ပုလဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးအပါအဝင် ပါတီဝင် သုံးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားရုံးတွင် ဦီးတိုက်လျှောက်ထား တရားစွဲဆို

ပုလဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးအပါအဝင် ပါတီဝင် သုံးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားရုံးတွင် ဦီးတိုက်လျှောက်ထား တရားစွဲဆို
Published 9 December 2020
ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးအပါအဝင် ပါတီဝင် သုံးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက တရားရုံးတွင် ဒီဇင်ဘာ ၈ ရက်က ဦးတိုက်လျှောက်ထား၍ တရားစွဲခဲ့ကြောင်း သတင်းရရှိသည်။

ပုလဲမြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်၍ တရားစွဲအမှုဖွင့် တိုင်ကြားခံခဲ့ရသည့် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောမောင်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်​ဆွေနှင့် ရပ်ကျေးစည်းရုံးရေးမှူး ဦးညိုရောင်တို့ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်က ပုလဲမြို့နယ် ဂျပ်ကျေးရွာအုပ်စု အင်တိုင်းသာကျေးရွာ၏ ရွာလယ်ဇရပ်၌ မဲဆွယ်စည်းရုံးရေး ဟောပြောမှုနှင့် ပတ်သက်၍ အမှုဖွင့် တိုင်းတန်းခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မဲဆွယ်စည်းရုံးရေး ဟောပြောမှုတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းများက "ဦးသိန်းစိန် လက်ထက်မှာ အတိုင်ပင်ခံရှိသလား။ အခုအတိုင်ပင်ခံဆိုတာ မရှိတဲ့ရာထူးကို နိုင်ငံခြားသား ၉၃ ယောက်ကို အတိုင်ပင်ခံ ငှားရပါတယ်။ သိန်း ၅၀ ကနေ ၆၀ ပေးပြီးတော့ တစ်လ၊ တစ်လမှာ သူတို့ကို ငှားရပါတယ်။ သိန်း ငါးထောင် ရှိပါတယ်။ကျွန်တော်တို့ မြို့နယ်၊ ကျေးရွာ တစ်မြို့နယ်လုံးပေါင်းမှ သိန်းတစ်ထောင် မရပါဘူး။ ဒီပုဂ္ဂိုလ်တွေသာ မငှားရင် လူမှုစီးပွားအကျိုးစီးပွားအတွက် အသုံးမပြုနိုင်ဘူးလား" ဟု ဟောပြောခဲ့​ကြောင်း သိရသည်။

ထို့ပြင် အဆိုပါမဲဆွယ်စည်းရုံး ဟောပြောမှုတွင် "ကျွန်တော်တို့ကိုသာ မဲပေးခဲ့ရင် ဘယ်အတိုင်ပင်ခံမှ မခန့်ပဲနဲ့ ကျွန်တော်တို့ ကိုယ်တိုင် နိုင်ငံအကျိုးကို ဆောင်ရွက်မယ်။ ဒီနိုင်ငံအတွက် ဆောင်ရွက်ရလို့ မဲဆန္ဒရှင်များ နောင်တ မရစေရပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံလူတန်းစားတွေရဲ့ လူနေမှုဘဝ မြင့်မားတိုးတက်မယ်။ နိုင်ငံသူ/သားတို့သည် မြန်မာလူမျိုးများ ဖြစ်သည့်အတွက် မြန်မာလူမျိုး အုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်ဖို့ လိုပါတယ်။ မြန်မာလူမျိုး အုပ်ချုပ်တဲ့တိုင်းပြည် ဘယ်နိုင်ငံခြားသားမှ အတိုင်ပင်ခံပုဂ္ဂိုလ် ငှားစရာမလိုပါဘူး။ ၂၀၁၀ ဦးသိန်းစိန်လက်ထက် ဒီမိုကရေစီ ဖော်ဆောင်တဲ့ခေတ်မှာ ကိုယ့်မြန်မာလူမျိုးများ ဘယ်အတိုင်ပင်ခံမှ မငှားပဲနဲ့ ဒီမိုကရေစီလမ်းကို ဖော်ဆောင်ခဲ့ပါတယ်" ဆိုသည့် စကားလုံးများဖြင့် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဟောပြောခဲ့ကြကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပုလဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်အောင်က ပုလဲမြို့မရဲစခန်းတွင် တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်းတန်းရာတွင် ပုလဲမြို့နယ်တရားရုံးက ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Most Read

Most Recent