၂၀၂၀ ရွေးကောက်ပွဲတွင် UEC ၏ ဆောင်ရွက်မှုများသည် ဥပဒေများအား ကျော်လွန်၍ လုပ်ဆောင်ခဲ့သည်ကို တွေ့ရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၃) ဦးလှထွန်း ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် UEC ၏ ဆောင်ရွက်မှုများသည် ဥပဒေများအား ကျော်လွန်၍ လုပ်ဆောင်ခဲ့သည်ကို တွေ့ရကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၃) ဦးလှထွန်း ပြောကြား
 ဒီဇင်ဘာ ၁၁ ရက်က ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
ဒီဇင်ဘာ ၁၁ ရက်က ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်
Published 11 December 2020
နေရိုင်း၊ အောင်မင်းသိန်း

၂၀၂၀ ရွေးကောက်ပွဲတွင် UEC ၏ ဆောင်ရွက်မှုများသည် ဥပဒေများကို ကျော်လွန်ပြီး လုပ်ဆောင်ခဲ့သည်များကို တွေ့ရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ (၃) ဦးလှထွန်းက ပြောကြားသည်။

ဒီဇင်ဘာ ၁၁ ရက် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၊ သင်တန်းကျောင်းခန်းမဆောင်၌ ပြုလုပ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပွဲတွင် ဦးလှထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အဲဒီတော့ ၂၀၂၀ ပြည့်အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ UEC ရဲ့ ဆောင်ရွက်မှုများအပါအဝင် နိုဝင်ဘာ ၈ ရက်အထိ ပြောရမယ်ဆိုရင် ဒီအချက်အလက်တွေဟာ ဥပဒေများကို ကျော်လွန်ပြီးတော့ လုပ်ဆောင်ခဲ့တာတွေ ကျွန်တော်တို့ တွေ့ရပါတယ်။ နောက် ဥပဒေတွေ၊ ချမှတ်ထားတဲ့ ဥပဒေဘောင်တွေကို ကျော်လွန်ပြီးတော့ လုပ်ဆောင်တာတွေ တွေ့ရတယ်။ ပထမတစ်ချက်အနေနဲ့ EUC က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၉ ရက်ထုတ်ပြန်ချက်မှာ မဲစာရင်းတွေကို အောက်တိုဘာ ၁ ရက်ကနေပြီးတော့ ၁၄ ရက်အတွင်း သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲများ၊ ကျေးရွာများမှာ နောက်ဆုံးအကြိမ် သတ်မှတ်ပေးထားပြီးဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မဲစာရင်းကို တောင်းခံတဲ့အခါမှာ ပထမတစ်ရက်မဲစာရင်း ရပြီးနောက်ပိုင်း မဲစာရင်းကို တောင်းလို့ကိုမရတဲ့အနေအထားဖြစ်ပါတယ်” ဟု ဦးလှထွန်းက ပြောကြားသည်။

မဲစာရင်း ဖြည့်စွက်ပြင်ဆင်ခြင်းများကို ၁၄ ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်သော်လည်း ပြင်ဆင်ပြည့်စွက်အတည်ပြုသည့် မဲစာရင်းများကို သက်ဆိုင်ရာကော်မရှင်အဆင့်ဆင့်သည့် နည်းဥပဒေအတိုင်း တိကျစွာလိုက်နာဆောင်ရွက်ခြင်းမရှိကြောင်းနှင့် မဲစာရင်း သွားရောက်တောင်းခံရာတွင်လည်း အတည်ပြုသည့် မဲစာရင်းကိုရရှိခဲ့ခြင်းမရှိကြောင်း ဦးလှထွန်းက ပြောကြားသည်။

ဦးလှထွန်းက “နောက်တစ်ချက်တော့ အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း မိမိမဲဆန္ဒနယ်မှာ တခြားမဲဆန္ဒရှင်များ ပြင်ပနေရောက်နေရင် ပုံစံ ၃ (က) နဲ့ မဲပေးဖို့ စက်တင် ဘာ ၁၇ ရက်ကနေပြီးတော့မှ အောက်တိုဘာ ၁၀ ရက်အထိ နောက်ဆုံးထားပြီးတော့ လျှောက်ထားနိုင်ကြောင်း အောက်တိုဘာ ၅ ရက်မှာ အသိပေးကြေညာခဲ့ပါတယ်။ ဒီလို အသိပေးကြေညာခဲ့ပြီးတဲ့အခါမှာ အောက်တိုဘာ ၈ ရက်မှာလည်း မိမိမဲဆန္ဒနယ်သို့ ပြန်လည်မဲပေးခြင်းမပြုနိုင်တဲ့ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များအတွက် ပုံစံ ၁၅ ရယူပြီး တော့ မိမိမဲစာရင်းပါရှိရာ မူလနယ်မြေသို့ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ မူလတုန်းကတော့ ပုံစံ ၃ (က) နဲ့ ပေးခဲ့တယ်။ သို့သော် အပြင်ရောက် နေတဲ့လူတွေကတော့ ပုံစံ  (၁၅) နဲ့ ပေးနိုင်တယ်ဆိုတဲ့အတွက်ကြောင့် ဒီပုံစံ (၁၅) ကိစ္စကြောင့် မဲမသမာမှုတွေဟာ တော်တော်များများ ဖြစ်ခဲ့တာတွေ တွေ့ရပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ မိမိနေအိမ်တွင် ကြိုတင်မဲပေးနိုင်ကြောင်း UEC သည် အောက်တိုဘာ ၁၀ ရက်တွက်ထုတ်ပြန်ခဲ့ပြီး သက်ကြီးရွယ်အိုစာရင်းများကို လိုက်လံတောင်းခံ၍မရဘဲ အသက် ၆၀ နှစ်အထက် မဲဆန္ဒရှင်များသည် မည်သူများဖြစ်သည်ကို တိကျသော မဲစာရင်းမရရှိခဲ့ကြောင်း ဦးလှထွန်းက ပြောကြားသည်။

“အဲဒါနဲ့ အတိအလင်း မရှိတဲ့အပြင် အောက်တိုဘာ ၂၄ ရက်မှာ ကြိုတင်မဲပေးနိုင်တဲ့သူတွေကို နောက်တစ်ခါထပ်ပြီးတော့ မူလတုန်းက ၅ ရက်လို့ ပြောတယ်။ နောက်တစ်ခါ နိုဝင်ဘာ ၆ ရက်ကနေ ၇ ရက်အထိ တစ်ခါ ထပ်ပြီးတော့မှ ပေးနိုင်တယ်လို့ ဒီလိုကြေညာခဲ့ပြန်ပါတယ်။ ကြေညာချက်တွေကတော့ ဆောင်ရွက်နေစဉ်ကာလထဲမှာပဲ အပိုင်းပိုင်း အတစ်တစ် ထုတ်ပြန်ကြေညာတာတွေ တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ မိမိရဲ့ မဲဆန္ဒနယ်မြေမှာ ပြန်လည်မဲဆန္ဒပေးခြင်းမပြု နိုင်တဲ့ မဲဆန္ဒနယ် ပြင်ပရောက်နေတဲ့လူတွေကို ခုနကပြောတဲ့ ပုံစံ ၁၅ နဲ့ လျှောက်ထားဖို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိတဲ့မြို့နယ်မှာ ကြိုတင်ဆန္ဒမဲ ပေးနိုင်ခြင်းမရှိတဲ့လူတွေကို တစ်ခါ ဘာပြန်လုပ်လဲဆိုတော့ မိမိတို့ရဲ့ နေရပ်ကို သွားရောက်မဲပေးလိုပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲနှင့် အကြီးအမှူးများရဲ့ ထောက်ခံချက်ကို မဲရုံမှူးထံ တင်ပြနိုင်ရန် မဲပေးခွင့်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပမီ နိုဝင်ဘာ ၆ ရက်မှာ တစ်ခါထပ်ပြီးတော့ အနီးကပ်ကြေညာခဲ့ပြန်ပါတယ်။ အဲဒီတော့ ဒီလိုလုပ်ရင်ရတယ်၊ ဟိုလိုလုပ်ရင်ရတယ်နဲ့ အောက်ခြေမှာ အမျိုးမျိုး ညွှန်ကြားချက်တွေ ပေးနေတဲ့အတွက်ကြောင့် အောက်ခြေကလူတွေကလည်း လုပ်ချင်တာတွေ လုပ်တော့တာပါပဲ” ဟု ဦးလှထွန်းက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၁ (က) အရ အသက် ၁၈ နှစ်ပြည်ပြီးသူတိုင်းသည်မဲပေးခွင့်ရရှိသော်လည်းပဲ ယင်းကို တိတိကျကျ ဆောင်ရွက်ခြင်းမရှိဘဲ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံတာဝန်ခံများအနေနှင့် အသက် ၁၈ နှစ် မပြည့်သေးသူများ မဲပေးခဲ့ခြင်းများကို ခွင့်ပြုခဲ့ခြင်းများ တွေ့ရကြောင်း ဦးလှထွန်းက ပြောကြားသည်။

