ရခိုင်ပြည်နယ် လွှတ်တော်သက်တမ်းကာလအတွင်း တင်သွင်းခဲ့သည့် အဆိုများ၊ မေးခွန်းများကို အစိုးရအဖွဲ့ သက်တမ်းမကုန်ဆုံးမီ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

ရခိုင်ပြည်နယ် လွှတ်တော်သက်တမ်းကာလအတွင်း တင်သွင်းခဲ့သည့် အဆိုများ၊ မေးခွန်းများကို အစိုးရအဖွဲ့ သက်တမ်းမကုန်ဆုံးမီ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ဘူးသီးတောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် အစည်းအဝေး ကျင်းပနေစဉ်
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် အစည်းအဝေး ကျင်းပနေစဉ်
Published 17 November 2020
သန်းလှိုင်

ရခိုင်ပြည်နယ်လွှတ်တော်သက်တမ်း ကာလအတွင်း တင်သွင်းခဲ့သည့် အဆိုများ၊ မေးခွန်းများကို အစိုးရအဖွဲ့ သက်တမ်းမကုန်ဆုံးမီ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း ဘူးသီးတောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၁၇ ရက်က ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် အစည်းအဝေး တတိယနေ့တွင် ထိုသို့ တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဇော်မြင့်က “ရခိုင်ပြည်နယ် လွှတ်တော်ဟာ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းတစ်လျှောက်လုံးမှာ လွှတ်တော်တစ်ရပ်ရဲ့ တာဝန်ဝတ္တရားတွေကို ပြည်သူကို အစဉ်ဦးထိပ်ထားပြီးတော့ ဒီမိုကရေစီစံနှုန်းများနဲ့အညီ အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ လွှတ်တော်သက်တမ်း တစ်လျှောက်မှာလည်း မြို့နယ်အသီးသီး၊ ပါတီအသီးသီးက အရေးကြီးအဆိုတွေ၊ မေးခွန်း၊ ဆွေးနွေးချက်နဲ့ လုပ်ဆောင်ချက်များမှာ များစွာတန်ဖိုးရှိခဲ့ပြီးတော့ အခုလိုပဲ လွှတ်တော်ရဲ့ စေတနာနဲ့ ထိန်းကျောင်းခဲ့မှုများအပေါ်မှာ အစိုးရအဖွဲ့အနေဖြင့် လက်တွေ့ကျကျ ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုပါက ပြည်သူများ လက်တွေ့ရင်ဆိုင် ကြုံတွေ့ခံစားနေရတဲ့ ဒုက္ခဆိုး အခြေအနေများစွာကို ရှောင်လွှဲဖြေလျှော့ ပေးနိုင်ခဲ့လိမ့်မယ်လို့ လေ့လာသုံးသပ်မိပါတယ်။ အစိုးရအနေနဲ့ လွှတ်တော်မှာ ကတိကဝတ်ပေးပြီးသား မေးခွန်းတွေကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်က အခါအားလျော်စွာ ဆုံးဖြတ်တဲ့အဆိုတွေကို အကောင်အထည် ဖော်ပေးရမှာ ဖြစ်ပါတယ်။ မဖြစ်မနေ အကောင်အထည်ဖော်ဖို့ လိုအပ်တာတွေကို မလွဲမသွေ အကောင်အထည် ဖော်ပေးရမှာ ဖြစ်ပါတယ်။ လွှတ်တော်ဟာ အစိုးရမှ တင်သွင်းတဲ့ ဘတ်ဂျက်လျာထားချက်များကို လေ့လာပြီး ဆောင်ရွက်သင့်သော လုပ်ငန်းများ၊ ပယ်ဖျက်သင့်သော လုပ်ငန်းများ၊ ပြောင်းလဲသင့်သော လုပ်ငန်းများတွေကို ဥပဒေနဲ့အညီ အမြဲတမ်း အကြံပြုပြောကြားခဲ့ပါတယ်။ သို့သော်လည်း အစိုးရအနေနဲ့ လွှတ်တော်ရဲ့ အကြံပြုချက်များကို လက်ခံမှု အားနည်းပြီးတော့ မူလနီးပါးအတိုင်း ဥပဒေကြမ်းဖြင့် ပြန်လည် တင်ပြလာတာကို တွေ့ရတယ်။ ဒါဟာ လွှတ်တော်ရဲ့ အကြံပြုချက်များကို လုံးဝဥပက္ခာပြုကြောင်း ထင်ရှားနေတယ်။ ဒါပေမယ့် ခေါင်းဆောင်မှုကသာ အဓိကကျပါတယ်။ နိုင်ငံတော် တည်ဆောက်ရေးဆိုတာ အမွေကောင်းတွေကို လက်ဆင့်ကမ်း ချီတက်ရမယ့် ခရီးရှည်ကြီး တစ်ခုသာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

အလားတူ နောင်ဖြစ်တည်လာမည့် အစိုးရအဖွဲ့အနေဖြင့်လည်း စိတ်ပါဝင်စားမှုနှင့် လွှတ်တော်အဆိုနှင့် မေးခွန်းများအပေါ်မှာ ပြန်လည်လေ့လာ သုံးသပ်ပြီး အကောင်အထည် ဖော်လိုက်သည်နှင့်အညီ လုပ်ငန်းပြီးမြောက် မြန်ဆန်မှုကြောင့် အကျိုးရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်ကြောင်း၊ အတိတ်ဖြစ်စဉ် ဖြစ်ရပ်များအပေါ်တွင် မှန်ကန်စွာ လေ့လာသုံးသပ်ပြီး သင်ခန်းစာယူကာ ထိရောက်သည့် ပြောင်းလဲမှုများကို မြန်ဆန်စွာ ပြုလုပ်နိုင်မှသာလျှင် အနာဂတ်တိုးတက်မှု သေချာလာမည် ဖြစ်သည့်အတွက် အရေးကြီးကြောင်း ဒေါက်တာဇော်ဇော်မြင့်က ပြောကြားသည်။

ယင်းအဆိုအား ပုဏ္ဏားကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင် ကလည်း “အတည်ပြုခဲ့တဲ့ မေးခွန်းနဲ့ အဆိုတွေကို အစိုးရအနေနဲ့ လုပ်ဆောင်မှု အားနည်းတဲ့အတွက် ဒီလိုအားနည်းတာကို ပြန်လည် ဆောင်ရွက်ဖို့ အဆိုရှင်က တိုက်တွန်းတယ်လို့ သဘောပေါက်ပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့အနေနဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တင်သွင်းခဲ့တဲ့ အဆိုမေးခွန်းတွေအပေါ်မှာ ဒီထက်အလေးထားပြီး ဆောင်ရွက်ပေးဖို့အတွက် ထောက်ခံဆွေးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထိုအဆိုနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်အတွင်း လက်ခံဆွေးနွေးရန်သင့် မသင့် လွှတ်တော်၏ သဘောထားကို ရယူခဲ့ရာ သဘောမတူသူ မရှိသည့်အတွက် လက်ခံဆွေးနွေးရန် အတည်ပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent