အစိုးရသစ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအပြင် လယ်ယာမြေ၊ အလုပ်သမား၊ ကျောင်းသားနှင့် နိုင်ငံရေးအကျဉ်းသားများအရေးကိုလည်း ဆောင်ရွက်ရန် AAPP တိုက်တွန်း

အစိုးရသစ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအပြင် လယ်ယာမြေ၊ အလုပ်သမား၊ ကျောင်းသားနှင့် နိုင်ငံရေးအကျဉ်းသားများအရေးကိုလည်း ဆောင်ရွက်ရန် AAPP တိုက်တွန်း
Published 10 December 2020
ဉာဏ်လင်းထွန်း

ရွေးကောက်ပွဲအနိုင်ရပါတီမှ အသစ်ပြန်လည်ဖွဲ့စည်းမည့် အစိုးရသစ်အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအပြင် လယ်ယာမြေ၊ အလုပ်သမား၊ ကျောင်းသားနှင့် နိုင်ငံရေးအကျဉ်းသားများစသည့် အရေးအရာများကို တစိုက်မတ်မတ် ဆောင်ရွက်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တိုက်တွန်းသည်။

နိုင်ငံရေးအကျဉ်းသားများအရေး လစဉ်အစီရင်ခံစာထုတ်ပြန်လေ့ရှိသည့် AAPP ၏ နိုဝင်ဘာလ အစီရင်ခံစာကို ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ရာ ယင်းထုတ်ပြန်ချက်တွင် အထက်ပါအချက် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာက လယ်ယာမြေကိစ္စတွေက ဖြေရှင်းလို့မပြီးနိုင်တဲ့ကိစ္စတွေ ဖြစ်နေတယ်။ အလုပ်သမားအရေးနဲ့ ပတ်သက်ရင်လည်း ကျွန်တော်တို့နိုင်ငံမှာ ပြဿနာအများကြီးရှိနေတယ်။ နိုင်ငံရေးအကျဉ်းသားဆိုလည်း တောက်လျှောက် ယနေ့အချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေက ရှိနေသေးတယ်ပေါ့။ ဒါကြောင့်မို့ အစိုးရသစ်အနေနဲ့ ဒါတွေကို ဖြေရှင်းပေးဖို့အတွက် အဓိကထားပြီးတော့ စဉ်းစားသင့်တယ်” ဟု AAPP ရန်ကုန်ရုံးတာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။

နိုင်ငံတွင် အခြားသောဖြေရှင်းစရာ ကဏ္ဍများစွာရှိသော်လည်း AAPP က ကိုင်တွယ်ဆောင်ရွက်နေသည့် ကဏ္ဍများကို အဓိကထား တိုက်တွန်းခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံသားများ၏ အခြေခံအခွင့် အရေးများလည်း ဖော်ဆောင်ပေးရန် AAPP က တိုက်တွန်းသည်။

နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရမှုအပေါ် ထပ်တူဝမ်းမြောက်ကြောင်းနှင့် NLD ပါတီမှ နိုင်ငံရေးပါတီ ၄၈ ပါတီကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဖိတ်ခေါ်မှုကို အပြုသဘောဆောင်သော တိုးတက်မှုအဖြစ်ကြိုဆိုကြောင်း AAPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AAPP ထုတ်ပြန်ချက်အရ နိုဝင်ဘာလကုန်အထိ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ပြစ်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၃၅ ဦးရှိပြီး ထောင်တွင်းမှ တရားရင်ဆိုင်နေရသူ ၁၉၉ ဦးနှင့် ထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၅၆ ဦးရှိကြောင်း သိရသည်။

နိုဝင်ဘာလအတွင်း အမှုဖွင့်၊ တရားစွဲခံရသူ ၁၂ ဦးရှိပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရသူ ၂၂၇ ဦး၊ ပြစ်ဒဏ်ချမှတ်ခံရသူ ငါးဦးရှိခဲ့သည်ဟု AAPP က ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်များကြောင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် တိုးတက်လာခြင်းမရှိဘဲ ဆက်လက်ကျဆင်းဆဲဖြစ်ကြောင်းနှင့် ထိုအခွင့်အရေးကို ကျင့်သုံးသူများအနေဖြင့် ဖိနှိပ်မှုများကို ရင်ဆိုင်နေရဆဲဖြစ်ကြောင်း AAPP က ဆိုသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးခြင်းကြောင့် နိုဝင်ဘာလအတွင်း  ပြစ်ဒဏ်ချမှတ်ခံရသူများတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် နှစ်ဦးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ်စီ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ အမှတ် ၂၃၅ ခြေလျင်တပ်ရင်းတွင် နေထိုင်သည့် မသဥ္ဇာသန်းမင်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ပဲခူးတိုင်းဒေသကြီးမှ အရပ်သားတစ်ဦးတို့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်၊ တရားစွဲဆိုခြင်းခံရကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အစိုးရအနေဖြင့် နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာသဘော တူစာချုပ် (ICCPR) ကို အတည်ပြုလက်မှတ်ရေးထိုးခြင်း၊ ထိုအခွင့်အရေးကို ကျင့်သုံးသောကြောင့် ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသူများကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းတို့ကို နှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း AAPP က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

 

Most Read

Most Recent