သရက်ပွင့်တွေ တဝေဝေ

သရက်ပွင့်တွေ တဝေဝေ
ဓာတ်ပုံ-ဇော်ဇော်အောင်
ဓာတ်ပုံ-ဇော်ဇော်အောင်
Published 4 March 2021
မောင်ကြည်

ကျွန်တော် အိမ်ပြန်လာရာ လမ်းတစ်လျှောက်မှာ သရက်ပင် လေး၊ ငါး၊ ခြောက်ပင် တွေ့ရသည်။ အပင်တိုင်းလိုလိုမှာ သရက်ဖူးကလေးတွေ၊ သရက်ပွင့်ကလေးတွေ အစီအရီနှင့်။ ရိုးးတံညှာတစ်လျှောက် အဖူးအငုံကလေးတွေက ၀ါဖန့်ဖန့် အဆင်အသွေးနှင့်။ ခေါင်းလေးတွေ တထောင်ထောင်နှင့်။ သူတို့ကို မြင်ရသည်မှာ စိတ်ချမ်းသာစရာ။ အားတက်စရာ။ မလျှော့နှင့် နောက်မဆုတ်နှင့်ဟု အားပေးနေသယောင်ပင်။ သြော် … သရက်ပွင့်ကလေးတွေ။

အဆိုပါ သရက်ပင်လေးတွေအောက်မှာ လျှောက်လာရင်း ငယ်ငယ်တုန်းက ရင်းနှီးခဲ့ဖူးသည့် သရက်ပင်လေးတွေကို သတိရမိသည်။ ကျွန်တော့်ငယ်ဘဝသည် ယခင်မူလရပ်ကွက်ထဲမှာ စခဲ့သည်။ ယခုလက်ရှိအိမ်သို့ ပြောင်းလာသည်မှာ သိပ်မကြာသေး။ အခု သရက်ပင်လေးတွေမြင်တော့ ယခင်လမ်းထဲက ယခင်အိမ်ဟောင်းလေးကို ပိုလွမ်းမိသွားသည်။ ငယ်ဘဝအမှတ်တရတွေ ခိုအောင်းခဲ့သည့် အိမ်ကလေး မဟုတ်ပါလား။ ထိုစဉ်တုန်းက ကျွန်တော်တို့အိမ်ခေါင်းရင်းထောင့် မကျတကျလောက်မှာ သရက်ပင်ကြီးတစ်ပင်ရှိသည်။ ကျွန်တော် အရွယ်ရောက်လာသည့် အချိန်မှာ ထိုအပင်က တော်တော်လေးကြီးရင့်ကာ သရက်သီး လှိုင်လှိုင်သီးနေပါပြီ။ ငယ်ငယ်တုန်းကတော့ အပင်တွေတက်ရမှာ ဝန်မလေး။ ကြောက်စိတ်လည်းမရှိ။ ကလေး ဘာသာဘာဝ ဆီးပင်လည်းတက်၊ ကုက္ကိုပင်လည်းတက်၊ သရက်ပင်လည်းတက်ကာ ဆော့ကြသည်ကိုး။ ထိုအထဲမှာ ခြံထောင့်က သရက်ပင်ကြီး အမြဲပါသည်။ အမေတို့ အဖေတို့တွေ့လျှင်တော့ အဆူအငေါက်ခံရပြီသာမှတ်။ လူကြီးတွေ မမြင်အောင် လူကြီးတွေ မရှိတုန်း တက်ဆော့ရသည်။ ထိုသရက်ပင်က ပင်စည်တုတ်တုတ်ခဲခဲ မဟုတ်သော်ငြား အကိုင်းအခက် ဝေဝေဖြာဖြာနှင့် အင်မတန်တက်လို့ကောင်း ဆော့လို့ကောင်းလှသည်။ တူတူပုန်းလျှင်တောင် ထိုသရက်ပင်ပေါ် တက်ပုန်းကြ သည်အထိ။

အထူးသဖြင့် အခုလို နွေဦးပေါက်ပြီဆို သရက်ဖူးလေးတွေ၊ သရက်ပွင့်လေးတွေက လေအဝေ့မှာ ခေါင်းလေးတွေ တထောင်ထောင်နှင့်။ ကျွန်တော်တို့ ကလေးတစ်သိုက် သရက်ပင်အောက် ရောက်နှင့်ကြလေပြီ။ ကလေးတွေဘဝမှာ အပင်ဆိုတာ ကစားဖော်လည်းဟုတ်၊ ငယ်ပေါင်းကြီးဖော်လည်းဟုတ်ဟု ဆိုရပေမည်။ မိမိတို့ ပတ်ဝန်းကျင်ရှိ  အပင်ပေါင်းစုံသည် ကလေးတို့အတွက် ကစားဖော် ကစားဖက်များသာပင်။ ကျွန်တော်တို့အတွက်တော့ ထိုသရက်ပင်သည် ဆော့ဖော်ဆော့ဘက်၊ ကမျင်းဖော်ကမျင်းဘက်ပင်။ ထိုမျှမကသေး။ တော်တော်လေးကြာတော့ သရက်သီးကလေးတွေ အစီအရီ သီးလာကြတော့သည်။ ထိုအခါ ဘာပြောကောင်းမည်နည်း။ မြင်မြင်သမျှ သရက်သီး ငါတို့ သရက်သီးဟု ကြွေးကြော်ကာ အပင်ပေါ်လည်းတက်ခူး၊ အောက်ပြုတ်ကျတာလည်းကောက်နှင့် သရက်သီးတွေပွေ့ပိုက်ကာ ပျော်နေကြပြန်တော့သည်။ ထမင်းဝိုင်းမှာလည်း သရက်သီးကင်းကလေးတွေက ထမင်းမြိန်ဆေး ဖြစ်နေပြန်လေသည်။ သရက်ကင်းသီးချိန်ရာသီမှာ ထမင်းဝိုင်း၏ ပင်တိုင်ဇာတ်လိုက်က သရက်သီးကလေးတွေ ဖြစ်နေလေသည်။ အမေကလည်း ငပိရည်ကို ငရုတ်သီးမှုန့်နိုင်းချင်းနှင့် ဖျော်ထားရာ ထမင်းဝိုင်းမှာ ခေါင်းမဖော်တမ်း လွေးနေကြသူများ၏ သရက်သီးကိုက်သံ တကျွတ်ကျွတ်က မြိုင်ဆိုင်စည်ဝေနေတော့သည်။ သရက်ကင်းများသည် ထမင်းဝိုင်းမှာသာ မကသေး။ နေ့လယ်အိမ်အောက်ဆင်း တစ်ရေးတစ်မောအိပ်ချိန်မှာလည်း သရက်ကင်းကမပါမဖြစ်။ နွေနေပူကိုအန်တုကာ အိမ်အောက်မှာ ဖျာခင်းအိပ်ကြပြီးနောက် နိုးလာလျှင် သရက်ပင်သာ မျက်စောင်းထိုးကြလေသည်။ ထိုစဉ်ကတော့ နေ့လယ်သရေစာကလည်း အထွေအထူးမရှိဘဲကိုး။ ရှိတာပဲ ကြံဖန်လုပ်စားကြ တင်းတိမ်ကြရသည့်ခေတ်။ သည်တော့ သရက်ပင်အောက် ရောက်ကြရပြန်သည်။ သရက်သီး အသေးအကြီးမကျန် အကုန်ချိုင်ကြပြန်သည်။ ထိုစဉ်က ကျွန်တော်တို့ ကလေးတစ်သိုက်လက်ချက်ကြောင့် သရက်သီးမှန်သမျှ ပြုတ်ပြုတ်ပြုန်းကြသည်သာများလေရာ အရွယ်ကြီးရင့်ကာ အပင်ပေါ်ဝယ် အလှမပျက်နေခွင့်ရသည့် သရက်သီးက ခပ်ရှားရှားဟု ဆိုရပေမည်။

အဆိုပါ သရက်သီးများ အလုံးအဖန်ကြီးလာတော့ရော သက်သာလေမလားဟု မထင်လိုက်ပါနှင့်။ သူတို့ ကြီးလာတော့လည်း ကြီးလာသည့်အလျောက် ကျွန်တော်တို့ နှိပ်စက်သမျှ ခံရသည်သာပင်။ အပင်ပေါ်မှာ သရက်သီး အလုံးအဖန်ကောင်းကောင်းတွေ့ပြီဆိုသည်နှင့် ကြာကြာမစောင့်တော့ပေ။ တံချူနှင့်သော်လည်းကောင်း၊ ကိုယ်တိုင်သော်လည်းကောင်း တက်ခူးချေတော့သည်။ ထို့နောက် သရက်သီးကို ရေဆေး၊ ဓားနှင့် ပေါက်သည့်အခါပေါက်။ အစိတ်ကလေးတွေဖြစ်အောင် လှီးသည့်အခါလှီး။ ပန်းကန်ပြားတစ် ချပ်ထဲဆားနှင့် ငရုတ်သီးအစိမ်းမှုန့်ရော၊ ဆေးသကြားပါထည့်။ ဘာပြောကောင်းမလဲ။ ထိုဆားပန်ကန်ကို ၀ိုင်းအလယ်ထားကာ သရက်သီးစိတ်ကိုင်ထားသည့် လက်တွေပလူပျံနေပုံက ကြည့်လို့ပင်လှသေးတော့သည်။ အသံတွေကလည်း တရှူးရှူးတရှဲရှဲ။ ရုပ်တွေကလည်း ချွေးတလုံးလုံး။ နှာရည်ကလည်း တရှုတ်ရှုတ်။ မမောနိုင်မပန်းနိုင် သရက်သီးစားပွဲတမြိုင်မြိုင် ကျင်းပနေကြလေတော့သည်။

သရက်သီးတွေ မှည့်ချိန်တန်တော့လည်း ထို့အတူသာပင်။ သရက်သီးတွေခမျာ အပင်ပေါ်မှာ ကြာကြာစံမြန်းခွင့် မရရှာချေ။ တစ်ခါတလေ မမှည့်သေးသည့် ဝင်းရောင်များကိုပင် ခူးဆွတ်ကာစားကြသည်အထိ။ လူကြီးတွေက သရက်စေးရှက်မယ်ပြောလည်းမကြောက်။ မမှည့်သေးရင် ဆန်းအိုးထဲ ထည့်မြှုပ်ထားဦး ပြောလည်းမစောင့်။ တကယ့်ကလေးတွေ။ ထိုအထဲမှာ ကျွန်တော်လည်းပါသည်သာပင်။ သရက်သီးအမှည့်ကိုစားလိုက်ကြပုံက နောက်ဆုံးကျန်သည့် အစေ့လုံးလုံးကလေး ရုပ်လုံးပေါ်လာသည်အထိ။ “ကျွန်စုပ်တဲ့ သရက်စေ့လောက်တောင် မပြောင်ဘူး”ဟု ပြောတတ်ကြသည်။ ကျွန်တော်တို့ကလေးများသည် သရက်စေ့ကို ကျွန်စုပ်သည့် သရက်စေ့ဘဝ ရောက်ရုံမက ထို့ထက်လွန်အောင်ပင် ပို့ဆောင်ပေးခဲ့ကြလေသည်။ ထိုစဉ်က ဘဝကို အခုပြန်တွေးကြည့်တော့ ဆင်းရဲသည့်ဘဝက လာကြသူများပေမို့ ကလေးသဘာဝ မုန့်ပဲသရေစာ ကောင်းကောင်းမွန်မွန် မစားရသည့်အခါ ပတ်ဝန်းကျင်မှာရှိသမျှကိုပဲ အကောင်းလုပ်ကာ ရောင့်ရဲတင်းတိမ်ကြရသည်ဟု တွေးမိပါသည်။ ကလေးသဘာဝကိုက ဆော့မယ်စားမယ် အိပ်မယ်ကလွဲ၍ ကျန်တာခေါင်းထဲမရှိသူများ မဟုတ်ပါလား။ မည်သို့ဆိုစေ ကလေးဘဝ အမှတ်တရများထဲမှာ ငယ်ငယ်က သရက်သီးကို အမျိုးမျိုးလုပ်စားခဲ့ကြဖူးသည်က မေ့မရသည့် ပုံရိပ်များပင်။

