ပြည်တွင်းခရီးသွားများနှင့် ပြန်လည်စတင်ရန်ရည်မှန်းခဲ့သည့် မြန်မာ့ခရီးသွားလုပ်ငန်း ၂၀၂၁ ပွင့်လင်းရာသီတွင် ဖြစ်လာနိုင်ပါ့မလား

ပြည်တွင်းခရီးသွားများနှင့် ပြန်လည်စတင်ရန်ရည်မှန်းခဲ့သည့် မြန်မာ့ခရီးသွားလုပ်ငန်း ၂၀၂၁ ပွင့်လင်းရာသီတွင် ဖြစ်လာနိုင်ပါ့မလား
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်းပိုင်းတစ်နေရာကို တွေ့ရစဉ်
Published 28 February 2021
ရွှန်းလဲ့ဝင်း

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်စတင်ရန် ကနဦးကြိုးပမ်းမှု လုပ်ငန်းစဉ်များ

COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် လုံးဝနီးပါးရပ်ဆိုင်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် ကနဦးကြိုးပမ်းမှုအဖြစ် အပျော်စီး လေယာဉ်ခရီးစဉ်၊ မြစ်တွင်းသွားခရီးစဉ်၊ ကုန်းတွင်းယာဉ်တန်း ခရီးသွားလုပ်ငန်းများကို Pilot Projiect အဖြစ် စတင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် စွန့်စားအားကစား ခရီးသွားလုပ်ငန်း၊ အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုဆိုင်ရာခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးအခြေခံခရီးသွားလုပ်ငန်း၊ မြစ်တွင်းနှင့် မီးရထား အပျော်စီးခရီးသွား လုပ်ငန်း၊ ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါခရီးသွားလုပ်ငန်း၊ MIE ခရီးသွားလုပ်ငန်းတို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

COVID-19 ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် လုံးဝနီးပါးရပ်ဆိုင်းခဲ့ရသည့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် ကနဦးကြိုးပမ်းမှုအဖြစ် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseeing Flights Tour) ၊ မြစ်တွင်းသွား သင်္ဘောခရီးစဉ် (River Cruise Tour) ကုန်းတွင်းယာဉ်တန်းနှင့် အဏ္ဏဝါခရီးသွားလုပ်ငန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ သတ်မှတ်ထားသော “စံ” သတ်မှတ်ချက်များအပေါ် မူတည်၍ ဆောင်ရွက်သွားရန် လျာထားခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 အလွန်ကာလတွင် ပြည်တွင်း ခရီးသွားလုပ်ငန်းများဖြင့် ပြန်လည်စတင်နိုင်ရန် နေပြည်တော် ပတ်ဝန်းကျင်နှင့် ပုဂံဒေသ၌ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရားဖူးခရီးစဉ်များ၌ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ခရီးသွားဆွဲဆောင်မှုများနှင့် တိုင်းဒေသကြီးအသီးသီးတွင် ခရီးစဉ်လမ်းကြောင်းများ ဖော်ထုတ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။       

လက်ရှိတွင် လုံးဝရပ်တန့်ခဲ့ရသည့် မြန်မာ့ခရီးသွားကဏ္ဍအခြေအနေ

COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုများကြောင့် ရာနှုန်းပြည့်ပြန်လည် စတင်နိုင်ခြင်းမရှိသေးသည့် မြန်မာ့ခရီးသွားလုပ်ငန်းအခြေအနေမှာ လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် လုံးဝရပ်ဆိုင်းသွားခဲ့ရပြီ ဖြစ်သည်။ ကနဦးတွင် COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်မှုအခြေအနေများအပေါ်မူတည်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သို့သော် လက်ရှိတွင် မျှော်လင့်မထားသော ဖြစ်ရပ်များကြောင့် ယခုလို ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် စိတ်ကူးမျှော်လင့်ချက်များက အိပ်မက်ပမာဖြစ်ခဲ့ရပြီဖြစ်သည်။

“ ကျွန်တော်တို့က COVID-19 ကပ်ရောဂါထိန်းချုပ်နိုင်မှု အခြေအနေတွေပေါ်မူတည်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ဖို့က ပြည်တွင်းခရီးသွားလုပ်ငန်းတွေနဲ့ပဲ ပြန် လည်စတင်နိုင်မှာဖြစ်လို့ ဒေသအသီးသီးမှာ ပြင်ဆင်မှုတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတာက အခု ၂၀၂၁ နှစ်ဆန်းပိုင်းမှာ စနိုင်သလောက် စထားပြီး ၂၀၂၁ ပွင့်လင်းရာသီကာလမှာတော့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေတွေကတော့ ၂၀၂၁ ပွင့်လင်း ရာသီကာလမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ မျှော်မှန်းလို့မရတော့တဲ့ အခြေအနေတွေဖြစ်သွားပါတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်တွင် ရင်ဆိုင်ခဲ့ရသည့် COVID-19 ကပ်ရောဂါနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအခြေအနေ

COVID-19 ကူးစက်ရောဂါကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့က မြန်မာနိုင်ငံသို့ လာရောက်သည့် တရုတ်ဧည့်သည်များအား ဆိုက်ရောက်ဗီဇာ (VOA) ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းထားခြင်းကြောင့် တရုတ်ခရီးသည်များ ဝင်ရောက်မှု သိသာစွာကျဆင်းခဲ့ပြီး အလားတူ နိုင်ငံခြားသားများဝင်ရောက်မှုကိုလည်း ယာယီရပ်ဆိုင်းထားခဲ့သည်။ ယင်းအပြင် အချို့သော ခရီးသွားလုပ်ငန်းများနှင့် ဟိုတယ်လုပ်ငန်းများတွင် ကြိုတင်ချုပ်ဆိုခဲ့သော ခရီးသွားလုပ်ငန်းဆိုင်ရာ စာချုပ်များ ပျက်ပြယ်ခဲ့ခြင်းများလည်း ဖြစ်ပေါ်ခဲ့ရသည်။ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့်လည်း ထိခိုက်နစ်နာမှုများ၊ ဆုံးရှုံးမှုများစွာ ရှိနေခဲ့ခြင်းဖြစ်သည်။

COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်ခရီးသွားဧည့်သည်များ အဓိကကျဆင်းခဲ့ရပြီး အခြားကမ္ဘာ့နိုင်ငံဧည့်သည်များ ဝင်ရောက်မှုလည်း လိုက်ပါကျဆင်းခဲ့သဖြင့် ခရီးသွားလုပ်ငန်း၏ ဝင်ငွေအပိုင်းတွင်လည်း သိသာစွာ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကောက်ခံခဲ့သော စစ်တမ်းများအရ ၂၀၂၀ ပြည့်နှစ် မေလတွင် တရုတ်ခရီးသွားဧည့်သည် သီးသန့် ဝင်ရောက်မှု လုံးဝမရှိတော့ဘဲ ၁၀၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အလားတူ အခြားပြည်ပနိုင်ငံဧည့်သည်များသည်လည်း ၁၀၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

ပြည်ပဧည့်သည် ဝင်ရောက်မှုအနေဖြင့် ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ အောက်တိုဘာအထိ) တွင် ၃၅၂၃၇၈၄ ဦးဝင်ရောက်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်(ဇန်နဝါရီမှ အောက်တိုဘာအထိ) ၈၇၇၄၇၉ ဦးအထိသာ လာရောက်တော့သဖြင့် စုစုပေါင်း ဧည့်သည်ဝင်ရောက်မှုမှာ ၂၆၄၆၃၀၅ ဦး ကျဆင်းခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 ကာလတွင် ခရီးသွားလုပ်ငန်း၏ ဝင်ငွေရရှိမှုအခြေအနေ

နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ၂၀၁၉ ခုနှစ် စစ်တမ်းအပေါ်အခြေခံပြီး တွက်ချက်မှုအရ ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော နိုင်ငံတကာ လေကြောင်းလိုင်းများအနေဖြင့် ရရှိသည့်ဝင်ငွေမှာ ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ ဒီဇင်ဘာအထိ) တွင် အမေရိကန်ဒေါ်လာ ၉၀၂ ဒသမ ၀၀၀ သန်း ရရှိခဲ့ပြီး COVID ဖြစ်ပွားသော ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ ဒီဇင်ဘာအထိ ခန့်မှန်း) တွင်မူ အမေရိကန်ဒေါ်လာ ၁၇၃ ဒသမ၈ ၀၉ သန်းသာ ရရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ခန့်မှန်း ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း COVID-19 ကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း၏ စီးပွားရေးကဏ္ဍများအပေါ် သက်ရောက်မှုစစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။ ပြည်တွင်းသယ်ယူပို့ဆောင်ရေး ကဏ္ဍအနေဖြင့်လည်း ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ ဒီဇင်ဘာအထိ) တွင် အမေရိကန်ဒေါ်လာ ၂၈၁ ဒသမ ၈၇၅ သန်းရရှိခဲ့ပြီး COVID ဖြစ်ပွားသော ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ ဒီဇင်ဘာအထိ ခန့်မှန်း) တွင်မူ အမေရိကန် ဒေါ်လာ ၅၄ ဒသမ ၃၁၅ သန်းသာရရှိသဖြင့် ခန့်မှန်းအားဖြင့် ၈၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားနိုင်ကြောင်း ခန့်မှန်းတွက်ချက်မှုအရ သိရသည်။

တည်းခိုနေထိုင်ရေးကဏ္ဍတွင် ၂၀၁၉ ခုနှစ် (ဇန်နဝါရီမှ ဒီဇင်ဘာအထိ) တွင် အမေရိကန်ဒေါ်လာ ၆၇၆ ဒသမ  ၅၀၁ သန်း ရရှိခဲ့ပြီး COVID ဖြစ်ပွားသော ၂၀၂၀ ပြည့်နှစ် (ဇန်နဝါရီမှ ဒီဇင်ဘာအထိ ခန့်မှန်း) တွင်မူ အမေရိကန်ဒေါ်လာ ၁၃၀ ဒသမ ၃၅၇ သန်းအထိ ကျဆင်းခဲ့သဖြင့် ခန့်မှန်းအားဖြင့် ၈၁ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ကြောင်း တွေ့ရသည်။

COVID-19 ကြောင့် ဟိုတယ်/တည်းခိုရိပ်သာနှင့် ခရီးသွားကုမ္ပဏီများအပေါ် စီးပွားရေးသက်ရောက်မှု  အခြေအနေ                

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၌ ဧည့်သည်လာရောက်တည်းခိုမှု အခြေအနေမှာ COVID-19 မဖြစ်မီကာလ ၂၀၁၉ ခုနှစ်တွင် ၇၉၉၁၅၅၆ ဦးရှိခဲ့သော်လည်း COVID-19 ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် (ဒီဇင်ဘာအထိ ခန့်မှန်း) တွင်မူ ၃၁၆၁၁၁၆ ဦးသာ ရှိတော့သဖြင့် ၄၈၃၀၄၄၀ ဦး လျော့နည်းကာ ရာခိုင်နှုန်းအားဖြင့် ခန့်မှန်း ၆၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သဖြင့် ဝင်ငွေရရှိမှုမှာလည်း လျော့နည်းသွားနိုင်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ၌ COVID-19 မဖြစ်မီကာလ ၂၀၁၉ ခုနှစ်တွင် ဝန်ထမ်းအင်အား ၆၄၀၇၆ ဦးရှိခဲ့သော်လည်း COVID-19 ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် (ဒီဇင်ဘာ အထိခန့်မှန်း) တွင်မူ ဝန်ထမ်းအင်အား ၃၆၃၇၀ ဦးသာ ရှိတော့သဖြင့် ၂၇၃၄၆ ဦး လျော့နည်းကာ ရာခိုင်နှုန်းအားဖြင့်ခန့်မှန်း ၄၃ ရာခိုင်နှုန်း ကျဆင်းသွားနိုင်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ဟိုတယ်/တည်းခိုရိပ်သာများနှင့် ချိတ်ဆက်လုပ်ကိုင်သော ခရီးသွားကုမ္ပဏီအရေအတွက်မှာလည်း ၂၀၁၉ ခုနှစ်တွင် ၂၈၇၉ လုံးရှိခဲ့ရာမှ COVID-19 ဖြစ်ပွားသော ကာလ ၂၀၂၀ ပြည့်နှစ် (ဒီဇင်ဘာလအထိ ခန့်မှန်း) တွင် ၁၃၇၃ လုံးသာ ကျန်သဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၂ ရာခိုင်နှုန်း ထက်ဝက်နီးပါးမျှ ကျဆင်းသွားနိုင်ကြောင်း တွက်ချက် ရရှိထားသည်။

COVID-19 ကူးစက်ရောဂါကြောင့် ခရီးသွားကုမ္ပဏီများနှင့်စပ်လျဉ်းသည့် အခြေအနေကိုစစ်တမ်းပြုစုခဲ့ရာ ၂၀၁၉ ခုနှစ်၌ ဝန်ဆောင်မှုပေးခဲ့သော ဧည့်သည်အရေအတွက်မှာ ၁၈၇၃၈၁ ဦးရှိခဲ့ပြီး COVID-19 ဖြစ်ပွားနေသောကာလ ၂၀၂၀ ပြည့်နှစ် (ဒီဇင်ဘာလအထိ ခန့်မှန်း) ၄၀၁၉၂ ဦးသို့ ကျဆင်းသွားသဖြင့် ခန့်မှန်း ၇၉ ရာခိုင်နှုန်းအထိ သိသိသာသာ လျော့နည်းသွားကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးရှိ ခရီးသွားကုမ္ပဏီများ၌ COVID-19 မဖြစ်မီကာလ ၂၀၁၉ ခုနှစ်တွင် ဝန်ထမ်းအင်အား ၁၈၃၆ ဦး ရှိခဲ့သော်လည်း COVID-19 ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် (ဒီဇင်ဘာလအထိ ခန့်မှန်း) တွင် စီးပွားရေးကျဆင်းမှုကြောင့် ဝန်ထမ်းအင်အား ၁၃၇၀ သာ ရှိတော့ပြီး ဝန်ထမ်းအင်အား ၂၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်မတိုင်မီအထိ ပြည်တွင်းလေကြောင်း ခရီးစဉ်ပျံသန်းမှုများနှင့် ပြန်လည်အသက်ဝင်ခဲ့သည့် ရန်ကုန်လေဆိပ်

COVID-19 ရောဂါအခြေအနေများကြောင့် ရပ်နားထားခဲ့သည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ပုံမှန်ခရီးစဉ်ပျံသန်းမှုများကို ဒီဇင်ဘာ၁၆ရက်ကစ၍ ပြန်လည်ပျံသန်းခွင့်ပြုခဲ့သည်။

ယင်းသို့ ပြည်တွင်းလေကြောင်းလိုင်းများ ကပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်းရာတွင် ခရီးသွားလာခွင့်နှင့် ပတ်သက်ပြီး လိုက်နာရမည့် စံသတ်မှတ်ချက် (SOP) များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သို့ဖြစ်ရာ လေကြောင်းလိုင်းများဖြစ်သည့် နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Air KBZ ၊ Air Thanlwin ၊ Mann Yadanarpon ၊ Golden Myanmar စသည့် ပြည်တွင်းလေကြောင်းလိုင်းငါးခုက ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ ပြည်တွင်းခရီးစဉ်အချို့ကို ပြန်လည်ပျံသန်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုများပြုလုပ်နေသည့် YANGON AERODROME COMPANY LIMITED (YACL) က အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) က ထုတ်ပြန်ထားသည့် Airport Public Health Contingency Plan (APHCP) လမ်းညွှန်ချက်များအတိုင်း အများပြည်သူကျန်းမာရေး ကြိုတင်ကာကွယ်ရေးအစီအမံများကို လိုက်နာဆောင်ရွက်ပြီး ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ် ပျံသန်းမှုများကို ဝန်ဆောင်မှုပေးရန် အဆင်သင့်ဖြစ်နေကြောင်း ဒီဇင်ဘာ ၁၇ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

