ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်လာမယ့် မြောက်ဦး

ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသဖြစ်လာမယ့် မြောက်ဦး
ရှေးဟောင်းမြို့တော် မြောက်ဦးရှိ စေတီဘုရားများကို လေ့လာရန် သွားရောက်နေသူတို့အားတွေ့ရစဉ်
ရှေးဟောင်းမြို့တော် မြောက်ဦးရှိ စေတီဘုရားများကို လေ့လာရန် သွားရောက်နေသူတို့အားတွေ့ရစဉ်
Published 7 March 2021
သန်းလှိုင် (စစ်တွေ)

ရခိုင်ပြည်နယ်အတွင်းမှာ ရှေးဟောင်းအမွေအနှစ်တွေ ပေါများတယ်ဆိုပေမယ့် ရှေးဟောင်းမြို့တော်လို့ ဆိုလိုက်တာနဲ့ မြောက်ဦးကို ပြေးမြင်မိပါတယ်။ သမိုင်းရှိတဲ့ မြောက်ဦးဟာ လက်ရှိမှာ ခြောက်သွေ့နေမယ်လို့ ထင်ရပေမဲ့ ဘုရားဖူးခရီးသည်တွေနဲ့ ပြည့်နှက်နေတာကိုလည်း တွေ့ရပါတယ်။ ပွင့်လင်းရာသီရောက်ပြီဆိုရင် မြန်မာနိုင်ငံအနှံ့အပြားက ဘုရားဖူးခရီးသည်တွေ ရောက်ရှိလာတတ်ကြပေမယ့် ဒီနှစ်တွေထဲမှာလည်း တခြားပြည်နယ်နဲ့ တိုင်းတွေက လာရောက်မှု နည်းပါးကြပါတယ်။ ပွင့်လင်းရာသီမှာ ကိုဗစ်ရောဂါပိုးကပျံ့နှံ့လာတော့ ပိုဆိုးသွားတဲ့အနေအထားမှာ ရှိခဲ့ပါတယ်။

မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုမှာကျင်းပတဲ့ ရှင်ပြုအလှူပွဲက ဖိတ်ကြားထားတာကြောင့် မြောက်ဦးမြို့ကို ရောက်ဖြစ်ခဲ့ပါတယ်။ နီးလျက်နဲ့ ဝေးဆိုသလိုမျိုး စစ်တွေနဲ့မြောက်ဦးဟာ ကား နဲ့ဆို သုံးနာရီတောင်မသွားရပေမယ့် ကာလံဒေသံ အခြေအနေအမျိုးမျိုးကြောင့် သွားဖို့မဖြစ်ခဲ့ပါဘူး။ တစ်နှစ်လောက်ကြာမှ ပထမဆုံးပြန်ရောက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အဝေးရောက်နေသူတွေအဖို့ကတော့ စိတ်သွားတိုင်း ကိုယ်မပါတာလည်း ရှိမယ်။ သွားချင်စိတ်ကတော့ အရေးကြီးမယ်လို့ထင်ပါတယ်။

တကယ်တော့ မြောက်ဦးဟာ ရှေးကျတဲ့သမိုင်းအမွေအနှစ်တွေကို စုဆောင်းထားတဲ့ ဒေသတစ်ခုဖြစ်တာကြောင့် သမိုင်းကြောင်းဆိုင်ရာမှာ စုပုံတည်ရှိနေတယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါကြောင့်လည်း လက်ရှိအချိန်မှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ UNESCO မှာ တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ ပညာရှင်တွေက ဦးဆောင်ပြီးတော့ ဒေသခံတွေ၊ ရှေးဟောင်းသုတေသနဌာနက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး မြောက်ဦးကို အမည်စာရင်း တင်သွင်းကြပါတယ်။ ဒါပေမဲ့ အခြေအနေ အမျိုးမျိုးကြောင့် တစ်နှစ်နောက်ကျခဲ့ပြန်တယ်။

မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့က တင်သွင်းခဲ့ပြီးနောက် အဆိုပြုလွှာအချောသတ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ မကုန်ခင်မှာ တင်သွင်းရမှာဖြစ်တယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီမှာ တင်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့တဲ့အတွက်  နောက်ထပ် အချိန်တစ်နှစ်အထိ စောင့်ရဦးမှာ ဖြစ်တယ်လို့ သိရတယ်။ ဒါဟာ မြောက်ဦးအတွက် ကောင်းခြင်းလား ဆိုးခြင်းလားဆိုတာကိုတော့ မတွေးတတ်အောင်ပါပဲ။ မြောက်ဦးဟာ ရခိုင်တို့ရဲ့ နှလုံးသားဖြစ်တယ်ဆိုရင်လည်း မမှား။ ဘုရင်မင်းအဆက်ဆက် စိုးစံအုပ်ချုပ်ခဲ့တဲ့ မင်းနေပြည်တော် လည်းဖြစ်တယ်ဆိုတာ နန်းရာကုန်းက သက်သေထူနေဆဲဖြစ်တယ်။

မြောက်ဦးကိုရောက်ခိုက်မှာ တခြားလုပ်စရာ မရှိတော့တဲ့အတွက် ဘုရားစုံကို လိုက်လံဖူးမြော်ကြပါတယ်။ ဘုရားဖူးတွေကလည်း အလျှိုလျှိုရောက်ရှိ နေကြတာကိုလည်း တွေ့ရတယ်။ ကိုးသောင်း၊ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်၊ မာန်ငါးပါးဘုရားတွေကို သွားရောက်ဖူးမြော်လိုက်တော့ ရင်ထဲမှာအေးချမ်းသွားသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ဝန်းကျင်တွေကတော့ ခြောက်သွေ့နေသယောင် ခံစားမိပြန်တယ်။ ဒီခံစားချက်မျိုးတွေ အရင်ကမဖြစ်ပေါ်ခဲ့ပေမဲ့ အခုအခါမှာတော့ တစ်မျိုးတစ်ဘာသာဖြစ်ခဲ့ရပြန်တယ်။ လက်ညှိုးထိုးမလွဲပေါများလှတဲ့ စေတီပုထိုးတွေဟာ ပျက်စီးယိုယွင်းနေတာတွေကိုလည်း တွေ့ရတယ်။ ပြန်လည်ပြုပြင်လို့မရတော့တဲ့ အမှားမျိုးတွေကိုလည်း တွေ့ရတယ်။ ဒါဟာ ဖြစ်ပျက်သဘော သဘာဝထဲက အမှားမျိုးတွေလို့လည်း နားလည်ခံစားမိပြန်တယ်။

တချို့က မြင်းလှည်းတွေနဲ့ ဘုရားဖူးသွားရောက်ကြသလို တချို့ကလည်း ကားတွေကို အစားထိုးလာကြတယ်။ တချို့က သုံးဘီးဆိုင်ကယ်တွေကို အသုံးပြုကြတယ်။ တချို့က နှစ်ဘီးဆိုင်ကယ်တွေနဲ့လည်းသွားလာ နေကြတာကို တွေ့ရတယ်။ ဖူးမြော်မယ့်ဘုရားတွေကို သွားတဲ့လမ်းတွေကလည်း အရင်ကထက် ကောင်းမွန်နေပြီဖြစ်တာကြောင့် အရင်လို အချိန်သိပ်မကြာတော့ဘူး။ ခဏလေးအတွင်းမှာ သွားရောက်နိုင်ပြီ ဖြစ်တာကိုလည်း တွေ့ရတယ်။ ဒါဟာ ရုပ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုတွေလို့ ပြောလို့ရပေမဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဘဝတွေလည်း တိုးတက်ဖို့ လိုပါတယ်။

မြောက်ဦးကိုပြန်ကြည့်ရင် ၀ိသမလောဘသားတွေကြောင့် ရှေးဟောင်းအမွေအနှစ်တွေ ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ရှေးဟောင်းနယ်မြေထဲမှာ မလိုလားအပ်တဲ့ အဆောက်အအုံတွေ ရှိနေခဲ့တယ်။ မျက်မှောက်ခတ်ကာလမှာလည်း ဥပဒေမဲ့လုပ်ရပ်တွေကို တွေ့နေခဲ့ရတယ်လို့ ဒေသခံရှေးဟောင်း သုတေသီတွေက ပြောဆိုကြပါတယ်။ ဒါဟာ မြောက်ဦးအတွက် မကောင်းတဲ့ အတိတ်နိမိတ်လက္ခဏာတွေ ဖြစ်တယ်ဆိုတာ မသိလေရော့သလား။ သိလျက်နဲ့ လုပ်နေကြတာလားဆိုတာကိုလည်း တွေးတောမိပြန်တယ်။ သမိုင်းကိုဖျက်ဆီးသူတွေရဲ့ နောက်ကွယ်က အမြော်အမြင်ကြီးမှုတွေ၊ ယုတ်ညံ့မှုတွေဟာ ကာလဘယ်အတိုင်းအတာအထိ ရှိနေဦးမယ်ဆိုတာကိုတော့ မခန့်မှန်းတတ်သော်လည်း အမှန်တရားသည်သာ အောင်နိုင်မြဲလို့သာ သဘောထားမိပါတယ်။

ဒီလိုမျိုးမလိုလားအပ်တဲ့ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့ကမ္ဘာက အသိအမှတ်ပြုဖို့လိုတယ်။ ကမ္ဘာကအသိအမှတ်ပြုဖို့ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရဖို့လိုတယ်။ ဒါကြောင့် အမြော်အမြင်ရှိသူတွေက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်လာဖို့ အရေးကြိုးစားလာကြတယ်။ ဒီလိုဖြစ်လာရင်တော့  ဒေသခံတွေအနေနဲ့လည်း အလုပ်အကိုင်အခွင့်လမ်းတွေ ရလာမယ်။ ဖွံ့ဖြိုးတိုးတက်မှုလည်း ကောင်းလာမယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလည်း အားကောင်းလာမယ်လို့ ဒေသခံတွေက မျှော်လင့်ကြတယ်။ တကယ်ရော ဖြစ်လာနိုင်မလားဆိုတဲ့ အိပ်မက်ကတော့ လိုလားသူတွေရဲ့ရင်ထဲမှာ ခိုင်မာလာခဲ့ပြီဖြစ်ပါတယ်။

ထူးခြားချက်တစ်ခုအနေနဲ့ပြောရရင် ရခိုင်ရိုးရာယွန်းထည်လုပ်ငန်းမှာ ၁၇ ရာစုနဲ့ ၁၈ ရာစုအတွင်းက ရှိတယ်ဆိုတဲ့အကြောင်းကို သမိုင်းသုတေသီတွေက အခိုင်အမာပြောဆိုကြခြင်းပဲဖြစ်ပါတယ်။ ဒါကလည်း မြောက်ဦးအကြောင်းကို ပြန်စဉ်းစားရင် မပါမဖြစ်တဲ့အကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ဆိုရပါမယ်။ ကုန်သွယ်ရေးလုပ်ငန်းတွေကို အနောက်နိုင်ငံကြီးတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြတာ ရှိပါတယ်။ ဆင်ကုန်သွယ်ရေး လုပ်ငန်းတွေရှိခဲ့တယ်။ စပါးကုန်သွယ်ရေး လုပ်ငန်းတွေရှိတယ်။ စဉ့်ထည်လုပ်ငန်းတွေ ရှိခဲ့တယ်။ ကြွေထည်လုပ်ငန်းတွေ ရှိခဲ့တယ်။ ဒါတွေဟာ ပြောမဆုံးနိုင်အောင် ထွန်းကားခဲ့တယ်လို့ သမိုင်းအရပြောဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အမွေအနှစ်ကို ထိန်းသိမ်းဖို့ဆိုတာ လွန်စွာခက်ခဲနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ အဲဒီအခက်အခဲတွေကြားက လုပ်နိုင်တာကို လုပ်ကြဖို့အတွက်လည်း လက်ရှိပိုင်ဆိုင်ထားကြတဲ့ လူတွေအနေနဲ့ သက်ဆိုင်တယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