ကျွန်တော်တို့ ခေါင်းရင်းကို အိမ်သစ်တွေ ပြောင်းလာပြီးနောက် သိပ်မကြာခင်မှာ ထိုသရက်ပင်ကြီး ပြိုလဲသွားရလေသည်။ အမှန်တော့ ထိုသရက်ပင်မှ အကိုင်းများက ခေါင်းရင်းအိမ်၏အမိုးများနှင့် မလွတ်ကင်း။ လေတိုက်သည့်အခါ သူ့အိမ်အမိုးများကို လာလာတိုက်နေသည်ဟု အိမ်ရှင်ကလာပြောသောအခါ မလွတ်သည့်အကိုင်းများ ခုတ်ပေးလိုက်ရသည်။ ထိုမှ တစ်စတစ်စ အကိုင်းတွေလိုက်ခုတ်ရင်း သရက်ပင်ကြီး ဘဝချူချာလာခဲ့ရသည်။ ထိုစဉ် ခြတွေပါတက်ကာ ပင်စည်အခေါက်တွေ တဖြည်းဖြည်းကွာကျပြီးနောက် သရက်ပင်ကြီးမြေသို့ ဘုန်းဘုန်းလဲလေတော့သည်။ ကျွန်တော့်တို့မှာ သရက်ပင်ကြီး၏ ဘဝနေဝင်ချိန်ကို ကြည့်ရင်း နှမြောဝမ်းနည်းလိုက်သည့် ဖြစ်ချင်း။ သို့သော် ဘာမှမတတ်နိုင်တော့။ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ သရက်ပင်လည်း သင်္ခါရပင် မဟုတ်ပါလား။ သရက်ပင်ကြီးခမျာ သူ့ဘဝတစ်သက်တာလုံး ကျွန်တော်တို့အားလုံးကို သူ့အသီးတင်မက သူ့အရွက်၊ သူ့အပွင့်၊ သူ့အရိပ်အာဝါသပါ ပေးဆပ်ခဲ့သူပါလားဟု တွေးတောရင်း လွမ်းဆွတ်ကြေကွဲမိသည်။

