အသေးစား၊ အလတ်စား စီးပွားရေးကဏ္ဍများက ပြဆိုသော မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေ

အသေးစား၊ အလတ်စား စီးပွားရေးကဏ္ဍများက ပြဆိုသော မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေ
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ ငါး၊ ပုစွန် အအေးခန်းလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်းရှိ ငါး၊ ပုစွန် အအေးခန်းလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 7 March 2021
နီလာ

(၁)

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အဆင့်အတန်းသည် SME အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအပေါ် အစိုးရ၏အားပေးကူညီမှုနှင့် ယင်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြည့်လျှင်သိနိုင်ပေသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်သော မြန်မာနိုင်ငံတွင်လည်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါသည်။

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော စီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းကဏ္ဍများဖြစ်နေရာ ယင်းတို့၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုသည် တိုင်းပြည်စီးပွားရေး တည်ငြိမ်မှု၊ ကျဆင်းနှင့် တိုက်ရိုက်ဆက်စပ်နေလိမ့်မည်ဖြစ်သည်။

စီးပွားရေး ပြန်လည်ဦးမော့ရန်အတွက် ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများ ရေရှည်ရပ်တည်ရေးအပေါ် မည်သို့လုပ်ဆောင်မည်နည်းဆိုသည့် အချက်သည် စိတ်ဝင်စားစရာ ဖြစ်သည်။ အစိုးရတစ်ရပ်အတွက် ယင်းအချက်သည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူရောင်းချပြီး မမှန်မကန်စီးပွားရှာခဲ့မှုများကြောင့် နိုင်ငံ၏ စီးပွားရေးအခြေအနေသည် နာလန်မထူနိုင်သည့် အခြေအနေတစ်ရပ်ကို ရောက်ရှိခဲ့ရသည်။

ခေတ်အဆက်ဆက်တွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်မြင်ဖွံ့ဖြိုးအောင် ရလဒ်ကောင်းများဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့်အတွက် အစိုးရအဆက်ဆက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် အောင်မြင်မှုနည်းပါးခဲ့သည်။

ပြည်တွင်း SME လုပ်ငန်းများမှာ ဒေသတွင်းအခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိသည့်အပြင် ရပ်တည်ဖို့ပင် အတော်ခက်ခဲနေကြခြင်းကြောင့် ၂၀၂၀ နောက်ပိုင်းတွင် အာဆီယံအသိုက်အမြုံ (AEC) ကဲ့သို့ နိုင်ငံတကာနှင့် ရင်ပေါင်တန်းရမည့်အချိန်တွင် ကုန်စည်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာစီးဝင်လာပါက အခက်အခဲများဖြင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။

(၂)

အာဆီယံထုတ်လုပ်ရေးကဏ္ဍ ပြန်လည်ကျဆင်းလာပြီး မြန်မာနိုင်ငံတွင် နိုင်ငံရေးမရေရာမှုကြောင့် စက်ရုံများ ပိတ်ထားရ၍ အဆိုးရွားဆုံးကျဆင်းနေသည့် အခြေအနေနှင့် ရင်ဆိုင်လာရကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော ဖေဖော်ဝါရီလ IHS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

IHS Markit ဝယ်ယူရေး မန်နေဂျာများ၏အညွှန်းကိန်း (PMI) နောက်ဆုံးဒေတာအရ အာဆီယံဒေသတစ်ဝန်း စက်ရုံထုတ်လုပ်မှုရော အော်ဒါမှာယူမှုများပါ အသစ်တစ်ဖန် ကျဆင်းလာမှုကြောင့် ဖေဖော်ဝါရီတွင် လုပ်ငန်းအခြေအနေများ လေးလအတွင်း ဆုတ်ယုတ်လာသည်ကို ထောက်ပြနေသည်။ ဤအတောအတွင်း လာမည့် ၁၂ လ အတွင်း ထုတ်လုပ်မှုဆိုင်ရာအမြင်များမှာမူ လွန်ခဲ့သည့် စက်တင်ဘာမှစပြီး အနိမ့်ဆုံးသို့ ထိုးကျသွားသော်လည်း ကုန်စည်ထုတ်လုပ်သူတို့က လာမည့်တစ်နှစ်တာအတွင်း ပျမ်းမျှအားဖြင့် ထုတ်လုပ်မှုမြင့်လာမည်ဟု အကောင်းမြင်လျက်ရှိနေဆဲဖြစ်သည်။

အာဆီယံ PMI သည် ဖေဖော်ဝါရီတွင် ၄၉ ဒသမ ၇ ရှိပြီး ဇန်နဝါရီ၏ ၃၂ လအတွင်း အမြင့်ဆုံးဖြစ်သည့် ၅၁ ဒသမ ၄ အောက် ကျဆင်းသွားခြင်းဖြစ်ပြီး လွန်ခဲ့သည့် အောက်တိုဘာမှစ၍ ပထမဦးဆုံးအကြိမ် ဆုတ်ယုတ်မှုကို အချက်ပြလိုက်သည်။

နိုင်ငံများအလိုက်ပြောရလျှင် မြန်မာနိုင်ငံတွင် အခြေအနေများ အနက်ရှိုင်းဆုံးထိုးကျမှုကို မြင်ရပြီး နိုင်ငံရေးမရေရာမှုကြောင့် စက်ရုံများပိတ်နေကြ၍ PMI ၂၇ ဒသမ ၇ မှာ စံချိန်တင်အနိမ့်ဆုံးဖြစ်သည်။  အခြားနိုင်ငံများကိုကြည့်လျှင် ထိုင်းနှင့် မလေးရှားနှစ်နိုင်ငံစလုံးတွင် ကျမြဲကျခဲ့ပြီး နိုင်ငံတိုင်းတွင် ကျဆင်းမှုနှုန်းမှာ ပိုမြန်လာသည်။ PMI ၄၇ ဒသမ ၂ နှင့် ၄၇ ဒသမ ၇ တွင် အသီးသီးရှိခဲ့ခြင်းက ခြုံပြောရလျှင် ထုတ်လုပ်ရေးကဏ္ဍအတွင်း အခြေအနေများ ဆုတ်ယုတ်လာမှုကို ညွှန်ပြနေသည်။

ဤအတောအတွင်း အင်ဒိုနီးရှားနိုင်ငံ၏ ထုတ်လုပ်မှုသည် ဇန်နဝါရီလ၏ ခြောက်နှစ်ခွဲကာလအတွင်း အမြင့်ဆုံးမှ အားပျော့သွား ပြီး PMI ၅၀ ဒသမ ၉ က ဖေဖော်ဝါ ရီတွင် ဒသမဂဏန်းမျှ ဦးမော့ခြင်းကို  ညွှန်ပြနေသည်။ ဗီယက်နမ်က နှစ်လအတွင်း အခြေအနေများ အမြန်ဆုံး တိုးတက်လာမှုကို မှတ်တမ်းတင်လိုက်သော်လည်း ခြုံပြောရလျှင် PMI ၅၁ ဒသမ ၆ က အသင့်အတင့် တိုးတက်မှုဖြစ်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံကိုကြည့်လျှင် PMI ၅၂ ဒသမ ၅ မှာ ယခုလတွင် မပြောင်းလဲခဲ့ဘဲ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှစပြီး ဒုတိယအများဆုံး ဦးမော့မှုကို အချက်ပြနေသည်။ စင်ကာပူက အဖွဲ့ဝင်ခုနစ်နိုင်ငံအနက် အကောင်းဆုံးတိုးတက်မှုကို PMI ၅၅ ဒသမ ၂ ဖြင့် မှတ်တမ်းတင်လိုက်သော်လည်း ယခင်လကထက် အားပျော့လာခြင်းဖြစ်သည်။