ခေတ်အဆက်ဆက်ရှိခဲ့တဲ့အထဲ မြောက်ဦးမြို့ခေတ်ဟာ ဗီ-၁၄၃၀ မှ ဗီ-၁၇၈၅ ခုနှစ်အထိတိုင် မြို့သက်နှစ်ပေါင်း ၃၅၅ နှစ်အထိ အဓွန့်ရှည်ခဲ့တယ်။ ရခိုင်ဘုရင်မင်းဆက်ပေါင်း ၄၈ ဆက်အထိ စိုးစံသွားခဲ့ ခေတ်တစ်ခေတ် ဖြစ်တယ်။ ဒါကြောင့် သမိုင်းရှိတဲ့ မြောက်ဦးလို့ ရခိုင်လူမျိုးတိုင်းရဲ့ရင်ထဲမှာ ခံစားချက်ရှိတယ်။ အခုလိုပွင့်လင်းရာသီမျိုးမှာဆိုရင် ဘုရားဖူးသွားမယ်လို့ စိတ်ကူးတိုင်း မြောက်ဦးကို သွားလေ့ရှိတယ်။ အမွေအနှစ်ကို ချစ်မြတ်နိုးသူတိုင်းဟာ အမွေအနှစ်ကိုတန်ဖိုးထားတတ်ကြတယ်။ ဒါဟာ သမိုင်းပေးတာဝန်တစ်ခုဖြစ်လို လူမျိုးတိုင်းမှာလည်း သမိုင်းပေးတာဝန်ရှိတတ်ကြတယ်။ အမွေအနှစ်ကိုထိန်းသိမ်း စောင့်ရှောက်တတ်တဲ့ စိတ်တွေရှိကြစမြဲပဲ ဖြစ်ပါတယ်။

အရင်နှစ်တွေတုန်းကဆိုရင် မြောက်ဦးမှာ မြို့လုံးကျွတ်ဆိုင်ရာ ဘုရားပွဲတော် ကျင်းပလေ့ရှိတယ်။ သျှစ်သောင်းဘုရားပွဲလို့ လူသိများတဲ့ သျှစ်သောင်း၊ ကိုးသောင်းနဲ့ ထုက္ကန်သိမ်၊ အံတော်သိမ်၊ မာန်ငါးပါးဘုရားပွဲတော်ဖြစ်တယ်။ ဒီပွဲတော်ကို ငါးရက်တိုင်ကျင်းပပြီး ရခိုင်ရိုးရာကျင်ပွဲ၊ ရခိုင်ရိုးရာလှေ (ပြိုင်လောင်း) ပြိုင်ပွဲတွေကို အထူးပွဲစဉ်တွေအဖြစ်  ထည့်သွင်းကျင်းပကြတယ်။ ဒါကြောင့်လည်း ရခိုင်ပြည်နယ်အနှံ့အပြားက ဘုရားဖူးတွေ၊ လာရောက်ကြလေ့ရှိတယ်။ အဝေးရောက် ရခိုင်သူရခိုင်သားတွေလည်း အဲဒီပွဲတော်ရက်တွေမှာ လာရောက်လည်ပတ်ကြတယ်။ ဒါဟာ ဒေသချစ်စိတ်၊ အမွေအနှစ်တွေကို ချစ်ခင်မြတ်နိုးတဲ့စိတ်တွေကြောင့်ဆိုတာ ပြောစရာမလိုအောင် အထိပါပဲ။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ ဘုရားပွဲတော်ကြီးကို ကျင်းပနိုင်ဖို့ မကျင်းပနိုင်ဖို့ဆိုတာကတော့ ဒေသအခြေအနေအပေါ် မူတည်လိမ့်မယ်လို့ ထင်ပါတယ်။ တည်ငြိမ်အေးချမ်းပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုကိုသာ ဒေသခံတွေ လိုလားနေကြတာကိုလည်း တွေ့မြင်နေကြရပါတယ်။