ခြံထောင့်မှ သရက်ပင်ကြီးမရှိတော့သည့်နောက် ကျွန်တော်တို့ အိမ်ရှေ့မှာ သရက်ပင်လေးနှစ်ပင် ပေါက်လာသည်။ ထို အပင်နှစ်ပင် တဖြည်းဖြည်း အရွယ်ရောက်လာသောအခါ အရွက်ချင်းထိစပ် ကိုင်းချင်းယှက်နေကြတော့သည်။ ပင်စည်လည်းထွား အကိုင်းအရွက်များလာသောအခါ အဖူးအပွင့်၊ အသီးအကင်းလေးတွေ ပြူထွက်လာကြသည်။ တစ်နှစ်ထက်တစ်နှစ်အသီးတွေ ဝေစည်လာသည်ကို ဝမ်းသာအားရ တွေ့မြင်ရသည်။ ခြံစည်းရိုးကို ခွကျော်ကာ လမ်းပေါ်အုပ်မိုးနေသည့် အကိုင်းအခက်များမှာလည်း အသီးကလေးတွေ ဝေဝေဆာဆာ။ သိပ်မကြာခင် ထိုအသီးလေးများသည် လမ်းသွားလမ်းလာများ၏ မျက်စောင်းထိုးကြည့်ခြင်းကို ခံလာရချေသည်။ ကျွန်တော်တို့သည် ငယ်စဉ်ကလောက် အစားမသောင်းကျန်းတော့သော်လည်း အရက်သီးကင်းချိန်ဆို ခူးဆွတ်ကာ တို့မြှုပ်စားဆဲ။ အလုံးအဖန်ပေါ်လာချိန်ဆို ငံပြာရည်နှင့် တို့စားဆဲ။ ဝင်းမှည့်ချိန်ဆို အချိုတည်းဆဲ။ သရက်သီးကတော့ ဘယ်အရွယ်ရောက်ရောက် စားလို့ကောင်းနေဆဲပင်။ လမ်းဖက်ကိုင်းကျနေသည့်အကိုင်းမှ အသီးများကတော့ လမ်းသွားလမ်းလာအချို့၏ ခူးဆွတ်ယူငင်ခြင်းခံရသည်။ အချို့ကအကိုင်းကို လှမ်းဆွဲကာ ခူးကြသည်။ အချို့က တုတ်နှင့်ပစ်ကာ ခူးကြသည်။ ကလေးများကတော့ ခဲနှင့်လှမ်းပစ်ကာ ခူးကြသည်။ တို့စားဖို့ ခွဲစားဖို့ လာတောင်းကြသည်လည်း ရှိပါသည်။ မည်သို့ဆိုစေ ကျွန်တော်တို့ကတော့ မည်သူခူးခူး ကြည်ဖြူသည်သာပင်။ အိမ်နီးနားချင်းများလည်း ခွဲဝေပေးသည်သာပင်။

ယခုတော့ ကျွန်တော်တို့သည် ထိုသရက်ပင်နှစ်ပင်နှင့်တကွ အိမ်ဟောင်းလေးကိုပါ စွန့်ခွာချန်ထားခဲ့ရပါပြီ။ ယခင် သရက်ပင်ကြီးတုန်းကတော့ သူကစတင်ခွဲခွာသွားသည်။ ယခုသရက်ပင်လေးတွေကိုတော့ ကျွန်တော်တို့ကပဲ ခွဲခွာချန်ထားရစ်ခဲ့သည်။ သို့သော် ကျွန်တော်တို့အိမ်၏ ထမင်းဝိုင်းမှာတော့ သရက်သီး အတို့အမြှုပ်က ရံဖန်ရန်ခါပါလာနေမြဲ။ သရက်သီးလေးတွေမြင်တိုင်း ငယ်စဉ်က သရက်သီးခူးခဲ့ပုံများကို ပြန်မြင်ယောင်မိသည့်အခါရှိသလို မမြင်ယောင်မိသည့်အခါလည်း ရှိပါသည်။ ယနေ့တော့ လက်ဖက်ရည်ဆိုင်မှအပြန် သရက်ပင်အောက်ကို ဖြတ်အလျှောက် သရက်ပွင့်ကလေးတွေကို သတိထားမိလိုက်သည်။ ကြည့်ပါဦး သရက်ပွင့်ကလေးတွေက ရိုးတံလေးပေါ်မှာ ခေါင်းတခါခါ လည်တမော့မော့။ လေအသိမ်းမှာ ယိမ်းနွဲ့နေလိုက်ပုံများ ကဗျာဆန်လိုက်ပါဘိ။ ကျက်သရေ ရှိလိုက်ပါဘိ။

ကျွန်တော့် အိမ်ပြန်လမ်းတစ်လျှောက် သူတို့အသံလေးတွေက တကောက်ကောက် လိုက်ပါလာသည်။