ခြုံပြီးကြည့်လျှင် အာဆီယံထုတ်လုပ်ရေးကဏ္ဍသည် နှစ်လဆက်တိုက် တိုးတက်ပြီးနောက် ဖေဖော်ဝါရီလတွင် မသိမသာကျဆင်းမှုကို မှတ်တမ်းတင်လိုက်ကာ စက်ရုံထုတ်လုပ်မှုရော၊ လုပ်ငန်းအသစ်များပါ  ကျဆင်းလာခြင်းဖြစ်သည်။ ဤအတောအတွင်း ကုမ္ပဏီများက ၎င်းတို့၏ဝယ်ယူမှုများကို လျှော့ခဲ့ကြရာ သုံးလအတွင်းအများဆုံးနှုန်း ဖြစ်လာသည်။ ဖေဖော်ဝါရီဒေတာက ပစ္စည်းပေးသွင်းမှု ကွင်းဆက်များတွင် ဖိအားပေးမှုများရှိနေသေးခြင်းကို မီးမောင်းထိုးပြလိုက်ပြီး ပစ္စည်းပေးသွင်းသူတို့၏လုပ်ကိုင်မှုမှာ ၁၃ လဆက်တိုက် သိသိသာသာ ဆုတ်ယုတ်မှုဖြစ်သည်။

စျေးဝယ်သူများဘက်မှ ဝယ်လိုအား နိမ့်လာပြီး ထုတ်လုပ်မှုလျှော့ချလာချိန်တွင် အာဆီယံထုတ်လုပ်သူတို့၏ လက်ကျန်အလုပ်များမှာ ဖေဖော်ဝါရီတွင် လျော့နည်းသွားခဲ့ပြန်သည်။ ကျဆင်းမှုနှုန်းမှာ ယခုလတွင် မသိမသာမြန်လာခဲ့သော်လည်း ခြုံကြည့်လျှင် အသင့်အတင့်သာဖြစ်သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် ၎င်းတို့၏ အလုပ်နေရာများကို ဖေဖော်ဝါရီတွင်ဆက်ပြီး ဖြတ်တောက်ခဲ့ကြသည်။ အလုပ်နေရာများ နောက်ဆုံးဖြတ်တောက်ခဲ့မှုမှာ COVID-19 ကပ်ရောဂါအကြိုကာလမှစပြီး အနည်းဆုံးဖြစ်ကာ အသင့်အတင့် မျှသာဖြစ်သည်။

စျေးနှုန်းများကို လေ့လာကြည့်လျှင် ထည့်သွင်းကုန်စျေးနှုန်းများမှာ ဖေဖော်ဝါရီလတွင် ၁၁ လဆက်တိုက် မြင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ် အောက်တိုဘာလမှစပြီး အနက်ရှိုင်းဆုံးနှုန်းဖြစ်သည်။ သို့ဖြစ်၍ ကုမ္ပဏီများသည် ၎င်းတို့၏ရောင်းစျေးများကို ထပ်ပြီးမြှင့်တင်ခဲ့ကြပြန်သည်။ ရောင်းစျေးများ၏ ဖောင်းပွမှုနှုန်းမှာ နှစ်နှစ်အတွင်း အမြန်ဆုံးနှုန်းဖြစ်ခဲ့သည်။ နောက်ဆုံးအဖြစ် လုပ်ငန်းများ၏ ယုံကြည်မှုမှာ ဖေဖော်ဝါရီတွင် အနည်းငယ်ကျဆင်းသွားပြီး စစ်တမ်းပျမ်းမျှနှင့် ယှဉ်ကြည့်လျှင် အားပျော့သွားသည်။ မည်သို့ပင်ဖြစ်စေ ကုမ္ပဏီများသည် ပျမ်းမျှအနေဖြင့်လာမည့် ၁၂ လအတွင်း ထုတ်လုပ်မှုမြင့်လာမည်ဟု အကောင်းမြင်လျက်ရှိ နေကြဆဲဖြစ်သည်။

IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က “အာဆီယံတစ်ဝန်း ထုတ်လုပ်ရေး အခြေအနေတွေက ဖေဖော်ဝါရီလမှာ လေးလအတွင်း ပထမအကြိမ်ဆုတ်ယုတ်လာပါတယ်။ ကျဆင်းမှုနှုန်းက အနည်းငယ်ဖြစ်ပေမဲ့ ထုတ်လုပ်မှုရော၊ အော်ဒါအသစ်တွေပါ အသင့်အတင့် ကျဆင်းလာမှုကို ထင်ဟပ်နေပါတယ်။ စိန်ခေါ်မှုများတဲ့ အခြေအနေတွေနဲ့အညီ အကောင်းမြင်စိတ်က ငါးလမြောက်အဖြစ် အနိမ့်ဆုံးကို ထိုးကျသွားပြီးစစ်တမ်း သမိုင်းနဲ့ ဆက်စပ်ကြည့်ရင် အားနည်းသွားပါတယ်” ဟု ပြောကြားသည်။

(၃)

နိုင်ငံတစ်နိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် ပြောင်းလဲလျက်ရှိပြီး ယင်းကဏ္ဍတိုးတက်မှုသည် လက်ရှိအခြေအနေတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများအပေါ်တွင် အဓိကမူတည်နေသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုတွင် ထုတ်လုပ်မှုကဏ္ဍသည် အဓိကနေရာတွင် ဆက်လက်၍ ရှိနေသည်ဟူသည့် သုံးသပ်ချက်ကို ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့်  မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း စစ်တမ်း (၂၀၁၉) က ဖော်ပြထားသည်။

သို့သော် ထုတ်လုပ်နိုင်စွမ်းအား၊ ကဏ္ဍအလိုက် ချိတ်ဆက်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့်  ငွေကြေးလက်လှမ်းမီမှု၊ အလုပ်အကိုင်ခန့်ထားမှုနှင့် စီးပွားရေးဆိုင်ရာ အကန့်အသတ်များ စသည်တို့နှင့်  တိုက်ရိုက်သက်ဆိုင်သော အကြောင်းအရာကိစ္စများနှင့် စပ်လျဉ်း၍ ပြောင်းလဲလာသောပုံရိပ်ကို စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအား အထောက်အပံ့ဖြစ်စေမည့်မူဝါဒအသစ်များ  ပြန်လည်ချမှတ်ရာတွင် ထည့်သွင်းစဉ်းစားရန် လိုအပ်လာမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အချို့သော ထည့်သွင်းစဉ်းစားချက်များတွင် လုပ်ငန်းများအနေဖြင့် ကုန်ထုတ်စွမ်းအား မြင့်မားလာစေရေးအတွက် အဓိကထားဆောင်ရွက်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ တန်ဖိုးကွင်းဆက်များကို ပို၍နက်ရှိုင်းစွာ တည်ဆောက်နိုင်ရေးအတွက် ကူညီပံ့ပိုးရန်၊ စားသောက်ကုန် ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံတကာတန်ဖိုးကွင်းဆက်မှုများနှင့် ချိတ်ဆက်နိုင်ရေး ပိုမိုကြိုးပမ်းဆောင်ရွက်ရန်၊ သွင်းအားစုကုန်ကြမ်းရရှိရေးဆိုင်ရာ အကန့်အသတ်များနှင့် ရင်ဆိုင်နေရသော ကဏ္ဍအလိုက် လုပ်ငန်းများတွင် စျေးကွက်အကူအညီများ ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံရန် စသည်တို့ ဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ပြင် စက်မှုဇုန်များ၏ ထိရောက်မှုကို သုံးသပ်ရာတွင် အထူးသဖြင့် သတ်မှတ်ထားသော နေရာများတွင် အသေးစားလုပ်ငန်းများကို နေရာချထားပေးခြင်းသည် နိုင်ငံစီးပွားရေးအတွက် အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းခြင်း ရှိမရှိကို ပြန်လည်သုံးသပ်ရန်၊ ကုန်ထုတ်နိုင်စွမ်းပိုမိုမြင့်မားရေးကို စွမ်းဆောင်ပေးနိုင်သော အလတ်စားနှင့် အကြီးစားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် တရားဝင်ချေးငွေ လက်လှမ်းမီမှု ရရှိစေရေး ဆောင်ရွက်ရန် စသည်တို့ကိုလည်း ဆောင်ရွက်ရန်ဖြစ်သည်။

