ပဲခူးတိုင်းဒေသကြီး​ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်း ပေါက်ကွဲမှုမှာ အသံမိုင်းပေါက်ကွဲမှုဖြစ်ကြောင်း ကော်မရှင်တာဝန်ရှိသူ ပြောကြား

ပဲခူးတိုင်းဒေသကြီး​ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်း ပေါက်ကွဲမှုမှာ အသံမိုင်းပေါက်ကွဲမှုဖြစ်ကြောင်း ကော်မရှင်တာဝန်ရှိသူ ပြောကြား
Published 6 November 2020
မောင်အေး (ပဲခူး)

ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအတွင်း ပေါက်ကွဲမှုမှာ အသံမိုင်းပေါက်ကွဲမှုဖြစ်ကြောင်း ပဲခူးခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အတွင်းရေးမှူး ဦးမင်းသက်နောင်က ပြောကြားသည်။

ပဲခူးမြို့ ရပ်ကွက်ကြီး (၇) အုန်းတောတာလမ်းရှိ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးဝန်းတွင်း နိုဝင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီ ၄၅ ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ယူဆရတာကတော့ ဗုံးလို့ပြောမရဘူး။ အသံမြည်တဲ့မိုင်းလို့ယူဆရပါတယ်။ အသက်အန္တရာယ် ထိခိုက်မှုတော့မရှိဘူး။ စာရွက်စာတမ်းကိစ္စလာတဲ့ပုံစံနဲ့ တမင်ထားသွားပြီး ဖောက်ခွဲဖို့ လုပ်ဆောင်ခဲ့တယ်လို့ ယူဆရပါတယ်” ဟု ပဲခူးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းသက်နောင်က ပြောကြားသည်။

ပဲခူးတိုင်းရွေးကောက်ပွဲ ကော်မရှင်ရုံးခြံဝင်းအတွင်း၌ ခရိုင်ကော်မရှင်ရုံးခွဲနှင့် မြို့နယ်ကော်မရှင်ရုံးခွဲများအတူ ထားရှိပြီး ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အုံးကနဲဆိုတဲ့မြည်သံတစ်ချက်ကြားရတော့အရမ်းထိတ်လန့်သွားတယ်။ ဘာဖြစ်တာလဲဆိုပြီး ထွက်ကြည့်တော့ မီးခိုးလုံးကြီးပဲ တွေ့ရတယ်။ အသံကအရမ်းကျယ်သွားပြီး အရမ်းကြောက်သွားတယ် အဲဒီအချိန်က မိုးရွာနေတော့ မိုးချိန်းတာလားလို့တောင် ထင်တယ်။ တစ်အိမ်လုံးလည်း တုန်သွားတယ်” ဟု တိုင်းကော်မရှင်ရုံးနှင့် ကပ်လျှက်ခြံမှ ရပ်ကွက်နေသူ မခိုင်ခိုင်သန်းက ပြောကြားသည်။

အဆိုပါဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး မကြာမီ တိုင်းရဲတပ်ဖွဲ့ခရိုင် ရဲတပ်ဖွဲ့မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။