“ဒီရွေးကောက်ပွဲကာလကြီးဟာ ကြိုတင်မဲကာလကလည်း ၁၀ ရက်လောက် ကြာခဲ့တယ်။ တကယ်မဲပေးရမယ့်ရက်ကလည်း ၈ ရက်ဖြစ်တယ်။  အဲဒီမှာ ကာလရှည်မဲပေး ခွင့်ကြီးရှိနေတဲ့အတွက် ဒီကာလရှည် မဲပေးခွင့်ကာလကြီးမှာ တာဝန်ရှိတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနဲ့ အုပ်ချုပ်ရေးမှူးအချို့တို့ဟာ ငွေကြေးတံစိုး လက်ဆောင်တွေပေးတာတွေ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။ Video မှတ်တမ်းတွေနဲ့ တက်လာတာတွေ၊ Facebook မှာ တက်လာတာတွေ အများကြီးတွေ့ရပါတယ်။ အဲဒီတော့ နည်းမျိုးစုံနဲ့ တံစိုးလက်ဆောင်ပေးပြီးတော့ ဆောင်ရွက်မှုတွေ ပေါ်ပေါက်လာတဲ့အတွက်ကြောင့် မဲပေးမှုကြီးဟာ မှန်ကန်မျှတမှုရော ရှိတော့ရဲလားဆိုတာ ကျွန်တော်တို့အနေနဲ့ သံသယကို များစွာဖြစ်စေခဲ့ပါတယ်” ဟု ဦးလှထွန်းက ပြောကြားသည်။

ထို့ပြင် စံချိန်မီရွေးကောက်ပွဲဖြစ်စေရန်အတွက် လက်ရှိအစိုးရတာဝန်ယူပြီးသည့် နောက်ပိုင်းတွင် နိုင်ငံရေးပါတီများ UEC နှင့် တွေ့ဆုံရန်အတွက် အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း လက်ခံဆောင်ရွက်ပေးခြင်းမရှိဘဲ EUC သည် ၎င်းငသဘောအလျောက် လုပ်ကိုင်ဆောင်ရွက်မှုများစွာကို လုပ်ခဲ့ခြင်းများတွေ့ရကြောင်းနှင့် ပါတီစုံ ဒီမိုကရေစီနိုင်ငံထူထောင်သည့်အတွက် ဒီမိုကရေစီ၏ အုတ်မြစ်ဖြစ်သော မှန်ကန်မျှတသည့် ရွေးကောက်ပွဲများကျင်းပရေးသည် အရေးကြီးသည့်ကိစ္စတစ်ခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲများကို စနစ်တကျ ကျင်းပနိုင်ခဲ့ကြောင်း ဦးလှထွန်းက ပြောကြားသည်။

 

Most Read

Most Recent