ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၏ မိသားစုဝင်များကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၏ မိသားစုဝင်များကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်
၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား တွေ့ရစဉ်
၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား တွေ့ရစဉ်
Published 25 February 2021

ဖမ်းဆီးထိန်းသိမ်း ခံထားရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့် မောင်နှင့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ မိသားစုဝင်များကို ဖေဖော်ဝါရီ ၂၄ ရက် ည ပိုင်းက နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်​၏ဇနီး ဒေါက်တာယုယုမေ အပါအဝင် သမီး၊ သမက်နှင့် မြေး နှစ်ဦးတို့ကို ၎င်းတို့စီစဉ်ထားရှိသည့် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားရာမှ ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး ထိန်းသိမ်းထားသည့် အခြားသော ဝန်ကြီးများ၏ မိသားစုဝင်များကိုလည်း ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဝန်ကြီးဦးအောင်ကြည်ကိုလည်း ပြန်လွှတ်ပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယင်းသို့ မိသားစုဝင်များကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အဖွဲ့အား အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းလိုက်ကြောင်း NLD ပါတီ ပြန်ကြားရေးတာဝန်ခံက ပြောကြား သည်။

ဖမ်းဆီးခံထားရသော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများဖြစ်ကြသော ဝန်ကြီး ဒေါက်တာစိုးသန်း၊ ဝန်ကြီးဦးဇာနည်အောင်၊ ဝန်ကြီးဦးမျိုးသစ်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်၊ မန္တလေး စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း အတွင်းရေးမှူး ဦးတင်ကိုကိုတို့အား ဖေဖော်ဝါရီ ၂၄ ရက်တွင် အိုးဘိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

ယင်းသို့ဖမ်းဆီး ထိန်းသိမ်းထားသူများအနက် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။ ထို့ပြင် မြို့တော်ဝန် ဒေါက်တာရဲလွင်ကိုလည်း ယင်းပုဒ်မဖြင့်ပင် တရားစွဲဆိုထားပြီး ဖြစ်ကြောင်း ကနဦး စုံစမ်းသိရှိရသည်။

Most Read

Most Recent