ရခိုင်ပြည်နယ်စစ်ပွဲများနှင့် ပြည်တွင်းစစ်ရပ်စဲရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည့် ဗကသကျောင်းသားနှစ်ဦးကို ပေါင်းတည်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးကိုတွေ့ခွင့်မရသည့်အတွက် တရားရုံးရှေ့တွင် တောင်းဆိုမှုပြုလုပ်

ရခိုင်ပြည်နယ်စစ်ပွဲများနှင့် ပြည်တွင်းစစ်ရပ်စဲရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည့် ဗကသကျောင်းသားနှစ်ဦးကို ပေါင်းတည်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပြီး ၎င်းတို့နှစ်ဦးကိုတွေ့ခွင့်မရသည့်အတွက် တရားရုံးရှေ့တွင် တောင်းဆိုမှုပြုလုပ်
Published 18 November 2020
ဝေလင်း(ပြည်)

ရခိုင်ပြည်နယ် စစ်ပွဲများနှင့် ပြည်တွင်းစစ် ရပ်စဲရေး လှုပ်ရှားမှုပြုလုပ်ခဲ့သည့် ဗကသကျောင်းသားနှစ်ဦးအား ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ပြီး မည်သူနှင့်မျှ တွေ့ရှိခွင့်မပြုသည့်အတွက် တရားရုံးရှေ့တွင် တောင်းဆိုမှုပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဗကသကျောင်းသားနှစ်ဦးဖြစ်သည့် ကိုကျော်ရဲသူနှင့် ကိုထက်အောင်တို့ကို ပုဒ်မ- ၅၀၅(ခ) ဖြင့် ပေါင်းတည်မြို့နယ်တရားရုံးက နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်က ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး ကျောင်းသားနှစ်ဦး၏ အကျိုးဆောင်ရှေ့နေနှင့် မိသားစုဝင်များ ဝန်းရံသူများနှင့် တွေ့ရှိခွင့်မရဘဲ အမိန့်ချမှတ်ပြီးပြီးခြင်း အကျဉ်းထောင်သို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဝန်းရံကျောင်းသားများက ပြောကြားသည်။

“ထောင်တစ်နှစ် ချလိုက်တယ် ထောင်ကနေရဲတွေခေါ်လာတာ ၉ နာရီ ၁၅ လောက်မှာ ပြန်ထွက်သွားတာက ၉ နာရီ မိနစ် ၂၀ လောက် ထောင်ရောက်တာက ၉ နာရီခွဲလောက် သူ့မိဘတွေ ဘယ်သူမှမရှိသေးဘူး။ ရုံးချိန်းဆို ၁၀ နာရီထိုးလောက်မှာ ဖြစ်သင့်တယ် သူတို့ရှေ့နေလည်း မရှိသေးဘူး။ ဒါဟာ တရားမျှတမှုမရှိတဲ့ တရားစီရင်မှုဖြစ်တယ်။ ကားထွက်လာတဲ့အချိန်မှာ ကျွန်တော်ပြေးလိုက်သွားတဲ့အချိန်မှာ ကျော်ရဲသူနဲ့ ထက်အောင်က အော်ပြောလိုက်လို့အလုပ်ကြမ်းနဲ့လား အလုပ်ကြမ်းမပါဘူးလား ချုပ်ရက်ပါလားမပါဘူး ချုပ်ရက်ခံစားမှုရှိလား မရှိဘူးလား ကျွန်တော်တို့ဘာမှမသိရဘူး။ ကားနဲ့ရဲအင်အားနဲ့ ထောင်ကိုတန်းပို့လိုက်တာ” ဟု လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူးဟောင်း ကိုပိုင်က ပြောကြားသည်။

ထိုပြင်ပေါင်းတည်မြို့နယ်တရားရုံးဝန်းတံခါးအား သော့ခတ်ပိတ်ထားပြီး ကျောင်းသားများ၏ ရှေ့နေ့ကိုလည်း အဝင်မခံဘဲ တရားရုံးဝန်ထမ်းများအား အကျိုးအကြောင်းမေးမြန်းရန် မေတ္တာရပ်ခံ အော်ခေါ်ခဲ့သော်လည်း တာဝန်ရှိ ဝန်ထမ်းတစ်ဦးကမျှ ထွက်တွေ့ရှိခြင်းမရှိခဲ့သည့်အတွက် ဗကသများနှင့် ပေါင်းတည်ကျောင်းသားသမဂ္ဂများ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက စုဝေးကာ တောင်းဆိုမှုများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

"ထုတ်တဲ့အချိန်က ပုံမှန်ရုံးချိန်မဟုတ်ပဲ အရမ်းစောနေတယ် မိသားစုတွေနဲ့လုံးဝမတွေ့ရဘူး နောက်တစ်ခါ သူတို့ရှေ့နေကိုယ်တိုင်တောင် လုံးဝမတွေ့ရဘူး မျက်ကွယ်မှာအမိန့်ချလိုက်တယ် အမိန့်ချလို်ကတာမှာလည်း ပွင့်လင်းမြင်သာမှုမရှိဘူး။ ဘယ်လောက်ချတယ်ဆိုတာလည်း မသိရဘူး။ ပြီးတာနဲ့ အချုပ်ကားပေါ်တန်းတင်ပြီး ထောင်ကိုတန်းမောင်းသွားတယ်။ ဒါကိုလုံးဝလက်သင့်ခံလို့မရဘူး။ ဒါကြောင့် ဒါကိုကျွန်တော်တို့ ရဲဘော်တွေနဲ့ တွေ့ခွင့်ရရေး ပွင့်လင်းမြင်သာစွာ အမိန့်ချရေးကို တောင်းဆိုခြင်းဖြစ်တယ်။ ဒီရှေ့မှာလည်း ဒီလို လူလာစုရုံးနေတယ်ဆိုတာ ဒီကိစ္စကြောင့်ဖြစ်ပါတယ်” ပြည်တက္ကသိုလ်အဝေးသင် ကျောင်းသားတစ်ဦးဖြစ်သူ ကိုမင်းသူရှိန်က ပြောကြားသည်။

ကျောင်းသားနှစ်ဦးမှာ စစ်ပွဲများရပ်စဲရေး စတစ်ကာကမ်ပိန်းအား စက်တင်ဘာလ ၁၁ ရက်နေ့က ပေါင်းတည်မြို့တွင် ပြုလုပ်ခဲ့ခြင်းကြောင့် စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လည်(၁) နာရီခွဲခန့်က နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်နှင့် အဖွဲ့များရာအိမ်မှူးများက ပေါင်းတည်မြို့ ဖြူစင်အလင်းရောင်ပညာဒါန ဖွင့်လှစ်ရာ ဘုန်းတော်ကြီးကျောင်းသို့ လာရောက်ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent