မင်္ဂလာဒုံစက်မှုဇုန်ရှိ မှန်ဘီလူးစက်ရုံတွင် ပိုးတွေ့လူနာ ၃၀၀ ကျော်နှင့် စက်ရုံထဲနှင့် Quarantine Center များတွင် Quarantine ဝင်နေရသည့် အလုပ်သမား ၃၀၀ ခန့်ရှိပြီး ပိုးတွေ့လူနာများ ဆက်လက် ထွက်ပေါ်လျက်ရှိ

မင်္ဂလာဒုံစက်မှုဇုန်ရှိ မှန်ဘီလူးစက်ရုံတွင် ပိုးတွေ့လူနာ ၃၀၀ ကျော်နှင့် စက်ရုံထဲနှင့် Quarantine Center များတွင် Quarantine ဝင်နေရသည့် အလုပ်သမား ၃၀၀ ခန့်ရှိပြီး ပိုးတွေ့လူနာများ ဆက်လက် ထွက်ပေါ်လျက်ရှိ
Published 20 October 2020
သီင်္ဂီဝင်းထွန်း

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံစက်မှုဇုန်ရှိ Myanmar Asia optical မှန်ဘီလူးစက်ရုံတွင် ပိုးတွေ့လူနာ ၃၀၀ ကျော်နှင့် စက်ရုံထဲနှင့် Quarantine Center များတွင် Quarantine ဝင်နေရသည့် အလုပ်သမား ၃၀၀ ခန့်ရှိပြီး ပိုးတွေ့လူနာများ ဆက်လက် ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

သံသယလူနာများကို အချိန်အပိုင်းအခြားဖြင့် ပုံမှန်စစ်ဆေးပေးနေခြင်းကြောင့် ပိုးတွေ့လူနာများ ဆက်တိုက် ထွက်ပေါ်နေခြင်း ဖြစ်ကြောင်းနှင့် စစ်ဆေးပြီး ပိုးတွေ့ရှိပါက သက်ဆိုင်ရာဌာနသို့ ချက်ချင်း ပို့ဆောင်ပေးလျှက်ရှိသည်ဟု မင်္ဂလာဒုံမှ ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက ပြောကြားသည်။

“မနေ့က Test နဲ့စစ်တာ ၁၅ ယောက် ပိုးတွေ့တယ်။ အဲဒီ ၁၅ ယောက်ကို ညနေကျတော့ ကျွန်တော်တို့ သက်ဆိုင်ရာဌာနဘက်ကို ချက်ချင်းပို့လိုက်တယ်။  သံသယ လူနာတွေကလည်း ချက်ချင်းစစ်ရင် အဖြေမထွက်ဘူးဗျ။ အနည်းဆုံး လေးရက်နဲ့ ခြောက်ရက်ကြားမှာ စစ်တာ။ အ့ဒါကတော့ ကျွန်တော်တို့က သူ့ရက်နဲ့သူ အမြဲတမ်းစစ်နေတာပဲ။ စစ်လို့လည်း  ပိုးတွေ့တာတို့ ဘာတို့ ထွက်လာတာပဲလေ”ဟု မင်္ဂလာဒုံမှ ကိုဗစ်ကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းက ပြောကြားသည်။

အဆိုပါ Myanmar Asia optical မှန်ဘီလူးစက်ရုံတွင် အလုပ်သမား ငါးထောင်ခန့် ရှိပြီး ပထမ ကိုဗစ်ကာလတွင် မိမိအစီအစဉ်ဖြင့် နယ်ပြန်သူ နှစ်ထောင်ခန့်ရှိကာ ယခု စက်ရုံဝန်းထဲတွင် အလုပ်သမား နှစ်ထောင်ကျော် နေထိုင်လျှက်ရှိကြောင်း စက်ရုံအလုပ်သမား Leader တစ်ဦးက ပြောကြားသည်။

“နယ်ပြန်တဲ့သူတွေက နှစ်ထောင်လောက် ရှိတယ်။ အကုန် ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်ကြတာပဲ။ တချို့ကလူစုပြီး ကားစင်းလုံး ငှားတယ်။ တချို့က ဆိုင်ကယ်တွေနဲ့ ပြန်ကြတယ်။ အခု ကျွန်တော်တို့ စက်ရုံထဲမှာ အလုပ်သမား နှစ်ထောင်ကျော်လောက် ရှိတယ်။ ကွာရန်တင်း ဝင်နေတဲ့ သူတွေကောပေါ့။ အနံ့တွေ ပျောက်တဲ့သူတွေ ရောဂါပြင်းထန်တဲ့ သူတွေကတော့ သက်ဆိုင်ရာ ကိုဗစ်စင်တာမှာ။ ကျန်တဲ့ သူတွေကတော့ စက်ရုံထဲမှာပဲ ကွာရန်တင်း ဝင်ကြတယ်”ဟု  မှန်ဘီလူးစက်ရုံ အလုပ်သမား Leader တစ်ဦးက ဆိုသည်။

အဆိုပါ စက်ရုံဝင်းကို စက်တင်ဘာ ၁၃ ရက်တွင် စတင်ပိတ်ခဲ့ပြီး စက်တင်ဘာ ၁၅ ရက်တွင်  စက်ရုံအလုပ်သမား တစ်ဦးက စတင်ဖျားရာမှ ရောဂါပိုး စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

“စက်ရုံဝန်းကို စက်တင်ဘာ ၁၃ ရက်က ပိတ်ချလိုက်ပြီး ကျွန်တော်တို့ကတော့ အဲဒီနေ့က စက်ရုံထဲမှာ အလုပ်လုပ်ရသေးတယ်။ နောက်နေ့မှာ စက်ရုံက ဝန်ထမ်းတစ်ယောက်က စက်တင်ဘာ ၁၅ ရက်မှာ စဖျားတယ်။ သူ့ကို လူခွဲထားပြီး နောက်နေ့ကျ သူက အနံ့ပျောက်သွားတယ်။ နောက် ဆေးရုံရောက်တော့ သူက ရောဂါစတွေ့တယ် ” အဆိုပါ စက်ရုံ Leader က ဆိုသည်။

လတ်တလော အခြေအနေအရ စက်ရုံထဲရှိ အလုပ်သမားများ၏ ကျန်းမာရေး၊ စားဝတ်နေရေးကို စက်ရုံဘက်မှ တာဝန်ရှိသူများ သို့မဟုတ် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနမှ  သေချာစီစဉ် ဆောင်ရွက်ပေးစေချင်သည်ဟု  Action Labour Right မှ ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက ပြောကြားသည်။

“ဒီလိုအချိန်မျိုးမှာ ဒီထဲမှာပဲ နေနေရတဲ့ အလုပ်သမားတွေအတွက် ပူပန်မှုတွေ မရှိအောင် စက်ရုံဘက်ကပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနကပဲ ဖြစ်ဖြစ် စားဝတ်နေရေးကို သေချာလေး စီစဉ်ဆောင်ရွက်ပေးစေချင်ပါတယ်။ ပြီးတော့ အဲဒီအဆောင်မှာ နေတဲ့သူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကနေ ကျွန်တော်တို့က ဘယ်လိုစီမံထားတယ်၊ အရေးကိစ္စရှိရင် ဘယ်လိုဆက်သွယ်ပါ စသဖြင့် သွားရောက် ရှင်းပြတာမျိုး၊ အားပေးတာမျိုးတွေ လုပ်စေချင်ပါတယ်”ဟု Action Labour Right မှ ဥက္ကဋ္ဌ ဦးကျော်မျိုးထွေးက ပြောကြားသည်။

စက်ရုံတွင် ထမင်းစားချိန် တစ်နာရီခန့်သာ ပေးထားသောကြောင့် ထမင်းစားရာ နေရာတွင် လူအများ တိုးဝှေ့နေရသောကြောင့် အလုပ်သမားများအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေပြီး ထမင်းကို ကိုယ်တိုင် ချက်ပြုတ်စားသောက်နိုင်ရန် လိုလားကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာ ၁၉ ရက် စက်ရုံပြန်ဖွင့်ရန် စက်ရုံဘက်မှ ကြေညာထားသော်လည်း ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်းနှင့် ဘယ်နေ့ ပြန်ဖွင့်မည်ကို မသိရသေးကြောင်း မှန်ဘီလူးစက်ရုံ အလုပ်သမား Leader က ပြောကြားသည်။

“အစကတော့ ၁၉ ရက်နေ့ စက်ရုံပြန်ဖွင့်မယ်လို့ ကြေညာလိုက်သေးတယ်။ ဒါပေမဲ့ အခုက ပိုးတွေ့လူနာက ထပ်ထွက်လာတာတွေ ရှိနေတော့ စက်ရုံဖွင့်မရတော့ဘူးနဲ့ တူတယ်။ မဖွင့်တော့ဘူးဆိုပြီး ကြေညာစာ ပြန်ကပ်တယ်။ ဘယ်နေ့ပြန်ဖွင့်မလဲကလည်း မသိရသေးပါဘူး”ဟု မှန်ဘီလူးစက်ရုံ အလုပ်သမား Leader က ဆိုသည်။