အစိုးရနှင့် KNPP အကြား ယုံကြည်မှုပိုရှိလာသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမြန်လာမည်ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ပြောကြား

အစိုးရနှင့် KNPP အကြား ယုံကြည်မှုပိုရှိလာသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမြန်လာမည်ဟု ငြိမ်းချမ်းရေးကော်မရှင်အကြံပေးအဖွဲ့ဝင် ပြောကြား
အစိုးရနှင့် KNPP ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်က Video Conferencing ဖြင့် ကျင်းပစဉ်
အစိုးရနှင့် KNPP ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်က Video Conferencing ဖြင့် ကျင်းပစဉ်
Published 10 December 2020
အောင်မင်းသိန်း

ဒီဇင်ဘာ ၇ ရက်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးကြောင့် အစိုးရနှင့် KNPP အကြား ယုံကြည်မှု ပိုရှိလာသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမြန်လာမည်ဟု ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ အစိုးရနှင့် ကရင်နီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) တို့အကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးကို ဒီဇင်ဘာ ၇ ရက်က Video Conferencing ဖြင့် ပြုလုပ်ခဲ့သည်။

“အခု ဆွေးနွေးပွဲမှာတော့ ဒီလိုမျိုး တစ်ဖက်နဲ့တစ်ဖက် ဘာ Pressure မှ မရှိပါဘူး။ အခုကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း နှစ်ရပ်စလုံးကလည်း ကျွန်တော်တို့ ၀ိုင်းပြီးတော့ ကူညီတာပါပဲ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ရှေ့ကို ကျွန်တော်တို့ ဘယ်လိုမျိုး အတူတူသွားနိုင်သလဲ ဆိုတဲ့ဟာမျိုး ဆွေးနွေးတာ တွေရှိတယ်။ တစ်ဖက်နဲ့ တစ်ဖက်တော့ ဘာ Pressure မှ မရှိပါဘူး။ ကျွန်တော်တို့ကြားထဲမှာ ယုံကြည်မှုတွေ ပိုရှိလာလို့ရှိရင်တော့ ဒါတွေက မြန်လာမှာပါပဲ။ ကျွန်တော် သေချာပေါက် ပြောနိုင်တာကတော့ အခု ခင်ဗျားတို့လည်း တွေ့နေတာပေါ့။ အဲဒီပြင်ဆင်တဲ့ လုပ်ငန်းတွေက ပိုမြန်လာမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆွေးနွေးပွဲတွေကတော့ ပိုမြန်လာမှာတော့ သေချာတာပေါ့။ အဲဒီတော့ KNPP နဲ့ ကျွန်တော်တို့ ကြားထဲမှာလည်း ယုံကြည်မှုတွေကတော့ ဒီထက်ပိုရှိလာတဲ့အတွက် မြန်လာမယ်လို့တော့ ထင်တယ်။ ဘယ်တော့ ဘယ်လိုဆိုတာတော့ အခုအချိန်တော့ နည်းနည်းပြောဖို့ စောပါသေးတယ်”ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

၂၀၁၂ ခုနှစ် မတ်လတွင် ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) သည် Bilateral လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများကို တက်ရောက်ခြင်းများရှိခဲ့သလို ယုံကြည်မှုလည်း တည်ဆောက်နိုင်ခဲ့ကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။

ဦးလှမောင်ရွှေက “KNPP နဲ့က ပဋိပက္ခကတော့ မရှိသလောက်ပဲ။ နောက်ယုံကြည်မှုလည်း သင့်သလောက်တော့ ရှိတယ်။ ဒါပေမဲ့ NCA လက်မှတ် ရေးထိုးနိုင်ခဲ့တာတော့ မရှိဘူး။ ၂၀၁၉ ခုနှစ်မှာတုန်းက ချင်းမိုင်းမှာ ကျွန်တော်တို့ ဆွေးနွေးစဉ်အခါတုန်းကတော့ KNPP ဘက်က Deep of Commitment ပေါ့လေ။ လက်မှတ်ရေးထိုးနိုင်ဖို့ အဲဒီတုန်းက အဆိုပြုခဲ့တာတွေလည်း ရှိတယ်။ အဲဒီတော့ အခုတော့ လက်ရှိ နိုင်ငံရေးအခင်းအကျင်း ပုံသဏ္ဍာန်အရပေါ့၊ KNPP နဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆက်ပြီးတော့ ကျွန်တော်တို့ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ ၇ ရက်နေ့ ညနေက ဆွေးနွေးတာရှိတယ်။ အဲဒီတော့ နှစ်ဖက်တော့ ဒီလိုမျိုး ဆွေးနွေးတဲ့အတွက်တော့ ပိုတော့ တစ်ဖက်နဲ့တစ်ဖက် နားလည်လာမယ်။ ယုံကြည်မှုတွေ ရှိလာမယ်။ နောက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ပိုမြန်ဆန်လာမယ်လို့ မျှော်လင့်တယ်ပေါ့” ဟု ပြောကြားသည်။

လာမည့် ဇန်နဝါရီတွင် အစိုးရနှင့် KNPP အကြား တွေ့ဆုံဆွေးနွေးမှုများကို COVID-19 ရောဂါ ဖြစ်ပွားမှု လျော့ကျသွားပါက လူကိုယ်တိုင်တွေ့ဆုံကြရန်နှင့် COVID-19 ရောဂါဖြစ်ပွားမှု ရှိနေခဲ့ပါကလည်း Online မှတစ်ဆင့် ထပ်မံတွေ့ဆုံဆွေးနွေးကြရန် အဆိုပြုထားကြောင်း ဦးလှမောင်ရွှေက ပြောကြားသည်။

အစိုးရနှင့် KNPP အကြား Video Conferencing ဖြင့် ပြုလုပ်သည့် အစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး၊ ကယားပြည်နယ် လမ်းပမ်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ဖြူ၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်၊ ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်၊ အတွင်းရေးမှူး (၁) ခူပလူးရယ်၊ ဗဟိုကော်မတီဝင် ခူထဲဗူး၊ ဖွံ့ဖြိုးရေး၊ လူမှုလုံခြုံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (KNPP) ဒုတိယတာဝန်ခံ (၂) ဦးထူးချစ်တို့ တက်ရောက်ကြပြီး ဆယ်တောရို ဘော်ဒါဆောင်ဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် သဘောထားရယူ ညှိနှိုင်းဆွေးနွေးကြကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent