နိုင်ငံရေးပါတီအများစု ရွေးကောက်ပွဲရှုံးနိမ့်ခြင်းမှာ COVID ကြောင့် မဲဆွယ်စည်းရုံးရေး အခက်အခဲရှိ၍မဟုတ်ဘဲ စည်းရုံးရေးအားမကောင်း၍သာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

နိုင်ငံရေးပါတီအများစု ရွေးကောက်ပွဲရှုံးနိမ့်ခြင်းမှာ COVID ကြောင့် မဲဆွယ်စည်းရုံးရေး အခက်အခဲရှိ၍မဟုတ်ဘဲ စည်းရုံးရေးအားမကောင်း၍သာဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား
Photo - The Mirror Daily
Photo - The Mirror Daily
Published 17 November 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲယှဉ်ပြိုင်သည့် ပါတီ ၉၀ နီးပါးတွင် ကိုယ်စားလှယ်လောင်း ရွေးချယ်ခွင့်မရသည့် ပါတီ ၇၀ နီးပါးရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၈၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရပါတီ ၁၉ ပါတီသာရှိကြောင်း၊ ၆၈ ပါတီမှာ ကိုယ်စားလှယ် ရွေးချယ်မခံရကြောင်း ၄င်းက နိုင်ငံပိုင်မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

“တချို့ပါတီတွေကတော့ COVID-19 ဖြစ်ပွားနေတဲ့ ကာလဖြစ်လို့ မဲဆွယ်စည်းရုံးရေး ဆင်းရတာ အခက်အခဲတွေ ရှိနေလို့ ၁၉ ပါတီပဲ နိုင်ပါတယ်လို့ ဖြေကြားပါတယ်။ ကျွန်တော်ကတော့ အဲဒါကြောင့် မထင်ပါဘူး။ ဘာကြောင့်လဲဆို တော့ ၂၀၁၅ တုန်းက ကပ်ရောဂါဘေးမရှိဘူး” ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် နိုင်ငံပိုင် မီဒီယာတွေ့ဆုံမေးမြန်းမှုကို နိုဝင်ဘာ ၁၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ ကပ်ရောဂါ အခြေအနေမရှိဘဲ လွတ်လပ်စွာမဲပေးနိုင်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၉၁ ပါတီယှဉ်ပြိုင်ကာ ၂၂ ပါတီအနိုင်ရပြီး ၆၉ ပါတီက ကိုယ်စားလှယ်လောင်း အရွေးမခံရဟု ဦးလှသိန်းက ဆိုသည်။

“အခုလည်း ၆၈ ပါတီ၊ ၂၀၁၅ တုန်းကလည်း ၆၉ ပါတီ။ ဒါက COVID ရောဂါကြောင့် ဖြစ်ပွားခဲ့တဲ့ ပြဿနာ မဟုတ်ပါ ဘူး။ နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးမှုအားက မကောင်းလို့သာ ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

အထွေထွေရွေးကောက်ပွဲကို ကြွေးကြော်ထားသည့် စံငါးချက်နှင့်အညီ ကျင်းပပေးခဲ့သော်လည်း  ပါတီအချို့၏ ဝေဖန်မှုများနှင့် ကြုံတွေ့ရသည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။

“ပါတီကြီးတချို့က ဘယ်လောက်ထိ ဝေဖန်လဲဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကသာ သမာသမတ်ရှိခဲ့ ရင် မိမိတို့ပါတီမရှုံးနိုင်ဆိုတဲ့ စကားတွေကို ဂျာနယ်တွေမှာ ဖော်ပြတာတွေ့ပါတယ်” ဟု ဦးလှသိန်းက ပြောကြားသည်။

လွတ်လပ်စွာဝေဖန်ပြောကြားပိုင်ခွင့်အရ ကော်မရှင်အပေါ် ယင်းသို့ဝေဖန်ပြောဆိုမှုများကို လက်ခံကြောင်းနှင့် မှန်ခြင်း၊ မမှန်ခြင်းကို ပြည်သူက ဆုံးဖြတ်မည်ဟု ၄င်းက ဆိုသည်။

ကော်မရှင်ကသာ ရွေးကောက်ပွဲလွတ်လပ်၊ တရားမျှတစွာကျင်းပပေးလျှင် ရွေးကောက်ပွဲအနိုင်ရမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းတစ်ဦးထက်မနည်းက ရွေးကောက်ပွဲမတိုင်မီပြောကြားမှု ရှိခဲ့သည်။

လက်ရှိတွင်လည်း ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲသည် လွတ်လပ်၊ တရားမျှတမှု မရှိဟုဆိုကာ ရွေးကောက်ပွဲရလဒ် ကို လက်မခံဘဲ UEC နှင့် တပ်မတော် ပူးပေါင်း၍ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန်ပင် တောင်းဆိုလျက်ရှိသည်။

ပါတီအများစု၏ ကိုယ်စားလှယ်များ ရွေးချယ်မခံရမှုမှာ COVID ကြောင့် မဟုတ်၊ စည်းရုံးမှုအား မကောင်း၍ ဖြစ်သည် ဆိုသော ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြားချက်အပေါ် ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားမှု မရှိ၍ မှတ်ချက်ရရှိခြင်းမရှိပေ။

COVID-19 ကြောင့် ရွေးကောက်ပွဲကိုအကန့်အသတ်များကြားမှ ဝင်ရောက်ယှဉ်ပြိုင်ရပြီး ပါတီကြီး၊ ပါတီငယ်များ အကြား မဲဆွယ်စည်းရုံးရေးကိစ္စများအပေါ် တရားဥပဒေစိုးမိုးမှုတွင် တန်းတူရည်တူအခြေအနေမရှိခြင်းက ၂၀၂၀ ရွေးကောက်ပွဲနှင့် ယခင် ရွေးကောက်ပွဲကြားမတူညီမှု ဖြစ်သည်ဟု ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တွင် ယှဉ်ပြိုင်ခဲ့သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲက လုံးဝ အခြေအနေချင်းမတူဘူး။ အဲဒါကို ၂၀၁၅ တုန်းကလည်း ဒီလောက်ပဲ ပါတီတွေ နိုင်ခဲ့တယ်။ ၂၀၂၀ ကလည်း ဒီလောက်ပဲ နိုင်ခဲ့တယ်ဆိုပြီးတော့ အရင်က အခြေအနေနဲ့ အတူတူပဲ လာပြောလို့ မရဘူး” ဟု ၄င်းက ပြောကြားသည်။

လွှတ်တော် မဲဆန္ဒနယ် အသီးသီး၏ ရလဒ်များကိုကော်မရှင် အနေဖြင့် နိုဝင်ဘာ ၁၅ ရက်တွင် ကြေညာပြီးစီးမှုအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော် သုံးရပ်ပေါင်း ကိုယ်စားလှယ် ၉၂၀ အနိုင်ရခဲ့ပြီး ကိုယ်စားလှယ် ၇၁ ဦးဖြင့် ဒုတိယအများဆုံးအနိုင်ရ ပြည်ခိုင်ဖြိုးပါတီနှင့်ပင် မဲရလဒ် ကွာဟမှုကြီးမားခဲ့သည်။

 

Most Read

Most Recent