နိုင်ငံခြားသားများဝယ်ယူမှု ရပ်တန့်သွားသော ရန်ကုန်စတော့အိတ်ချိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းများဆိုင်းငံ့ထားသည့် နိုင်ငံတကာလုပ်ငန်းများနှင့် ၂၄ ရက်အတွင်း တစ်လီတာ ကျပ် ၁၃၀ မြင့်တက်လာသော စက်သုံးဆီဈေးနှုန်း

နိုင်ငံခြားသားများဝယ်ယူမှု ရပ်တန့်သွားသော ရန်ကုန်စတော့အိတ်ချိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းများဆိုင်းငံ့ထားသည့် နိုင်ငံတကာလုပ်ငန်းများနှင့် ၂၄ ရက်အတွင်း တစ်လီတာ ကျပ် ၁၃၀ မြင့်တက်လာသော စက်သုံးဆီဈေးနှုန်း
သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဆောက်နေသည့် Toyota ကားစက်ရုံကို ၂၀၂၀ ပြည့်နှစ်အတွင်း တွေ့ရစဉ်
သီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဆောက်နေသည့် Toyota ကားစက်ရုံကို ၂၀၂၀ ပြည့်နှစ်အတွင်း တွေ့ရစဉ်
Published 28 February 2021
စည်သူအောင်

ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ် ပေါ်ခဲ့သော မြန်မာနိုင်ငံ၏နိုင်ငံရေး အပြောင်းအလဲကြောင့် စီးပွားရေးတွင် လှုပ်ခတ်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီး စျေးနှုန်းများအနေဖြင့် ဒေါ်လာစျေး၊ ရွှေစျေးများမြင့်တက်သကဲ့သို့ စက်သုံးဆီစျေးနှုန်းများလည်း မြင့်တက်ခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ထပ်မံဝင်ရောက်လာမည့် လုပ်ငန်းများ တွန့်ဆုတ်သွားသကဲ့သို့ ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုများ ဖေဖော်ဝါရီ ဒုတိယပတ်မှစတင်ပြီး ရပ်တန့်သွားခဲ့သည်။ မြန်မာနိုင်ငံတွင် လုပ်ငန်းများလည်ပတ်လျက်ရှိသော နိုင်ငံခြားကုမ္ပဏီများလည်း ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ လုပ်ငန်းဆောင်ရွက်မှုများ ဆိုင်းငံ့ထားကာ Toyota Motor က ဖွင့်လှစ်ရန်ရှိသော ကားစက်ရုံသစ်ဖွင့်ပွဲကို ရွှေ့ဆိုင်းခဲ့သည်။

နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူမှုရပ်တန့်သွားသော ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ အစုရှယ်ယာများ

ဖေဖော်ဝါရီ ၇ ရက်နောက်ပိုင်း ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၏အစုရှယ်ယာကို နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများ ဝယ်ယူမှုရပ်တန့်နေပြီး ကုမ္ပဏီလေးခုထံမှ ဝယ်ယူထားသော အစုရှယ်ယာအရေအတွက် ၄၅၀၂၇၀၀ ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက် မှစတင်၍ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန် စတော့အိတ်ချိန်းစာရင်းကုမ္ပဏီများ၏ အစုရှယ်ယာများဝယ်ယူခွင့်ပြုခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော် ၀ါရီ ၇ ရက်စာရင်းများအရ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီခြောက်ခုအနက် ကုမ္ပဏီလေးခု၏ အစုရှယ်ယာ ၄၅၀၂၇၆၀ ခုကို ဝယ်ယူထားသည်။  ကုမ္ပဏီအလိုက် ဝယ်ယူထားသော အစုရှယ်ယာပမာဏများမှာ ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက် (FMI) တွင် ၄၄၅၈၁၃၆ ခု၊ မြန်မာသီလဝါ အက်(စ်)အီးဇက်ဟိုးလ်ဒင်းပတ် ပလစ်လီမိတက် (MTSH) တွင် ၃၂၀၅၄ ခု၊ Ever Flow River Group Public Co.,Ltd တွင် ၇၁၂၅ ခု၊ TMH Telecom Public Co.,Ltd တွင် ၅၄၄၅ ခုဖြစ်သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ သတ်မှတ်ထားသည့် ဘဏ်စာရင်းများဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ကြေညာချက်အမှတ် (၄/ ၂၀၂၀) ဖြင့် အသိပေးကြေညာထားခြင်းဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်ရှိ ကားစက်ရုံသစ်ဖွင့်လှစ်ရန် စီစဉ်ထားမှုကို Toyota Motor ရွှေ့ဆိုင်း

Toyota Motor က မြန်မာနိုင်ငံ သီလဝါအထူးစီးပွားရေးဇုန်ရှိ Toyota ကားစက်ရုံသစ်ဖွင့်လှစ်ရန် စီစဉ်ထားမှုကို ရွှေ့ဆိုင်းခဲ့ကြောင်း Nikkei သတင်းဌာနဌာန၏ ဖော်ပြချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်သည် Toyota ၏ မြန်မာစက်ရုံသစ်ဖွင့်လှစ်ခြင်းကို နှောင့်နှေးစေခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းနိုင်ငံရေး မသေချာမရေရာမှုများအရ Toyota Motor သည် ယခုလအတွင်း ဖွင့်လှစ်ရန်ရှိသော ၎င်းတို့၏ သီလဝါအထူးစီးပွားရေးဇုန်ရှိ စက်ရုံသစ်ဖွင့်လှစ်မှုကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် ဆန္ဒပြသူများအကြား ထိပ်တိုက်တွေ့မှုအရှိန်မြှင့်လာသည်နှင့်အမျှ ဂျပန်ကားထုတ်လုပ်သူက စက်ရုံကို စီစဉ်ထားသည့်အတိုင်းဖွင့်လှစ်ရန် အခက်အခဲရှိမည်ဟု ကောက်ချက်ချခဲ့သည်။ Toyota ၏ မြန်မာနိုင်ငံရှိ စက်ရုံဖွင့်လှစ်မည့် အချိန်ကာလကို ကုမ္ပဏီအတွင်း ဆွေးနွေးနေဆဲ ဖြစ်သည်။

အဆိုပါကားစက်ရုံကို ဂျပန်ယန်း ၅ ဒသမ ၅ ဘီလျံ (ဒေါ်လာ ၅၂ သန်း) ဖြင့် တည်ဆောက်ထားပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့ တောင်ပိုင်းသီလဝါအထူးစီးပွားရေးဇုန်တွင် တည်ဆောက်ထားသည်။ ယင်းစက်ရုံတွင် အိမ်နီးချင်းထိုင်းနှင့်အခြားနိုင်ငံများမှတင်သွင်းသော အစိတ်အပိုင်း များဖြင့် Hilux Pick-up ကုန်တင်ကားများ ထုတ်လုပ်ရန်ဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပေါ်သော နိုင်ငံရေးအပြောင်းအလဲကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်အထိ လူအများအပြား လမ်းပေါ်တွင်ရှိနေဆဲဖြစ်သည်။ ယင်းအခြေအနေတွင် Toyota ကားစက်ရုံ စတင်လည်ပတ်ပါက ကုမ္ပဏီက တပ်မတော်ကိုထောက်ခံကြောင်း ပြစ်တင်မှုများ၊ ပြည်သူလူထုသာမက လူ့အခွင့်အရေးအဖွဲ့များကပါ တန်ပြန်ဆန္ဒပြမှုများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အထင်အမြင်လွဲမှားမှုများကို ရင်ဆိုင်ရနိုင်ကြောင်း ကုမ္ပဏီက သုံးသပ်ထားသည်။

နိုင်ငံတစ်ဝန်း ကျယ်ပြန့်စွာ ဖြစ်ပေါ်လာသော ဆန္ဒပြမှုများကို ဖြစ်စေခဲ့သည့် နိုင်ငံရေးဖြစ်စဉ်သည် Toyota Motor ၏ ကားစက်ရုံဖွင့်လှစ်ရန် ခက်ခဲလာစေသည်။ Toyota သည် စက်ရုံစတင်လည်ပတ်ခြင်း၊ ဝင်ငွေရှာဖွေခြင်းနှင့် ယခု တပ်မတော်ထိန်းချုပ်မှု အောက်တွင်ရှိသော အစိုးရသို့ အခွန်ပေးဆောင်ခြင်းများအတွက် ဝေဖန်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုရှိနေသည်။

လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ နောက်ဆုံး စီးပွားရေး နယ်နိမိတ်အဖြစ် ရေပန်းစားခဲ့သည်။ မော်တော်ကားထုတ်လုပ်သူများအကြား ဂျပန် Suzuki Motor နှင့် တောင်ကိုရီးယား Hyundai Motor တို့သည့် မြန်မာနိုင်ငံတွင် ကားစက်ရုံများရှိပြီးသားဖြစ်၍ Toyota သည် ပြည်တွင်းထုတ်လုပ်မှုကိုအမီလိုက်ရန် ကြိုးစားအားထုတ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းတွင် Toyota သည်သာ မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ကိုင်ရန် စိန်ခေါ်မှုများကို ရင်ဆိုင်နေရခြင်း မဟုတ်ပါ။ ဂျပန်နိုင်ငံမှ ဘီယာကုမ္ပဏီကြီးဖြစ်သော Kirin Holdings သည်လည်း မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဘီယာဖက်စပ်လုပ်ငန်းနှစ်ခုအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အကျိုးတူဖက်စပ်ဆောင်ရွက်မှုကို ရပ်ဆိုင်းမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၂၄ ရက်အတွင်း တစ်လီတာ ကျပ် ၁၃၀ မြင့်တက်လာသော စက်သုံးဆီစျေးနှုန်း

ကမ္ဘာ့ရေနံစျေး (WTI) သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် တစ်စည် ၆၁ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်တွင် စက်သုံးဆီစျေးနှုန်းများ ၂၄ ရက်အတွင်း တစ်လီတာ ၁၃၀ ကျပ်စီ ဆက်လက်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ စျေးနှုန်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နှင့် ဖေဖော်ဝါရီ ၂၄ ရက် စက်သုံးဆီစျေးနှုန်းများကို နှိုင်းယှဉ်ပါက တစ်လီတာ ၁၃၀ ကျပ်စီ ဆက်တိုက် မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် ရောင်းချခဲ့သော စျေးနှုန်းမှာ ဒီဇယ်တစ်လီတာ ၈၂၅ ကျပ် (တစ်ဂါလန် ၃၇၅၀ ကျပ်)၊ ပရီမီယံဒီဇယ် တစ်လီတာ ၈၃၅  ကျပ် (တစ်ဂါလန်  ၃၇၉၅ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ ၇၈၅ ကျပ် (တစ်ဂါလန် ၃၅၆၈ ကျပ်)၊ အောက်တိန်း 95 Ron တစ်လီတာ ၈၉၅ ကျပ် (တစ်ဂါလန် ၄၀၆၈ ကျပ်) ဖြစ်သည်။

WTI ရေနံစျေးနှုန်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၇၆ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီးနောက် ရေနံစျေးနှုန်းများ ပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်တွင် ၄၂ ဒေါ်လာဝန်းကျင်အထိရောက်ခဲ့သည်။ ၂၀၁၉ ခုနစ် ဧပြီ ၂၃ ရက်တွင် ၆၆ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။ ထို့နောက် ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ဒေါ်လာ ၆၀ အထက် ပြန်ရောက်ခဲ့ကာ သြဂုတ် ၇ ရက်တွင် ၅၁ ဒေါ်လာအထိ ပြန်ကျခဲ့သည်။ စက်တင်ဘာ ၃ ရက်တွင် ၅၃ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၆၂ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ကာ နိုဝင်ဘာ ၁၉ ရက်တွင် ၅၅ ဒေါ်လာ၊ နိုဝင်ဘာ ၂၉ ရက်တွင် ၅၈ ဒေါ်လာ၊ ဒီဇင်ဘာ ၄ ရက်တွင် ၅၆ ဒေါ်လာ၊ ဇန်နဝါရီ ၈ ရက်တွင် ၆၃ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၅၇ ဒေါ်လာ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် ၅၃ ဒေါ်လာ၊  မတ် ၇ ရက်တွင် ၄၁ ဒေါ်လာရှိခဲ့သည်။ မတ် ၁၈ ရက် တွင် ဒေါ်လာ ၂၀ ဝန်းကျင်၊ ဧပြီ ၂၀ ရက်တွင် သုညဒေါ်လာအောက်အထိ ကျဆင်းခဲ့နောက် ပြန်တက် ခဲ့ရာ ဒီဇင်ဘာ ၁၈ ရက်တွင် ၄၈ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၂၄ ရက်တွင် ၆၁ ဒေါ်လာဝန်းကျင်အထိ ဆက်လက်မြင့်တက်ခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိဖြစ်ပေါ်ခဲ့သော ပြည်တွင်းစက်သုံးဆီစျေးနှုန်း အတက်အကျများမှာ ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်မှ ၁၉ ရက်အတွင်း တစ်လီတာ ၁၀ ကျပ်မှ ၃၅ ကျပ်အထိ၊ နိုဝင်ဘာ ၂၁ ရက်မှ ၂၉ ရက် အထိ တစ်လီတာ ၂၅ ကျပ်မှ ၃၅ ကျပ်အထိမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ တစ်လီတာ ၂၅ ကျပ်အထိ ပြန်ကျခဲ့သည်။ ဒီဇင်ဘာ ၁၃ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်အတွင်း တစ်လီတာ ကျပ် ၂၀ မှ ၃၀ အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်မှ မေ ၁ ရက်အတွင်း တစ်လီတာ ၅၅၀ ကျပ်မှ ၆၀၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ မေ ၆ ရက်မှ သြဂုတ် ၁၄ ရက်အတွင်း တစ်လီတာ ၁၅၅ ကျပ်မှ ကျပ် ၂၄၀ အထိ ပြန်တက်ခဲ့ပြီး သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အတွင်း တစ်လီတာ ၁၅ ကျပ်ပြန်ကျခဲ့ကာ သြဂုတ် ၂၇ ရက်တွင် တစ်လီတာ ကျပ် ၁၀ ပြန်လည် မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်အတွင်း တစ်လီတာ ကျပ် ၂၀၊  စက်တင်ဘာ ၁၁ ရက်မှ နိုဝင်ဘာ ၄ ရက်အတွင်း  တစ်လီတာ ၁၀ ကျပ်မှ ကျပ် ၃၀ အထိ ပြန်လည်ကျဆင်းခဲ့ကာ နိုဝင်ဘာ ၁၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါ ရီ ၃၁ ရက်အတွင်း တစ်လီတာ ကျပ် ၁၆၀ စီ၊ ဖေဖော်ဝါရီ ၁ ရက်မှ  ဖေဖော်ဝါရီ ၂၄ ရက်အထိ တစ်လီတာ ကျပ် ၁၃၀ ကျပ်စီ ဆက်တိုက်မြင့်တက်ခဲ့ခြင်းဖြစ်သည်။