ငြိမ်းချမ်းရေး ဆွေးနွေးမှုအပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိကာ NCA လမ်းကြောင်းပေါ်လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က UWSA (၀) အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြား

ငြိမ်းချမ်းရေး ဆွေးနွေးမှုအပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိကာ NCA လမ်းကြောင်းပေါ်လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က UWSA (၀) အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြား
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
Published 18 November 2020
ကြည်နိုင်

ငြိမ်းချမ်းရေး ဆွေးနွေးမှုအပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိကာ NCA လမ်းကြောင်းပေါ် လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က UWSA (၀) အဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် UWSA (၀) အဖွဲ့မှ တာဝန်ရှိသူများအား နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းဆတ်တပ်နယ်၊ ကျောက်ဆည်ရိပ်သာ၌ လက်ခံတွေ့ဆုံရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ကြသည့် ပြည်ထောင်စုဖွား မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် ဒေသအတွင်း ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်အောင် တပ်မတော်မှ တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုအပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာလျက်ရှိသဖြင့် လူမှုစီးပွားရေးဖော် ဆောင်မှုများတွင် ကန့်သတ်ချက်များ ရှိနေနိုင်ကြောင်း၊ NCA လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ မျိုးဆက်သစ် အနာဂတ်ကလေးငယ်များ၏ လူမှုဘဝဖွံ့ဖြိုးရေး၊ ထာဝရငြိမ်း ချမ်းရေးရရှိပြီး တိုင်းပြည်အေးချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် ရေရှည်ကိုကြည့်ပြီးဆောင် ရွက်ကြစေလိုကြောင်း” ဟု တွေ့ဆုံရာတွင် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် စက်တင်ဘာလအတွင်း တာချီလိတ်မြို့သို့ရောက်ရှိစဉ် UWSA (၀) ဒေသအတွက် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ပြီး UWSA (၀) ဒေသအတွင်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကို စေလွှတ်ပေးခဲ့ကြောင်း၊ လူတို့၏ဘဝတွင် ကျန်းမာရေးကောင်းမွန်ရေးသည် အဓိက အရေးအကြီးဆုံးဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်မှသာလျှင် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် တိုင်းမှူးတာဝန် ထမ်းဆောင်စဉ် ဝမ်ဟုန်ဒေသသို့ ရောက်ရှိခဲ့ဖူးပြီး ကျန်းမာရေးအားနည်းသည်ကို တွေ့ရှိရသဖြင့် တပ်မတော်ဆေးအဖွဲ့များ စေလွှတ်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်စေခဲ့ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် UWSA (၀) အဖွဲ့မှ ဒုတိယ နိုင်ငံရေးမှူးအဆင့်ရှိ ဦးညီကပ်နှင့် အဖွဲ့ဝင်များက ကျန်းမာရေးပိုင်းအနေဖြင့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တပ်မတော်မှ ဆေးအဖွဲ့ဖြင့် ဆက်လက်ကူညီ ဆောင်ရွက်ပေးမည်ဟု ကြားသိရသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း၊ မိမိတို့အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍လည်း ဒေသဖွံ့ဖြိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် တပ်မတော်နှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်တို့ တက်ရောက်ကြပြီး UWSA (၀) အဖွဲ့မှ ဒုတိယနိုင်ငံရေးမှူး အဆင့်ရှိ ဦးညီကပ်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က UWSA (၀) အဖွဲ့အတွက် စားသောက်ဖွယ်ရာများ၊ တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများကို ပေးအပ်ရာ ဦးညီကပ်နှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး UWSA (၀) အဖွဲ့မှ ဒေသထွက် လက်ဆောင်များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent