တပ်မတော်က တိုက်ခိုက်ရေး ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ အားထုတ်ဖော်ပြသ

တပ်မတော်က တိုက်ခိုက်ရေး ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူ အားထုတ်ဖော်ပြသ
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
ဓာတ်ပုံ - တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
Published 15 October 2020

အိန္ဒိယနိုင်ငံမှ မြန်မာ့တပ်မတော်သို့ လွှဲပြောင်းထားသည့် ရေငုပ်သင်္ဘောအား ယနေ့ (အောက်တိုဘာ ၁၅ ရက်) တွင် ထုတ်ဖော်ပြသခဲ့သည်။

တပ်မတော်ကာကွယ််ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်၌ တပ်မတော်(ရေ) မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောစစ်ရေယာဉ် - မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း (Fleet Exercise-2020) (လေ့ကျင့်ခန်း-ဗန္ဓုလ) ကို ဆောင်ရွက်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(ရေ) ဝတ်စုံအား  ဂုဏ်ပြုဝတ်ဆင်၍  လေ့ကျင့်ခန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပြီး မြန်မာနိုင်ငံအလံနှင့် တပ်မတော်(ရေ) အလံ လွှင့်ထူထားသည့် ရေငုတ်သင်္ဘောပုံများကိုလည်း ဖော်ပြခဲ့သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းရည် ထက်မြက်မြင့်မားစေရန် တပ်မတော် (ကြည်း၊ရေ၊လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ်လေ့ကျင့် ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ Kilo အဆင့် ဒီဇယ်-လျှပ်စစ် ရေငုပ်သင်္ဘောသည် အိန္ဒိယတပ်မတော်တွင် တပ်တော်ဝင် အသုံးပြုထားသည့် ယခင် ဆိုဗီယက်ပြည်ထောင်စုထုတ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ ဟိန္ဒူစတန်သင်္ဘောကျင်း၌ အဆင့်မြှင့်တင်ကာ နှစ်ကုန်ပိုင်းတွင် မြန်မာ့တပ်မတော်သို့ လေ့ကျင့်ရေးဆင်းရာတွင် အသုံးပြုရန် လွှဲပြောင်းပေးမည်ဟု ၂၀၁၉ ခုနှစ်အတွင်းက အိန္ဒိယဘက်မှ သတင်းများ ထွက်ပေါ်ခဲ့သည့်အပြင် ပြီးခဲ့သည့် (၇၂) နှစ်မြောက် မြန်မာ့တပ်မတော် (ရေ) နေ့ အခမ်းအနားတွင် တပ်တော်ဝင်မည်ဟုလည်း မူလက သတင်းများထွက်ပေါ်ခဲ့သည်။

သို့ရာတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ပြုလုပ်သည့် (၇၂) နှစ်မြောက် တပ်မတော် (ရေ) နေ့ အခမ်းအနားနှင့် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားတွင် အဆိုပါရေငုပ်သင်္ဘော တပ်တော်ဝင်ခြင်း အစီအစဉ် ပါဝင်ခြင်းမရှိကြောင်းနှင့် ရေငုပ်တပ်တော်ဝင်ခြင်းကို သီးခြားပြုလုပ်မည်ဟု ထိုစဉ်က တပ်မတော်ဘက်မှ အတည်ပြုပြောကြားခဲ့ပြီး ယခုအခါ တရားဝင်ထုတ်ဖော် ပြသလာခြင်း ဖြစ်သည်။