အလားတူ အသေးစားနှင့် အငယ်စားလုပ်ငန်းများအတွက် သင်တန်းများနှင့် စွမ်းရည်မြှင့်တင်ရေး၊ အခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် အထူးသဖြင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းဖြင့် အဆိုပါ လုပ်ငန်းအရွယ်အစားများ တိုးတက်အောင်မြင်မှုကို ရရှိစေရန်၊ လုပ်သားအင်အား စီးဆင်းမှုများ၊ အလုပ်အကိုင်စာချုပ်များချုပ်ဆိုမှုနှင့် လုပ်ခလစာသတ်မှတ်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက်များအပေါ် ပိုမိုနက်နဲစွာ နားလည်သဘောပေါက်လာစေရန်၊ တန်းတူညီမျှမှုရှိပြီး အားလုံးပါဝင်နိုင်သော အလုပ်သမားစျေးကွက်တွင် ကျား/မ အလုပ်အကိုင်အခွင့်အလမ်း တန်းတူညီမှုမှုရရှိရန်နှင့် လုပ်ခလစာ တန်းတူညီမျှမှုရရှိလာစေရန်တို့ကို ဆောင်ရွက်ရမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံ့စီးပွားရေးအတွက် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အကူအညီအထောက်အပံ့ကောင်းများ ဆောင်ရွက်ပေးရမည်ဖြစ်ရာ ချေးငွေကဲ့သို့သော ငွေသားအရင်းအမြစ် ကောင်းမွန်အောင် ဖန်တီးပေးမှုနည်းလမ်းအပြင် လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာဖွံ့ဖြိုးမှု၊ ကိုယ်ပိုင်တီထွင် ဆန်းသစ်မှုပိုင်းတို့တွင်လည်း ပံ့ပိုးပေးရန် လိုသည်။

သင့်လျော်သော အခွန်အကောက်နှုန်းထားဖြစ်ရန်၊ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ရာတွင် ကြိုးနီစနစ်များကို ဖြေလျှော့ပေးရန်နှင့် စျေးကွက်အထောက်အကူပြုရေးအတွက် ဆောင်ရွက်ပေးရန်စသည့် မူဝါဒများကို ချမှတ်ဆောင်ရွက်ပေးရန် လိုအပ်သည်။

မြန်မာ့စီးပွားရေးကို အခြေခိုင်စွာ တိုးတက်ပြောင်းလဲမှု လိုချင်ပါက ပြည်တွင်းအသေးစား၊အလတ်စားစီးပွားရေး  လုပ်ငန်းများ ရှင်သန်နိုင်ရန်  မဖြစ်မနေ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့မဟုတ်ဘဲ ခေတ်အဆက်ဆက် နည်းမျိုးစုံဖြင့် အခွင့်အရေးရယူခဲ့ကြသော လက်တစ်ဆုပ်စာ ခရိုနီလုပ်ငန်းရှင်ကြီးများ ရှင်သန်မှုအတွက်သာ ဦးစားပေးလုပ်ဆောင်နေမည်ဆိုပါက တိုင်းပြည်အနေဖြင့် ဆင်းရဲတွင်းနက်သထက်နက်မည့် အခြေအနေနှင့် ရင်ဆိုင်ကြရပေလိမ့်မည်။ ထို့ကြောင့်တိုင်းပြည်စီးပွားရေး အမှန်တကယ်ဦးမော့လာစေရေးအတွက် အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်သည့် အသေးစား အလတ်စားစီးပွားရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်သင့်သည်။

(၄)

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏သတင်းထုတ်ပြန်ချက်အရ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများအနေဖြင့် စုစုပေါင်း ၅၁၆၆၇ ရှိပြီး အငယ်စားစီးပွားရေးလုပ်ငန်း ၃၁၄၉၇ ခု၊ အလတ်စား စီးပွားရေးလုပ်ငန်း ၁၁၇၆၇ ခုနှင့် အကြီးစားစီးပွားရေးလုပ်ငန်း ၈၄၀၃ ခုရှိသည်။

စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် COVID-19 ရောဂါ ဖြစ်ပွားနေသောကြောင့် အခက်အခဲများစွာနှင့် စိန်ခေါ်မှုများစွာ ကြုံတွေ့နေရသည့်အချိန်ကာလတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန်ရပ်တည်နိုင်ရန် နိုင်ငံတော်အစိုးရ၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်တားဆီးရေး၊ ကုသရေးလုပ်ငန်းကော်မတီ၊ စီးပွားရေးသက်ရောက်မှု ကုစားရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“COVID-19 ဟာ ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံဖြစ်ပေါ်လာခဲ့ရာ မြန်မာနိုင်ငံတွင်လည်း နိုင်ငံအနှံ့အပြား ကျန်းမာရေး၊လူမှုရေးနဲ့ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ထိခိုက်ခဲ့ပါတယ်။ ပြည်တွင်းပြည်ပ ကုန်စည်စီးဆင်းမှုအဆက်အသွယ် ပြတ်တောက်ခြင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ CMP လုပ်ငန်းများ၊ MSMEs လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှုရှိလာခဲ့ပြီး အခြားအရေးကြီးတဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများစသဖြင့် လုပ်ငန်းများအပေါ်မှာလည်း အနည်းအများအလိုက် ဆန့်ကျင်ဘက် သက်ရောက်မှုတွေရှိလာခဲ့ပါတယ်။ ဒါ့အပြင် အချို့စက်ရုံ၊ အလုပ်ရုံများ ပိတ်သိမ်းပြီး အလုပ်သမားအရေအတွက် လျှော့ချခြင်းများကိုလည်း ကြားသိနေခဲ့ရပါတယ်။ COVID-19 ရောဂါရိုက်ခတ်မှုကြောင့် ထိခိုက်လာသည့် စီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားများအတွက် မျက်ခြည်မပြတ် စောင့်ကြည့်၍ ကူညီဆောင်ရွက်ခဲ့ပါတယ်” ဟု ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍပေါင်းစုံပါဝင်သည့် MSME အဖွဲ့အစည်းတည်ထောင်၍ ထိရောက်သော ဝန်ဆောင်မှုလုပ်ငန်းများ ကူညီပေးမည်ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားထားသည်။

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များအတွက် ဝန်ဆောင်မှု လျင်မြန်စွာဆောင်ရွက်ရန် MSME Agency ရုံးများဖွင့်လှစ်နိုင်ရေးနှင့် အဆိုပါရုံးများတွင် One Stop Service ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ရာခိုင်နှုန်း ၉၀ ကျော်ရှိသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးတက်မှုမရှိခြင်းသည် နိုင်ငံစီးပွားရေးကိုများစွာ ထိခိုက်စေသည့် အချက်ကိုမူ မငြင်းနိုင်ပေ။

ခေတ်အဆက်ဆက်တွင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသေးသည့်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ အားနည်းခဲ့ရသကဲ့သို့ပင် လက်ရှိအချိန်တွင်လည်း ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် မည်သို့လုပ်ဆောင်မည်ဆိုသည့်အချက်သည် များစွာအရေးကြီးနေသည်။

COVID-19 အကျပ်အတည်း၏ လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများနှင့် လတ်တလောအခြေအနေများကို မှန်မှန်ကန်ကန်သုံးသပ်လျက် မှန်ကန်သည့်တုံ့ပြန်မှုများကို စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်သည်။

ယင်းအချက်သည် အဓိကစိန်ခေါ်မှုဖြစ်ပြီး စီးပွားရေးအမှန်တကယ် ကျပ်တည်းခြင်းရှိမရှိအပေါ် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ၏ မျက်မှောက်အခြေအနေများဖြင့် ချိန်ထိုးသုံးသပ်ရန် လိုအပ်လျက်ရှိသည်။

သို့မဟုတ်ပါက ရာခိုင်နှုန်း ၉၀ ကျော်ရှိသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ တဖြည်းဖြည်း ထိခိုက်ကျဆုံးသွားပါက နိုင်ငံ၏ စီးပွားရေးသည်လည်း နာလည်ပြန်ထူရန် စိန်ခေါ်မှုများစွာရှိနေမည်ဖြစ်သည်။