းနှင့်သယ်၍ အစ်ဂျစ်ထံ စျေးနှစ်ဆတင်၍ ပြန်လည်ရောင်းချခဲ့သည်။

အစ်ဂျစ်သည် ၎င်းထံနောက်တွဲကုန်တင်ယာဉ်များဖြင့် လာရောက်ဝယ်ယူသော အမျိုးသားများအား ကျောက်တုံးထည့်ထားသော အိတ်များကို တစ်အိတ်လျှင် ၀.၉၂ ယူ ရို (မြန်မာကျပ်ငွေ ၁၅၅၂) ကျပ်ဖြင့် ရောင်းချခဲ့သည်။

ယူဆက်ဖ်သည် ကျောက်တုံးများ သယ်ဆောင်လာသည့်လှည်းဖြင့် အစ်ဂျစ်ထံရောက်ရှိလာချိန်၌ ဖုန်မှုန့်တလူလူ ထနေသောကြောင့် အစ်ဂျစ်၏ကလေးများသည် ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်နေကြသည်။

၎င်းတို့၏ ဆံပင်များမှာ ဖုန်မှုန့်၊ အုတ်ခဲမှုန့်များရောယှက်၍ ညစ်ပတ်ပေရေနေကြပြီး အာဟာရချို့တဲ့သည့် လက္ခဏာမျိုးရှိနေသည်။

ချာ့ဒ်နိုင်ငံတွင် ကလေးငါးဦးမှာတစ်ဦးသည် အသက်ငါးနှစ်မတိုင်မီ သေဆုံးနေကြပြီး ၄၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်းနှင့် ကြုံတွေ့နေရသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ထို့ပြင်ချာ့ဒ်နိုင်ငံလူဦးရေ၏ ၄၂ ရာခိုင်နှုန်းသည် ဆင်းရဲချို့တဲ့စွာ နေထိုင်ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘိလပ်မြေမှုန့်များ ရှုရှိုက်မိခြင်းကြောင့် မျက်လုံးများ၊ နှာခေါင်းများ ကျိန်းစပ်ခြင်းနှင့် အဆုတ်ရောဂါများ ဖြစ်ပေါ်နိုင်သည့်အပြင် ကင်ဆာရောဂါလည်းဖြစ်ပွားနိုင်ကြောင်း အင်တာနက်တွင် အလွယ်တကူရှာဖွေသိရှိ နိုင်သည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်အ လုပ်လုပ်ကိုင်နေကြသော ဥရောပအလုပ်သမားများသည် FPP2 နှာခေါင်းစည်းများနှင့် လက်အိတ်များဝတ်ဆင်ရန် လိုအပ်သော်လည်း အမျိုးသမီးများမှာ ၎င်းတို့၏နှာခေါင်းများကို တဘက်ပဝါဖြင့် ဖုံးအုပ်ထားရန်မဖြစ်မနေလိုအပ်သည်။

ဟာဘီဘာသည် ယင်းကဲ့သို့ ရှစ်နှစ်ကြာ လုပ်ဆောင်ခဲ့သည်။

“ကျွန်မ သန့်ရှင်းရေး အလုပ်သမအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အသက်ကြီးလာတော့ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူး။အလုပ်ရှင်က ကျွန်မကိုဆူပူကြိမ်းမောင်း စော်ကားပြောဆိုပြီးတော့ အလုပ်ထုတ်ခဲ့ပါတယ်။အဲ့နောက်မှာ ကျွန်မရဲ့ကလေးခုနစ်ယောက်ကို ရေရှည်မကျွေးမွေးနိုင်တော့ဘူး” ဟု ဟာဘီဘာက ပြောသည်။

ဟာဘီဘာသည် ၎င်း၏အသက်မည်မျှရှိနေကြောင်းကိုပင် မေ့လျှော့နေပြီး အသက် ၅၀ နှင့် ၆၀ ကြားအရွယ်ရှိမည်ဟု ခန့်မှန်းပြောကြားခဲ့သည်။

