၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် MIC သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိသည့် စီမံကိန်း ၂၄ ခု အဆိုပြုတင်ပြထားပြီဖြစ်ကြောင်း DICA ညွှန်ချုပ်ပြောကြား

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် MIC သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိသည့် စီမံကိန်း ၂၄ ခု အဆိုပြုတင်ပြထားပြီဖြစ်ကြောင်း DICA ညွှန်ချုပ်ပြောကြား
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်မြှုပ်နှံထားသည့် သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 24 October 2020
ဇေယျာငြိမ်း

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိသည့်စီမံကိန်း ၂၄ ခုအဆိုပြုတင်ပြထားပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၊ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

“ လာမယ့်နှစ်အတွက်ကို ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ လက်ခံပြီးတော့မှ စဉ်းစားပြီးတော့မှ လိုအပ်တာကို ညှိနှိုင်းဆွေးနွေးနေတဲ့ Proposal ပေါင်း ၂၄ ခုရှိပါတယ်။ အဲ Proposal ၂၄ ခုရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိပါတယ်။ ဒီလုပ်ငန်းတွေဟာ ဒီအချိန်မှာ ဘာလို့ မရသေးလဲဆိုတော့ လုပ်ငန်းကြီးမားတာတွေ ဖြစ်ပါတယ်။ နောက်တစ်ခါနိုင်ငံတော်အတွက် အကျိုးစီးပွားရှိနိုင်မယ့်ကိစ္စရပ်တွေ ရှိနိုင်သလို နိုင်ငံတော်အတွက် လိုအပ်ချက်တွေကို ဆန်းစစ်ရတဲ့အပိုင်းတွေရှိပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေနဲ့ ညှိနှိုင်းရတာတွေရှိပါတယ်။ ထို့အတူ သက်ဆိုင်ရာဝန်ကြီးဌာနများပြီးရင် သက်ဆိုင်ရာဝန်ကြီးဌာနထက်မြင့်တဲ့ ကော်မတီတွေကို တင်ပြပြီးတော့မှ ဆုံးဖြတ်ချက်ယူရတာဖြစ်ပါတယ်။ တချို့တိုင်းပြည်အတွက် ရင်းနှီးမြှုပ်နှံမှုလည်း ကြီးကျယ်မယ်၊ တိုင်းပြည်အတွက် သက်ရောက်မှုလည်း ရှိနိုင်တယ်။ မြေဧရာအကျယ်အဝန်းလည်းများတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏလည်းများတယ်ဆိုရင် အစိုးရအဖွဲ့ကို တင်ပြပြီးတော့ ဆုံးဖြတ်ရပါတယ်။ အဲလိုလုပ်ငန်းမျိုးတွေကြောင့် ဒီနှစ်လျာထားချက်ကို မရောက်သွားတာ ဖြစ်ပါတယ်။ သို့သော် ကျွန်တော်တို့ ခုနကတင်ပြထားတဲ့အတိုင်း ရင်းနှီးမြှုပ်နှံမှုအဆိုပြုထားတာ ၂၄ ခု ဒေါ်လာသုံးဘီလျံကျော် ရှိပါတယ်။ ဒါဟာလာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမလအတွက်ကို ဒီ Pipeline ထဲမှာ ရောက်ရှိနေတာဖြစ်ပါတယ်” ဟု DICA ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

COVID-19 ကြောင့် အသွားအလာကန့်သတ်ထားသဖြင့် အချို့လုပ်ငန်းများ ဝင်ရောက်ရန်ရှိသော်လည်း ခွင့်ပြုမပေးနိုင်ခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလျာထားချက် ပြည့်မီခြင်းမရှိဘဲ လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၅ ဒသမ ၈ ဘီလျံရရှိရန် လျာထားခဲ့သော်လည်း ဒေါ်လာ ၅ ဒသမ ၆၈ ဘီလျံသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ အမှန်အတိုင်းပြောရင် ဒီနှစ်ထဲမှာလည်း Target ကို ပြည့်မီဖို့လို့ပဲဖြစ်ပါတယ်။ သို့သော်လည်း COVID-19 ဖြစ်ပွားနေတဲ့ အခြေအနေအရ ရင်းနှီးမြှုပ်နှံသူများက သွားရလာရ ကန့်သတ်ချက်ရှိခြင်း၊ သက်ဆိုင်ရာ နယ်မြေဆင်းပြီးတော့မှ လုပ်ဆောင်ရာမှာ ကန့်သတ်ချက်ရှိခြင်း ထို့အတူပဲ ရန်ကုန်နဲ့ နေပြည်တော် များသောအားဖြင့် နေပြည်တော်မှာ အစိုးရရုံးစိုက်တာဖြစ်တဲ့အတွက် အသွားအလာအခက်အခဲများ ရှိတာဖြစ်တဲ့အတွက် အချို့လုပ်ငန်းတွေဟာ ဝင်ရောက်ဖို့လို့ အစီအစဉ်ရှိပေမဲ့ မဝင်ရောက်သေးတာပဲ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၈ ဒသမ ၅ ဘီလျံရရှိရန်လျာထားသော်လည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယင်းလျာထားချက်များကို ပြန်လည်သုံးသပ်သွားမည်ဖြစ်သည်။

Most Read

Most Recent