ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့  တိုင်ကြားမည့် ကန့်ကွက်လွှာ ၅၀ ကျော်ရှိနိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့  တိုင်ကြားမည့် ကန့်ကွက်လွှာ ၅၀ ကျော်ရှိနိုင်ကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 11 December 2020
နေရိုင်း၊ ဇေယျာထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားမည့် ကန့်ကွက်လွှာ ၅၀ ကျော်ရှိနိုင်ကြောင်း ပြည်ထောင်ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။

နေပြည်တော်ရှိ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီဌာနချုပ်၊ သင်တန်းကျောင်းခန်းမဆောင်တွင် ဒီဇင်ဘာ ၁၁ ရက်က ပြုလုပ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းထွန်းဦးက ထိုသို့ပြောကြားခြင်းဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရဲအရေးပိုင်မှု ၁၇၁ မှုနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများထံသို့ တိုင်ကြားထားသည့် တိုင်ကြားစာ ၁၁၂၈ စောင်ရှိသည့်အတွက် စုစုပေါင်းတိုင်ကြားစာပေါင်း ၁၂၉၉ စောင်ရှိကြောင်း ဦးသိန်းထွန်းဦးကဆိုသည်။

“ရဲစခန်းတွေမှာ ရဲအရေးပိုင်တဲ့အမှုတွေကို စုစုပေါင်း ၁၇၁ မှုကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။ နောက် ကော်မရှင်အဖွဲ့ခွဲဆိုတာက UEC က လွဲလို့တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးအထိကကော်မရှင်အဖွဲ့ခွဲပဲဖြစ်ပါတယ်။ အဲဒီကော်မရှင်အဖွဲ့ခွဲတွေကို တိုင်ကြားထားတာက ၁၁၂၈ စောင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာရှင်းလင်းတင်ပြလိုတာက ကျွန်တော်တို့ကော်မရှင်အဖွဲ့ခွဲတွေကို ဘာလို့တိုင်ရသလဲဆိုရင် အခု ၄၅ ရက်အတွင်းမှာတင်ရမယ့် UEC ကို တင်ရမယ့် တရားမဲ့ ပြုကျင့်မှုတွေရှိပါတယ်။ အဲဒီတရားမဲ့ပြုကျင့်မှုတွေမှာ စီရင်ထုံးတွေမှာ ဘာပါသလဲဆိုရင် ခင်ဗျားတို့ အဲဒီအချိန်ဖြစ်စဉ်တုန်းက ဘယ်ကော်မရှင်အဖွဲ့ကို တင်ပြတိုင်ကြားထားပါသလဲဆိုတဲ့ဟာမျိုးတွေရှိပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့သည် မူလဖြစ်ဖြစ်ခြင်းကို သက်ဆိုင်ရာကော် မရှင်အဖွဲ့ခွဲကို တိုင်ကြားတာက ၁၁၂၈ မှု ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါအမှုပေါင်း ၁၁၂၈ မှုထဲမှ သက်သေခံအထောက်များနှင့် အချက်အလက်များအား ခိုင်ခိုင်မာမာ တည်ဆောက်ပြီးမှသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၄၅ ရက်အတွင်း ငွေကျပ်ငါးသိန်းတင်ပြကာ ရွေးကောက်ပွဲမသမာမှုအနေဖြင့် တိုင်ကြားရန် အမှုတည်ဆောက်ရခြင်းဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ဆက်လက်ပြောကြားသည်။

“အနည်းဆုံးအမှုပေါင်း ၅၀ ကျော်မှာ ရှိနိုင်တယ်လို့ ခန့်မှန်းတင်ပြလိုပါတယ်။ ၅၀ အထက်မှာပဲဖြစ်ဖို့များပါတယ်။ ဒါလေးကို တင်ပြလိုပါတယ်။ အားလုံးကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ၄၅ အတွင်းမှာတင်ပြတဲ့ တရားမဲ့ ပြုကျင့်မှုတင်ပြတဲ့နေရာမှာလည်း အခု UEC က မီချင်မှမီပါမယ်။ နောက်တတိယအကြိမ် ပေါ်ပေါက်လာတဲ့ UEC လက်ထက် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်” ဟု ဦးသိန်းထွန်းဦးက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့အား အနိုင်ရပါတီက အဆိုပြုဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအငြင်းပွားမှုများအား ကော်မရှင်အနေဖြင့်ဆုံးဖြတ် ဆောင်ရွက်ရာ၌ မူလစီရင်ထုံးများအား မပြစ်ဘဲ သမာသမတ်ကျကျ ဆုံးဖြတ်စီရင်ပါက ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လက်ရှိအနိုင်ရထားသည့်နေရာများထက်ပို၍ အနိုင်ရရှိမည်ဟု မျှော်လင့်ထားသည့်အတွက် ကော်မရှင်အနေဖြင့် သမာသမတ်ကျကျလုပ်ဆောင်ပေးရန် ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက တိုက်တွန်းပြောကြားသည်။

 

Most Read

Most Recent