ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်ထောက်ပံ့မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ မကျေလည်မှုများကို မြို့နယ်အဆင့်တိုင်ကြားမှု ဖြေရှင်းဌာနများ ဖွင့်လှစ်ဖြေရှင်းရန် òန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်ထောက်ပံ့မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ၊ မကျေလည်မှုများကို မြို့နယ်အဆင့်တိုင်ကြားမှု ဖြေရှင်းဌာနများ ဖွင့်လှစ်ဖြေရှင်းရန် òန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
ဒဂုံ (အရှေ့) မြို့နယ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ကြေး ကျပ် ၄၀၀၀၀ ရရှိရန် လာရောက်စာရင်းပေးသွင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)
ဒဂုံ (အရှေ့) မြို့နယ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ကြေး ကျပ် ၄၀၀၀၀ ရရှိရန် လာရောက်စာရင်းပေးသွင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ- မျိုးထက်ပိုင်)
Published 16 November 2020
ဇေယျာထွန်း

ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား စတုတ္ထအကြိမ်ထောက်ပံ့မှုနှင့် ပတ်သက်၍အငြင်းပွားမှုများ၊ မကျေလည်မှုများဖြေရှင်းရန် မြို့နယ်အဆင့် တိုင်ကြားမှု ဖြေရှင်းဌာနများ စတင်ဖွင့်လှစ်ရန် ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

COVID-19 ကပ်ရောဂါကာလအတွင်း နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား ထောက်ပံ့ကြေးငွေ ပေးအပ်မှုကိုမရရှိခြင်းကြောင့် ဆန္ဒပြမှုများ ရှိနေသည့်အပြင် အမှန်တကယ် ရသင့်ရထိုက်သူများ၏ လက်ထဲသို့ ထိရောက်စွာ ရောက်ရှိရန်အတွက် အစိုးရအနေဖြင့် အောက်ခြေအဆင့်ဆင့်သို့ မည်သို့ညွှန်ကြားထားသနည်းဟု နိုင်ငံတော်သမ္မအိမ်တော် Group တွင် သတင်းထောက်တစ်ဦး၏ မေးမြန်းထားချက်ကို ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ လက်ရှိဖြစ်ပေါ်နေတဲ့ စာရင်းကောက်ယူတဲ့ကိစ္စ၊ အငြင်းပွားမှုတွေ၊ မကျေလည်မှုများနှင့်ပတ်သက်လို့ (က) မြို့နယ်အဆင့် တိုင်ကြားမှုဖြေရှင်းရေးဌာနများကို နိုဝင်ဘာ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ဖို့၊ ပြည်သူတွေ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်များကို ထုတ်ပြန်ပေးဖို့၊ (ခ) မြို့နယ်အဆင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးတာတွေကို ခရိုင်အဆင့်မှ အနီးကပ်ကြီးကြပ် ကူညီဖြေရှင်းဆောင်ရွက်ပေးဖို့၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အသီးသီးကို အချိန်နှင့်တစ်ပြေးညီ တင်ပြဖို့၊ (ဂ) ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေသည့် အခြေအနေတွေကို သက်ဆိုင်ရာနယ်မြေဒေသအလိုက် သတင်းထုတ်ပြန်ရှင်းလင်းခြင်းတွေ ဆောင်ရွက်ဖို့စတဲ့အချက်တွေကို ညွှန်ကြားထားကြောင်း သိရှိရပါတယ်” ဟု ဦးဇော်ဌေးက ပြောကြားသည်။

ထို့ပြင် မူလကတည်းက နယ်မြေဒေသအလိုက် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများကိုသာ ထောက်ပံ့ခြင်းဖြစ်သော်လည်း ယခုနောက်ဆုံး စတုတ္ထအကြိမ်ပေးအပ်ချိန်တွင် နေရာဒေသအချို့၌ သတင်းအချက်အလက်များ ပြည့်ပြည့်စုံစုံမရရှိခြင်းများ တွေ့ရကြောင်း ၎င်းက ဆိုသည်။

“ မူလစာရင်းကောက်ယူချိန်မှာ မပြည့်စုံတာတွေ၊ အိမ်ထောင်စုတစ်စုစီတိုင်းကို ကျပ်လေးသောင်းပေးမယ်ဆိုတဲ့ ကောလာဟလတွေ ပြန့်နှံ့လာပြီး မူလစာရင်းမှမပါတဲ့ သူတွေကပါ ထောက်ပံ့ကြေး ရယူဖို့ တောင်းဆိုလာတာတွေစတဲ့ ပြည်သူနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအကြား နားလည်မှုလွဲမှားတာတွေ ဖြစ်ပေါ်နေတာတွေ့ရှိရပါတယ်” ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်ခဲ့သည့် အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းခန့်အတွက် ကျပ် ၁၆၄ ဘီလျံပေးအပ်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး Stay at Home နေမြေဒေသများအား ကျပ် ၄၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၂ ဒသမ ၁ သန်းခန့်နှင့် Stay at Home ပြင်ပနေ မြေဒေသများအား ကျပ်နှစ်သောင်းနှုန်းဖြင့် အိမ်ထောင်စုပေါင်း လေးသန်းခန့်ရှိကြောင်း ဦးဇော်ဌေးက ဆိုသည်။

လက်ရှိ စတုတ္ထအကြိမ်ထောက်ပံ့မှုများ ပေးအပ်ရာ၌ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ၁၀၀ ရာခိုင်နှုန်းပေးအပ်ပြီးဖြစ်ကြောင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ရာခိုင်နှုန်း ၈၀ ကျော် ပေးအပ်ထားကြောင်း၊ နေပြည်တော်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် ရာခိုင်နှုန်းကျော် ၇၀ ကျော် ပေးအပ်ထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၅ ရာခိုင်နှုန်းကျော် ပေးအပ်ထားကြောင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ရာခိုင်နှုန်း ၅၀ အောက်သာ ပေးအပ်နိုင်သေးကြောင်း ဦးဇော်ဌေး၏ပြောကြားချက်အရ သိရသည်။

ပုံမှန်ဝင်ငွေမရှိသူများကို ပထမအကြိမ် ထောက်ပံ့မှုအဖြစ် ၂၀၂၀ ပြည့်နှစ် ဧပြီနှင့် ဇွန်တွင် အိမ်ထောင်စု ၅ ဒသမ ၄ သန်းခန့်၊ ကျပ် ၇၂ ဘီလျံ၊ ဒုတိယအကြိမ် ထောက်ပံ့မှုအဖြစ် ၂၀၂၀ ပြည့်နှစ် ဇူလိုင်နှင့် သြဂုတ်တွင် အိမ်ထောင်စု ၅ ဒသမ ၄ သန်းခန့်၊ ကျပ် ၂၁၈ ဒသမ ၃ ဘီလျံ၊ တတိယအကြိမ် ထောက်ပံ့မှုအဖြစ် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် အိမ်ထောင်စု ၅ ဒသမ ၇ သန်းခန့် ကျပ် ၁၁၃ ဒသမ ၉ ဘီလျံဖြစ်ကြောင်း သိရသည်

Most Read

Most Recent