ဆန်ပြုတ်

ဆန်ပြုတ်
Photo: Christine Bailey
Photo: Christine Bailey
Published 7 March 2021
မိုးသောက်ထွန်း

ညခင်းသည် တိတ်ဆိတ်ခြောက်ကပ်နေ၏။ ပါးလျလာသော အအေးဓာတ်များ၏နေရာတွင် အပူဓာတ်များက တိုး၍တိုး၍ ဝင်ရောက်လာနေသည်။ ညသန်းခေါင်အချိန် ကျော်သည့်တိုင် အပူဓာတ်က လျော့ပါးမသွား။ ညသည် တိတ်ဆိတ်နေသော်လည်း အတွေးတို့ကမူ ငြိမ်သက်ခြင်းမရှိ။ ပတ်ဝန်းကျင်အပူငွေ့နှင့် ရင်တွင်းသောကအပူတို့ ရောယှက်မွှေနှောက်ကာ အတွေးအာရုံတစ်ခုလုံး ရှုပ်ယှက်ခတ်နေ၏။

“မနက်ဖြန်ကျရင် ဆန်ဆိုင်မှာ ဆန်တစ်အိတ်လောက် သွားဆွဲလိုက်ဦးနော် အစ်ကို၊ ဆန်ကုန်နေပြီ”

ညနေခင်းက သတိပေးပြောကြားခဲ့သော ဇနီးသည်၏စကားများက နားထဲတွင် ပဲ့တင်ထပ်နေဆဲ။ ရော့ပတ္တမြား ရော့နဂါးဆိုပြီး ပိုက်ဆံလက်ငင်းပေးချေ၍ ဆန်အိတ်ဆွဲ (ဝယ်) ရလျှင် အကြောင်းမဟုတ်။ ယခုက အကြွေးဝယ်ရမည့်အခြေအနေ။ တိတိကျကျဝင်ငွေ မရှိတော့သည်မှာ နှစ်ပေါက်ခဲ့ပြီ။ ဟိုစပ်စပ် သည်စပ်စပ် ဝင်လာသည့် ငွေကြေးအချို့နှင့် ဟိုဆွဲသည်ဆွဲ ချေးငှားထားသည့် ငွေကြေးများနှင့် ရပ်တည်လာခဲ့ရသည့်မှာ ကာလအတန်ကြာချေပြီ။ ကျပ်တည်းခြင်းဆိုသည့် အရာများအနက် စိတ်ကျပ်တည်းခြင်း၏ ဝေဒနာဆိုးကို ကျမ်းတစ်စောင် ပြုစုနိုင်လောက်သည်အထိ နားလည်ကျွမ်းဝင်ခဲ့ရပြီးပြီ။

ပူလောင်ခြင်း စိတ်ရှုပ်ခြင်းတို့နှင့် အတွေးလွန်နေစဉ် ဆူညံလွန်းသည့် အသံတစ်အုပ်တစ်မကြီးက အကြားအာရုံကို ဝင်ရောက်တိုက်ခိုက်လေသည်။ တခြားတော့မဟုတ်၊ လမ်းပေါ်က ခွေးလေခွေးလွင့်တစ်သိုက် အိမ်အောက်ကိုဝင်ပြီး ကိုက်ခဲမာန်ဖီနေကြခြင်းပင်။ ကြမ်းပြင်ကို တဒုန်းဒုန်းထုပြီး မောင်းထုတ်သော်လည်း ထွက်မသွားကြ။ တုတ်တစ်ချောင်းနှင့် ကြမ်းပေါက်ကနေ လှန့်ခြောက်သော်လည်း မထူးခြား။ ခွေးဆူသံကြောင့် လေးလအရွယ် သမီးငယ်လေးဆီက တအဲအဲငိုသံ ထွက်ပေါ်လာသည်။ မည်သို့မျှ မောင်းမရသော ခွေးများကို ထိုင်ကြည့်ရင်း ငယ်ငယ်က ဘကြီးတစ်ယောက် ပြောဖူးသည့် ခွေးမောင်းဂါထာကိုပင် သွား၍သတိရမိသည်။

“ခိုဆွေး ခိုဆွေး...သွဲ့ဟာ သွဲ့ဟာ...မသွင်ရား၊ မသွင်ရား...သန်းနဲ့ပေးမယ်၊ သန်းနဲ့ပေးမယ်” တဲ့။

ဘကြီးက နောက်ပြောင်ပြောခဲ့ခြင်းကို အစကသဘောမပေါက်။ နောက်မှ “ခွေးဆိုး ခွေးဆိုး...သွားဟဲ့ သွားဟဲ့...မသွားရင်...သေးနဲ့ပန်းမယ်” ဟူသည့် အဓိပ္ပာယ်ဖွင့်ကြောင်းသူများ ပြောမှသိခဲ့ရသည်။ ခွေးမောင်းဂါထာအကြောင်း ပြန်တွေးမိပြီး စိတ်ထဲမှာ ပြုံးချင်ချင်ဖြစ်လာသည်မို့ ခပ်တိုးတိုးပင် ရေရွတ်လိုက်မိသေးသည်။ တိုက်တိုက်ဆိုင်ဆိုင် ဆူညံနေသောခွေးအုပ်မှာ တခြားသို့ပြေးထွက်သွားကြသည်။ ခွေးမောင်းဂါထာ၏ အစွမ်းကြောင့် မဟုတ်တာတော့ သေချာပါသည်။

တောင်တွေးမြောက်တွေးနှင့် ဗိုက်ထဲကဟာတာတာ၊ ဆာတာတာ ဖြစ်လာသည်။ ထမင်းပေါင်းအိုးကို ထဖွင့်ကြည့်တော့လည်း ပြောင်တလင်းခါနေ၏။ ထူးထူးခြားခြား စိတ်ထဲမှာ ချဉ်ခြင်းတစ်မျိုး ဖြစ်ပေါ်လာသည်။ ဆန်ပြုတ်သောက်ချင်သည့် အာသာဆန္ဒပင်ဖြစ်၏။ ချက်ချင်းပင် ထပြုတ်၍ သောက်ချင်သည့်စိတ်များ ပေါ်ပေါက်လာသည်။ သို့သော် ဆန်ကုန်နေပြီဟု ပြောထားသည့် ဇနီးသည်၏အသံကို ပြန်ကြားယောင်မိပြီး စိတ်ကိုချုပ်တည်းလိုက်သည်။ တစ်ဖန်ဆန်ပြုတ်၏ ပြောင်းပြန်အဓိပ္ပာယ်ယူလျှင် အတိတ်နိမိတ် မကောင်းသည်ဖြစ်၍ ဆန်ပြုတ်သောက်ချင်သည့်စိတ်ကို ကြိုးစားဖြေဖျောက်လိုက်သည်။ တော်တော်နှင့် ဖျောက်မရ။ ထို့ကြောင့် စာအုပ်တစ်အုပ်ကိုဖတ်ပြီး ဖြေဖျောက်ဖို့ ကြံစည်လိုက်သည်။

ဆွဲယူလိုက်မိသည့်စာအုပ်က ဆရာဒဂုန်ရွှေမျှား၏ ရုပ်တုကျိန်စာဆိုသည့်စာအုပ်။ ဒေါက်တာမောရစ်ဆင်အမည်ခံ ဆေးဆရာဝန် မောင်တောက်ထိန်သည် မေရီစီလက်စတီသင်္ဘောစီးကာ အာဖရိကလူရိုင်းများထံ ရောက်သွားသည့်အကြောင်း ရေးဖွဲ့ထားသည်။  ဒဂိုးရင်းဒဟူသည့် သင်္ဘောစီးခရီးသည်က သင်္ဘောပေါ်ရှိ လူများအားလုံးကို သတ်ပစ်ပြီး ဒေါက်တာမောရစ်ဆင် တစ်ယောက်သာ နားရွက်ပုံကျောက်ပြားလေးကြောင့် အသတ်မခံရဘဲ ဖမ်းခေါ်သွားခြင်းခံရသည်။

နားရွက်ပုံ ကျောက်ပြားလေးကြောင့် လုရိုင်းများ၏ ဘုန်းကြီးအဖြစ် သတ်မှတ်ခံရသည်။ သို့သော် လွတ်လွတ်လပ်လပ်တော့ မနေရ။ နောက်တော့ ရွာသူကြီး၏သမီး “ဂူလီ” ကို ခွေးကိုက်ဒဏ်ရာ ကုသပေးရင်း ချစ်ကြိုးသွယ်မိကြသည်။ ဂူလီ၏အကူအညီနှင့် လူရိုင်းများထံမှ ထွက်ပြေးကြသည်။ လူရိုင်းများ နောက်ကလိုက်၍ သတ်ဖြတ်မှုကြောင့် လမ်းမှာပင် ဂူလီ သေဆုံးသွားသည်။ ဒေါက်တာမောရစ်ဆင် တစ်ယောက်တည်း လှေတစ်စင်းဖြင့် မျောလွင့်သွားသည်။

စာအုပ်ကို စိတ်ဝင်တစားဖတ်လာရင်း စာမျက်နှာ ၁၁၀ အရောက်၌ ဖတ်လိုက်ရသည့် စာသားများကြောင့် စာထဲတွင်ဆက်ပြီး စိတ်ကိုနှစ်မရတော့။ စာအုပ်မှာ ဖတ်ရသည်က “ထိုညသည် တဖြည်းဖြည်း ကုန်လွန်ပြန်လေရာ နောက်တစ်နေ့၌မူကား နံနက်လင်းသည်နှင့် တစ်ပြိုင်နက် အလွန်ပူအိုက်၍လာပြီးလျှင် နေမွန်းတည့်ချိန်သို့ရောက်လတ်သော် နေရောင်များသည် ကျွနု်ပ်၏ အဝတ်အစားနည်းပါးလှသော ကိုယ်ပေါ်သို့ ရက်စက်စွာကျရောက်ကာ ထွန့်ထွန့်လူးမျှရှိခဲ့လေ၏။ ထိုနေ့သည်ကား အစာနှင့် မတွေ့ခဲ့သည်မှာ ငါးရက်မြောက်သောနေ့ဖြစ်၍ ကျွနု်ပ်၏ဝမ်းတွင်း၌ ပူလောင်လျက်ရှိ၏။ ရေငတ်လာပြန်သဖြင့် ယမန်နေ့က မိုးကိုပင်တမိ၏။ ထိုအခါ၌ ကျွန်ုပ်မှာဝမ်းထဲတွင် အစာမရှိ၍ ဆာလောင်ပြန်၊ ရေကလည်းငတ်ပြန်ဖြစ်ရကား လှေပေါ်တွင် အငြိမ်မနေနိုင်တော့ဘဲ စောင်းချည်တစ်ခါ၊ မှောက်ချည်တစ်လှည့်ဖြင့် ငါးဖယ်ပျံသကဲ့သို့ ရှိလေ၏” ဟူ၍ပင်ဖြစ်သည်။

စာအုပ်ကိုပိတ်ပြီး ချထားလိုက်သည်။ ဒေါက်တာမောရစ်ဆင်၏ ဆာလောင်မှုများ ကူးစက်လာသည်ဟု ခံစားလိုက်ရသည်။ ဆန်ပြုတ်သောက်ချင်နေသည့် ဆာလောင်စိတ် အာသိသက ရုန်းကြွလာကြသည်။ သို့နှင့် ဆန်အိုးအဖုံးကိုဖွင့်ပြီး ကပ်ကပ်သပ်သပ် ခပ်ယူကြည့်လိုက်သည့်အခါ ဆန်လက်တစ်ဆုပ် ရလာသည်။ ဆန်ကို ဆေးကြောပြီး ရေတစ်ခွက်နှင့်အတူ ပေါင်းအိုးထဲ ထည့်လိုက်သည်။ မီးပလတ်ကိုထိုးပြီး အိုးနားမှာပင် ထိုင်စောင့်နေလိုက်၏။ စာအုပ်ကိုပြန်ဖတ်ပြီး ထိုင်စောင့်ရန် စိတ်ကူးမိသော်လည်း စာအုပ်အုပ်ထဲတွင် စိတ်နှစ်မရတော့သည်ဖြစ်၍ ဆန်ပြုတ်အိုးနားတွင်သာ ထိုင်စောင့်နေလိုက်ခြင်းပင်။