ပြိုင်လောင်းပြိုင်ပွဲမှာဆိုရင် ၁၆ လံ (လက်လံ) လောင်းတွေ၊ ၁၈ လံလောင်းတွေလည်း ပါဝင်တယ်။ သစ်တုံးတစ်တုံးတည်းကို ထွင်းထားတဲ့ ကြီးမားရှည်လျားတဲ့လောင်းတွေဖြစ်တယ်။ အခုအချိန်မှာ ၁၈ လံလောင်းတစ်စင်းရဖို့ဆိုတာ မလွယ်တဲ့ကိစ္စတွေ ဖြစ်လာခဲ့ပြီလို့ဆိုကြတယ်။ သစ်ကြီးဝါးကြီး တွေဆိုတာကလည်း ရှားပါးခဲ့ပြီကိုး။ သံချပ်သံတမြိုင်မြိုင်နဲ့ ရခိုင်ရိုးရာလောင်းပြိုင်ပွဲဟာ အားရကျေနပ်စရာကောင်းလှတယ်။ မြောက်ဦးဝင်ဝ ချောင်းငယ်လေးဟာ သေးလှတယ်ထင်ပေမဲ့ တကယ့်ပွဲကျင်းပတဲ့ အချိန်ကျပြန်တော့လည်း အဆင်ပြေချောမွေ့သွားတတ်တာကို တွေ့ရတယ်။ ကြက်ပျံမကျစည်ကားလှတဲ့ပွဲလို့လည်း ပြောဆိုကြတယ်။ ရပ်နီးရပ်ဝေး နယ်ပေါင်းစုံက လာရောက်ကြတဲ့ပွဲမို့ အလွန်စည်ကားတဲ့ပွဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနှစ်ထဲမှာပွဲတော် ကျင်းပနိုင်ပါစေလို့သာ ရင်ထဲက ဆုတောင်းမိတယ်။

ဘုရားတစ်ဆူပြီး တစ်ဆူလိုက်လံဖူးမြော်ရင်း အတွေးနယ်ချဲ့နေတဲ့ ကျွန်တော်ဟာ မွန်းလွဲ ၁ နာရီလောက်မှာ ကိုးသောင်းဘုရားကို ရောက်ရှိလာခဲ့ပါတယ်။ ကိုးသောင်းဘုရားကိုရောက်တော့ ရှေးဟောင်းလက်ရာတွေအတိုင်း ပြုပြင်ထားတဲ့ စေတီငယ်ပေါင်းမြောက်မြားစွာကိုလည်း တွေ့ရတယ်။ အုတ်ခဲအကျိုးအပဲ့ကြားမှာ ပျက်စီးပြိုလဲနေတဲ့ ဘုရားပေါင်းများစွာကိုလည်းတွေ့ရ တော့ စိတ်ထဲမှာ လွန်စွာစိတ်မကောင်း ဖြစ်မိပါတယ်။ ကိုးသောင်းဘုရားက အပြန်မှာတော့ စိတ်ထဲမှာ အတွေးပေါင်းများစွာနဲ့ လေးလံနေမိသလို ခံစားရပြန်တယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုးဘုရားစုံ လိုက်လံဖူးမြော်ခွင့်ရခဲ့တဲ့အတွက် ကူညီပေးသူတွေကိုလည်း အထူးကျေးဇူးတင်မိပါတော့တယ်။

အချိန်အခါ အခြေအနေတွေ ဘယ်လောက်ပြောင်းပြောင်း၊ နှစ်ပေါင်း များစွာကြာလာပေမဲ့ မြောက်ဦးဟာ မပြောင်းလဲဘဲ မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်ပါတယ်။ အမွေအနှစ်တွေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်တွေဟာ မြောက်ဦးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေ ဖြစ်သလို ဒေသခံတိုင်းရင်းသားတွေ အတွက်လည်း ရင်ထဲကအမွေအနှစ်တွေသာ ဖြစ်ပါလိမ့်မယ်။ ဘယ်လောက်ဟောင်းဟောင်း၊ တန်ဖိုးက ပြောင်းလဲသွားခြင်းမရှိသလို ပိုပြီးတန်ဖိုးမြင့်တက်လာမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုရင် မြောက်ဦးဟာ သမိုင်းဝင်တဲ့မြို့ဖြစ်တယ်။ ကမ္ဘာက အသိအမှတ်မပြုရင်တောင် ပြည်သူတွေရဲ့ ရင်ထဲမှာသမိုင်းမှတ်တိုင် အဖြစ်အသိအမှတ်ပြုထားပြီးသား ဖြစ်တယ်။ အမျိုးဘာသာ သာသနာအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေရှိတဲ့ မြောက်ဦးဟာ ကမ္ဘာတည်သရွေ့တည်ရှိနေ ဦးမယ်ဆိုတာကတော့...။