ရန်ကုန်တိုင်းအတွင်း COVID-19 ကူးစက်ခံရသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် မဲရုံအဖွဲ့ဝင် ၉၀ ကျော်ရှိပြီး ခြောက်ဦး သေဆုံး

ရန်ကုန်တိုင်းအတွင်း COVID-19 ကူးစက်ခံရသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် မဲရုံအဖွဲ့ဝင် ၉၀ ကျော်ရှိပြီး ခြောက်ဦး သေဆုံး
Published 10 December 2020
ဉာဏ်လင်းထွန်း

ရန်ကုန်တိုင်းအတွင်း ၂၀၂၀ ရွေးကောက်ပွဲ တာဝန်ထမ်းဆောင်ပြီး COVID-19 ကူးစက်ခံရသည့် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်နှင့် မဲရုံအဖွဲ့ဝင် ၉၀ ကျော်ရှိပြီး သေဆုံးသူ ခြောက်ဦးအထိရှိကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲမှ ထုတ်ပြန်ထားချက်အရ သိရသည်။

နိုင်ငံအတွက် အရေးကြီးသည့် ရွေးကောက်ပွဲဖြစ်၍ COVID-19 စိန်ခေါ်မှုကြားမှ  ရောဂါကာကွယ်ရေး နည်းလမ်းများကို တတ်နိုင်သမျှ ဆောင်ရွက်ခဲ့သော်လည်း ရောဂါကူးစက်မှုများရှိခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကျော်မိုးကြည်က ပြောကြားသည်။

“COVID-19 စိန်ခေါ်မှုကြီး ရှိသော်ငြားလည်း နိုင်ငံ့အတွက် ရွေးကောက်ပွဲကြီးကို  မဖြစ်မနေ ကျင်းပရတဲ့အတွက် ဒီလောက်တော့ ဖြစ်မှာပဲလေ။ ဒီလောက်ပဲ ဖြစ်တာတောင် အများကြီး ကာကွယ်ထားလို့” ဟု ဦးကျော်မိုးကြည်က ပြောကြားသည်။

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထုတ်ပြန်ချက်အရ တိုုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင် ၄၄ ဦး၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် ၅၁ ဦး   စုစုပေါင်း ၉၅ ဦး COVID-19 ကူးစက်ခံရခြင်းဖြစ်သည်။

ထိုသို့ ရောဂါကူးစက်ခံရပြီးနောက် ဆေးကုသမှု ခံယူခဲ့သော်လည်း ရောဂါပြင်းထန်သောကြောင့်  သေဆုံးခဲ့သူ ခြောက်ဦး ရှိပြီး ၄င်းတို့မှာ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့်   မဲရုံအဖွဲ့ဝင်များ ဖြစ်သည်ဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲဥက္ကဌ ဦးကြည်မြင့်က ပြောကြားသည်။

အဆိုပါ ရောဂါကူးစက်ခံရသူများအနက် အချို့မှာ ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်မဲကောက်ယူစဉ် ကူးစက်ခံရခြင်းဖြစ်ပြီး အချို့မှာ ရွေးကောက်ပွဲနေ့ နောက်ပိုင်း ကူးစက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် မဲရုံအဖွဲ့ဝင်များ ရောဂါကူးစက်ခံရ၍ ၄င်းတို့ထဲ၏  မိသားစုဝင်အချို့လည်း ရောဂါကူးစက်ခံရခြင်း၊ အသွားအလာ ကန့်သတ်ခံရခြင်းများလည်း ရှိခဲ့သည်။

COVID ကပ်ရောဂါကြားမှ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်ခဲ့မှုအပေါ် ဂုဏ်ပြုမှတ်တမ်းတင်သည့်အနေဖြင့် ရောဂါကူးစက်ခံရသူ တစ်ဦးလျှင် ငွေကျပ်ငါးသောင်းစီဖြင့် ကူးစက်ခံရသူ ၈၉ ဦးကို ပံ့ပိုးကူညီကာ ကွယ်လွန်သူ ခြောက်ဦးအတွက် တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ပံ့ပိုးကူညီခဲ့ကြောင်း တိုင်းကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်သည်။

ယင်းသို့ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များ၏ စုပေါင်းထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှလည်း ထောက်ပံ့မှုများ ရှိနိုင်ကြောင်း ဦးကြည်မြင့်က ပြောကြားသည်။

အလားတူ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဝန်ထမ်းအချို့နှင့် ပဲခူးတိုင်းရှိ ကော်မရှင်အဖွဲ့ခွဲအချို့မှ ဝန်ထမ်းများလည်း ရောဂါကူးစက်ခံရမှုများရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဖြစ်ပွားသူ တစ်သိန်းကျော်ရှိလာခဲ့ပြီး ရောဂါကူးစက်ခံရမှု အများဆုံး တိုင်းဒေသကြီးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင်လည်း ရောဂါကူးစက်မှု များပြားလျက်ရှိသည်။

 

Most Read

Most Recent