တရှဲရှဲမြည်နေသော အသံကိုနားထောင်ရင်း ထိုင်စောင့်နေရသည်က တစ်ကမ္ဘာလောက်ပင်ကြာသည် ထင်ရ၏။ ဆန်ပြုတ်အိုးကျက်သည့်အခါ ပူပူလောင်လောင်ပင် ပန်းကန်တစ်ခုထဲ ခပ်ထည့်လိုက်သည်။ ရေထည့် လောဘကြီးသွား၍ ဆန်ပြုတ်က အနည်းငယ် ကျဲသွားသည်။ သို့သော် ဆားခတ်ပြီး၍ တစ်ဇွန်းမြည်းကြည့်လိုက်ရာ လျှာဖျားပင် စိမ့်သွားအောင် အရသာရှိလှ၏။ ဆာလောင်နေသည့် အချိန်၊ အာသာဆန္ဒကြီးမားနေသည့် အချိန်ဖြစ်၍ ဆန်ပြုတ်၏အရသာသည် နတ်သုဒ္ဓါသမျှ ကောင်းမွန်နေသည်ဟု ခံစားရသည်။ ဆန်ပြုတ်ကို ပန်းကန်လုံးနှင့် နှစ်လုံးတိတိ သောက်လိုက်တော့မှ ရင်ထဲကဝမ်းမီးမှာ ငြိမ်သက်သွားခဲ့သည်။ ထို့နောက် ရုပ်တုကျိန်စာစာအုပ်ကို ဇာတ်သိမ်းအထိ ဆက်ဖတ်ရင်း နောက်ထပ်စာအုပ်များ တစ်အုပ်ပြီးတစ်အုပ်ဖတ်ကာ ထိုညကမအိပ်ဘဲ မိုးလင်းခဲ့ရသည်။

နောက်တစ်နေ့မနက် လက်ကျန်ဆန်ပြုတ်ကို မနက်စာအဖြစ် အဟာရဖြည့်နေစဉ် အလွန်ရင်းနှီးလှသော မိတ်ဆွေတစ်ယောက် ရောက်လာသည်။ တစ်စုံတစ်ရာသောကိစ္စတစ်ခုကို စုစည်းဆောင်ရွက်ကြရန် လာရောက်ခေါ်ငင်ခြင်းပင်။ သို့သော် လိုက်မသွားဖြစ်ခဲ့။ လိုက်မသွားခြင်းဆိုသည်ထက် မိတ်ဆွေက မခေါ်တော့ဘဲ ထားခဲ့ခြင်းဖြစ်၏။ ဤသည်မှာလည်း သောက်လက်စ ဆန်ပြုတ်ပန်းကန်ကို တွေ့သွားသောကြောင့်ပင်။

“မင်းကို ငါလာခေါ်တာကွ၊ ဘာတွေများ စားနေတာတုန်း၊ ဟင်...ဆန်ပြုတ်တွေ သောက်နေတာလား၊ ဟာကွာ နိမိတ်မရှိ ဖြစ်ပါပြီ၊ ဆန်ပြုတ်ဆိုတာ ဆုတ်ပြန်လို့ အဓိပ္ပာယ်၊ နေတော့နေတော့ ဒီနေ့မလိုက်နဲ့တော့၊ ငါသွားပြီ” ဆိုသည့် စကားသံများကိုပင် ခုထိကြားယောင်မိတုန်း။ ပြုံးရမလိုလို၊ မဲ့ရမလိုလိုပင်။ အချို့ ထူးထူးခြားခြားအစားအသောက် လုပ်စားသည့်အခါ ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်ကြသလိုများ တင်ကြည့်လိုက်လျှင် Facebook အကောင့်တွင်ရှိနေသော သူငယ်ချင်းများထဲက တစ်ဝက်လောက်များ လျော့သွားမလားဟုပင် တွေးမိလိုက်သေး၏။ သြော် ဆန်ပြုတ်...ဆန်ပြုတ်။