“ ရန်ကုန်လေဆိပ် ပြည်တွင်းလေဆိပ် အဆောက်အအုံ (Terminal-3) မှာ ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်တွေ ပြန်လည်ပျံသန်းပေးနေတဲ့နေရာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတဲ့ SOP ပါ ကျန်းမာရေးစံနှုန်းသတ်မှတ်ချက်နဲ့အညီ ICAO ရဲ့ APHCP ရဲ့ လမ်းညွန်ချက်တွေအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်နေပါတယ်” ဟု YACL မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

YACL အနေဖြင့် အများပြည်သူကျန်းမာရေးကြိုတင်ကာကွယ်ရေးအစီအမံများ ဖြစ်သည့် ခရီးသည်များအား ဂိတ်အမှတ်-၄၊ လေဆိပ်ဝန်ထမ်းများကို ဂိတ်အမှတ်-၁ ကို အသုံးပြု၍သီးခြားဝင်ရောက်စေခြင်း၊ ခရီးသည်ဝင်ပေါက်ဂိတ်တွင် ခရီးစဉ်အထောက်အထားနှင့် ဆေးစစ်ချက်များ စစ်ဆေးခြင်း၊ Contactless Themal Screening စက်ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ Contactless Hand Santizer Stand တွင် လက်သန့်စင်စေခြင်း၊ ချမှတ်ထားသော စည်းအတွင်းမှသာ Social Distancing စနစ်ဖြင့် စနစ်တကျ ဝင်ရောက်ကြခြင်းနှင့် အကာကွယ်အပြည့်ဖြင့် Passenger check-in ပြုလုပ်ခြင်း စသည့် အချက်များအား လိုက်နာဆောင်ရွက်ပေးနေခြင်းလည်းဖြစ်သည်။

ပြည်တွင် ပြည်ပခရီးစဉ်များပျံသန်းရန် လေကြောင်းလိုင်းများ မည်သို့ပြင်ဆင်ထားသလဲ

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များ စတင်ပျံသန်းရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်၊ စံသတ်မှတ်ချက်များနှင့်အညီ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ပြည်တွင်းခရီးစဉ်ပျံသန်းမှုများကို လေကြောင်းခရီးစဉ်အဓိက အားထားနေရသည့် လေဆိပ်မြို့များကို ဦးစားပေး ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအို ဦးသန်းထွန်းက ပြောကြားသည်။

နိုင်ငံတကာခရီးစဉ်များ ပျံသန်းရန်အတွက် လက်ရှိတွင် လေကြောင်းဦးစီးဌာနက ညွှန်ကြားလာမှုများ မရှိသေးခြင်းကြောင့် စောင့်ဆိုင်းနေသည်ဟု သိရသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ဘန်ကောက်၊ စင်ကာပူ အပါအဝင်နိုင်ငံအချို့ကို ကယ်ဆယ်ရေးလေကြောင်းခရီးစဉ်နှင့် ကုန်တင်ခရီးစဉ်များကို ပျံသန်းနေခြင်းဖြစ်၍ ပြည်ပခရီးစဉ်များကို ပြန်လည်ပျံသန်းရန်လည်း အဆင်သင့် ပြင်ဆင်ထားကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းခရီးစဉ်များ စတင်ပျံသန်းရန် လေကြောင်းလိုင်း၏သဘောတစ်ခုတည်းဖြင့် စတင်၍မရနိုင်ဘဲ သက်ဆိုင်ရာ နိုင်ငံအစိုးရအချင်းချင်း သဘောတူညှိနှိုင်းမှုများပြုလုပ်ပြီး ခွင့်ပြုချက်ရရှိမှသာ စတင်နိုင်မည်ဟု သိရသည်။

“MNA အနေနဲ့ လက်ရှိမှာတော့ ဘန်ကောက်ကို တစ်လတစ်ခေါက် ကယ်ဆယ်ရေးခရီးစဉ်တွေ ပျံသန်းနေတယ်။ စင်ကာပူကိုလည်း ကယ်ဆယ်ရေးခရီးစဉ်တွေ ပျံသန်းနေတာဖြစ်လို့ သူတို့နိုင်ငံလေဆိပ်တွေက ဘာတွေလိုအပ်လဲဆိုတဲ့ စည်းကမ်းတွေက သိပြီးသားလေ။ တခြားနိုင်ငံတွေကတော့ အစိုးရအချင်းချင်း ညှိနှိုင်းမှုတွေလုပ်ပြီးတဲ့အခါ ဘယ်နေ့မှာတော့ စပြီးပျံလို့ရပြီဆိုတဲ့ ခွင့်ပြုချက်ရတာနဲ့ နှစ်ရက်သုံးရက်အတွင်း စပျံမှာပါ။ ဒါပေမဲ့ တစ်ခုရှိတာ လေယာဉ်ခရီးစဉ်ပျံသန်းဖို့ဆိုတာ လေယာဉ်လက်မှတ်ရောင်းရဦးမှာပေါ့နော်။ အခုက လက်မှတ်အရောင်းတွေက အားလုံးပိတ်ထားတယ်။ နိုင်ငံတကာခရီးစဉ်တွေ စတင်ပျံသန်းလို့ရပြီဆိုမှ လက်မှတ်အရောင်းစနစ်တွေက စပြီးဖွင့်ပေးမှာပါ။ ခရီးသည်တွေ လက်မှတ်ဝယ်တဲ့ခရီးစဉ်ပေါ်မူတည်ပြီး ခရီးစဉ်တွေ ပျံသန်းရမှာပါ။ ခရီးသည်တစ်ယောက်၊ နှစ်ယောက်နဲ့တော့ စပြီး ပျံလို့မရသေးဘူးပေါ့” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီးပွားရေးဌာနမှူး ဦးနိုင်စောလွင်က ပြောကြားသည်။

“ မြန်မာနိုင်ငံကနေ ပြည်ပခရီးစဉ်တွေ ပျံသန်းနေတဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) ကတော့ လက်ရှိမှာ ကယ်ဆယ်ရေးခရီးစဉ်တွေနဲ့ ကုန်တင်ခရီးစဉ်တွေကို ပျံသန်းနေတာဖြစ်လို့ လေယာဉ်တွေကတော့ အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ခရီးစဉ်ပျံသန်းမယ့် Pilot Crew တွေအတွက် PPE ဝတ်စုံ Level တွေပြင်ထားတယ်။ ခရီးသည်တွေအတွက်လည်း Hyigiene Package တွေ ပြင်ဆင်ထားပါတယ်။ ဒီ Hyigiene Package ထဲမှာ ဘာတွေပါမလဲဆိုရင် surgical gown ပါမယ်။ face shield ပါမယ်။ လက်အိတ်ပါမယ်။ alcohol pad စတာတွေ ပါမယ်ပေါ့။ အခု အားလုံး စီစဉ်ထားပြီးပါပြီ။ လေယာဉ်တွေ ပိုးသတ်သန့်စင်တဲ့အပိုင်းမှာလည်း အခုနောက်ဆုံးကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အရ ခရီးစဉ်တစ်ခုပြီးတိုင်း ပိုးသတ်သန့်စင်ခြင်းလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာပါ။ ပြည်တွင်းမှာပေါ့နော်။ ပြည်ပကတော့ အရင်ကတည်းက ခရီးစဉ်တစ်ခုပြီးတိုင်း ပိုးသတ်သန့်စင်တဲ့အပိုင်းကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်” ဟု MAI လေကြောင်းလိုင်း၏ အထွေထွေမန်နေဂျာ ဦးတင်မောင်သန်းက ပြောကြသည်။

မြန်မာ့ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် ခရီးသွားလုပ်ငန်းရှင်များ၊ လေကြောင်းလိုင်းများ၊ လေဆိပ်များမှ အဆင်သင့်ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း လည်းခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် တိကျသော အချိန်ကာလတစ်ခုကို မည်သူမှ သေချာမပြောနိုင်သေးသည်က အမှန်ပဲဖြစ်သည်။