“အခုတော့ ကျွန်မတစ်နေ့ကို ၁၂နာရီ အလုပ်လုပ်ရပေမယ့် ကျွန်မကိုဒေါသထွက်မယ့်လူမရှိပါဘူး။ ကျွန်မကလေးတွေကို ကျွေးမွေးနိုင်သလို ကျောင်းလည်းထားနိုင်ပါတယ်။ကျွန်မအခုလွတ်လပ်သွားပြီ”ဟု ဟာဘီဘာက ပြုံးလျက်ပြောကြားခဲ့သည်။

မတူကွဲပြားသည့်မျိုးနွယ်စု၊ လူမျိုးစု သို့မဟုတ် ဘာသာရေးကြောင့် ဖြစ်ပွားသည့် ပဋိပက္ခများအမြစ်တွယ်နေသည့် ချာ့ဒ်နိုင်ငံတွင် ယခုကဲ့သို့ ပင်ပန်းဆင်းရဲစွာလုပ်ကိုင်နေရသည့် လုပ်ငန်းခွင်တွင်ရှိနေသည့် အမျိုးသမီးများအားလုံးအတွက် လွတ်လပ်မှုကိုခံစားရသည့် နေရာတစ်ခုလည်းဖြစ်နေသည်ဟု ဟာအူမာဟာမက်က ပြောကြားခဲ့သည်။

ယင်းလုပ်ငန်းခွင်မှ အမျိုးသမီးများသည် နာရေးကိစ္စများတွင်လည်း အလွန်စည်းလုံးကာ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီခဲ့ကြသည်ဟု ကျောက်ခဲများကိုထုခွဲသည့် ယင်းအလုပ်ကို ၁၀ နှစ်ကြာလုပ်ကိုင်လာခဲ့သည့် မာဟာမက်က ပြောကြားခဲ့သည်။

လုပ်ငန်းခွင်ရှိ အမျိုးသမီးအားလုံးနီးပါးသည် ခင်ပွန်းသည်များကွယ်လွန်သွားခဲ့သဖြင့် ဘဝရပ်တည်ရေးအတွက် လာရောက်လုပ်ကိုင်နေကြသူများ ဖြစ်သည်ဟု ၎င်းကဆိုသည်။

လုပ်ငန်းခွင်တွင်လည်း ဆူပူကြိမ်းမောင်းမည့် အထက်လူကြီး သို့မဟုတ် သူဌေးမရှိသဖြင့် အမျိုးသမီးများသည်လည်း စိုးရိမ်ပူပန်မှုမရှိဘဲ အလုပ်လုပ်ကိုင်နိုင်ကြသည်။

ချာ့ဒ်အမျိုးသမီးများအသင်းအဖွဲ့၏ ဥက္ကဌသယ်ရ်စီမက်ကွမ်ဘီကမူ ယခုကဲ့သို့ ပင်ပန်းဆင်းရဲစွာ ကျောက်တုံးများကို ထုခွဲရောင်းချနေကြသည့် အမျိုးသမီးများကို အစိုးရ၊ ကုလသမဂ္ဂ သို့မဟုတ် အခြားပရဟိတအဖွဲ့များက စိုးရိမ်ပူပန်မှုပြသခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

“သူတို့ (ကျောက်ထုခွဲသည့်အမျိုးသမီးများ)တွေဟာ သူတို့ကလေးတွေကို ဝဝလင်လင်ကျွေးမွေးချင်တဲ့ မိခင်စိတ်တစ်ခုတည်းနဲ့ လုပ်ကိုင်နေကြတာပါ။ ဒါဟာလည်း ပေးဆပ်မှုတစ်ခုပါပဲ”ဟု မက်ကွမ်ဘီက ပြောကြားခဲ့ သည်။       

Most Read

Most Recent