ပြည်သူအတွက် စွမ်းဆောင်ရည်ရှိနိုင်မည့် အစိုးရဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်းနှင့် စွမ်းဆောင်ရည် ထက်မြက်သည့် ဝန်ကြီးများရွေးရန် ရာခိုင်နှုန်းများကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား

ပြည်သူအတွက် စွမ်းဆောင်ရည်ရှိနိုင်မည့် အစိုးရဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်းနှင့် စွမ်းဆောင်ရည် ထက်မြက်သည့် ဝန်ကြီးများရွေးရန် ရာခိုင်နှုန်းများကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
Published 17 November 2020

လာမည့် ငါးနှစ်သက်တမ်းတွင် အုပ်ချုပ်ရေးပိုင်း၌ ပြည်သူလူထုအတွက် စွမ်းဆောင်ရည်ရှိနိုင်မည့် အစိုးရဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားမည် ဖြစ်ကြောင်းနှင့် အစိုးရဖွဲ့ရာတွင် ပြည်သူ့အသံကို နားထောင်၍ စွမ်းရည်ထက်မြက်သော ဝန်ကြီးများရွေးရန် ရာခိုင်နှုန်းများကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

Zoom Application ဖြင့် ပြုလုပ်သည့် NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ထိုသို့ ထည့်သွင်း ပြောကြားခဲ့သည်။

ဒုတိယတစ်ချက်ကတော့ ကျွန်တော်တို့ ငါးနှစ်သင်ခန်းစာမှာ ကျွန်တော်တို့ မျှော်လင့်ထားသလိုပေါ့နော် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အားမရတဲ့ ပြည်သူတွေ အများကြီးပါ။ အဲဒီ အားမရတဲ့ ပြည်သူတွေရဲ့ ဝေဖန်သံတွေကိုလည်း ကျွန်တော်တို့ ကြားနေရတာပေါ့။ ကျွန်တော်တို့ ဒီအသံတွေ အကုန်လုံး နားထောင်ထားပါတယ်။ ဒီနားထောင်ထားတဲ့အတွက် ကျွန်တော်တို့ ဒီနှစ်သက်တမ်းမှာတော့ အုပ်ချုပ်ရေးပိုင်းမှာ ကျွန်တော်တို့က ပိုပြီးတော့ ပြည်သူလူထု ဟိုဟာဖြစ်နိုင်မယ့် စွမ်းဆောင်ရည်ရှိနိုင်မယ့် အစိုးရ အဖွဲ့ဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားပေးမယ်ဆိုတာ ကျွန်တော်တို့ ယေဘုယျ ပြောနိုင်ပါတယ်ဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

လွှတ်တော်ပိုင်းတွင်မူ လွှတ်တော်ကိုယ်စားလှယ် အဟောင်းများ အများစု ပြန်လည် ပါဝင်လာသည့်အတွက် လွှတ်တော်ပိုင်းတွင် ယခင်ငါးနှစ်နှင့် နှိုင်းယှဉ်ပါက လုပ်ရည်ကိုင်ရည် ပိုမိုထက်မြက်လာမည်ဟု မျှော်လင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ထို့ပြင် အရေးကြီးသည့် သင်ခန်းစာတစ်ခုမှာ ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား အချိုးညီညီ လက်တွဲဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရတို့ တိုင်ပင်ညှိနှိုင်း လုပ်ကိုင်ကြရန် ပြောကြားသော်လည်း ဆက်စပ်ဆောင်ရွက်မှု အတော်လေး အားနည်းခဲ့သည်ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

အစိုးရသစ် ဖွဲ့စည်းရာတွင် လက်ရှိ အစိုးရအဖွဲ့မှ မည်သူများ ပြန်လည်ပါဝင်လာမည်၊ မည်မျှပါဝင်လာမည်ကို တိတိကျကျ မပြောနိုင်သော်လည်း စွမ်းရည်ထက်မြက်သော ဝန်ကြီးများ ရွေးချယ်ရန် သေချာကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

"ဘယ်လောက်ပြန်ပါမယ်။ ဘယ်လောက်ပြန်မပါဘူး ဆိုတာတော့ တိတိကျကျ မပြောနိုင်ပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ကျွန်တော်တို့ ဒီတစ်ခါကတော့ ပြည်သူ့အသံနဲ့ တကယ့်ကို စွမ်းဆောင်ရည် ထက်မြက်တဲ့ ဝန်ကြီးတွေ ရွေးဖို့ရာကတော့ ရာခိုင်နှုန်း တော်တော်များများ သေချာသလောက် ရှိပါတယ်။ တစ်ခုတော့ရှိတယ်။ ကြိုက်ခြင်း၊ မကြိုက်ခြင်းပေါ့။ အဲဒါက တစ်ပိုင်း။ ဒါပေမဲ့ အရည်အချင်းရှိတယ်၊ မရှိဘူးဆိုတဲ့ အပိုင်းက တစ်ပိုင်းပေါ့။ တချို့က အကြံပေးကြတာပေါ့လေ။ နိုင်ငံရေးအရ ဝန်ကြီးဆိုတာ နိုင်ငံရေးအရ ဆုံးဖြတ်ရတဲ့နေရာ ဖြစ်တဲ့အတွက် နိုင်ငံရေး အတွေ့အကြုံရှိတဲ့ နိုင်ငံရေးသမားတွေကို ထည့်ပါလို့ ပြောနေတာတွေ ရှိတာပေါ့။ ဒါပေမဲ့လည်း ဒီဟာတွေကိုလည်း ကျွန်တော်တို့ အလေးအနက်ထားမှာပါဟု ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

သို့သော်လည်း နိုင်ငံတည်ဆောက်နေသော တည်ဆောက်ရေးကာလတွင် ပညာရှင်များ လိုအပ်နေသည့် အတွက် အချိုးညီဖြစ်စေရန် အကောင်းဆုံး ကြိုးစားဆောင်ရွက် သွားမည်ဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

Most Read

Most Recent