ထိုင်းနိုင်ငံရှိ မဲ့ကလောင် ငါးလေလံစျေးတွင် မြန်မာ့ရေထွက်ကုန်ပစ္စည်းများ လေလံတင်မှုကိုစက်တင်ဘာ ၂၃ ရက်မှ စတင်ဆိုင်းငံ့

ထိုင်းနိုင်ငံရှိ မဲ့ကလောင် ငါးလေလံစျေးတွင် မြန်မာ့ရေထွက်ကုန်ပစ္စည်းများ လေလံတင်မှုကိုစက်တင်ဘာ ၂၃ ရက်မှ စတင်ဆိုင်းငံ့
ထိုင်းနိုင်ငံရှိ မဲ့ကလောင်ငါးလေလံစျေးကို တွေ့ရစဉ်
ထိုင်းနိုင်ငံရှိ မဲ့ကလောင်ငါးလေလံစျေးကို တွေ့ရစဉ်
Published 22 September 2020
ဇော်မိုးဦး (မြိတ်)

ထိုင်းနိုင်ငံရှိ မဲ့ကလောင်ငါးလေလံစျေးကြီးတွင် မြန်မာ့ရေထွက်ကုန်ပစ္စည်းမှန်သမျှ လေလံတင်ပေးတော့မည် မဟုတ်ဘဲ စက်တင်ဘာ ၂၃ ရက်မှစတင်ပြီး ဆိုင်းငံ့ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆမွတ်ဆာခွန်ခရိုင် ကုန်သည်ကြီးများအသင်းမှ ထုတ်ပြန်ထားသည့်သတင်း အရ သိရသည်။

ထိုင်းနိုင်ငံ၏ အဓိကငါးစျေးကွက်ကြီး တစ်ခုဖြစ်သည့် ဆမွတ်ဆာခွန်ခရိုင်ရှိ မဲ့က လောင်ငါးလေလံစျေးကြီးမှာ ဘန်ကောက်မြို့ တောင်ဘက်တွင်တည်ရှိပြီး ယခင်က မြန်မာ့ရေထွက်များကိုလည်း လေလံတင်ရောင်းချ ပေးနေကြောင်း သိရသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် COVID-19 တစ်ကျော့ပြန်လည် ဖြစ်ပွားလာသည်ကိုအကြောင်းပြုပြီး မြန်မာ့ ရေထွက်ပစ္စည်းများ လေလံတင်ပေးမှုအားလုံးကို စက်တင်ဘာ ၂၃ ရက်မှစတင်ပြီး ဆိုင်းငံ့ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“မဲ့ကလောင်က သမဝါယမ အသင်းလုပ်ထားတယ်။ အဲဒီမှာရှိတဲ့လုပ်ငန်းရှင်အများစုက လှေပိုင်ရှင်တွေဖြစ်တယ်။ မြန်မာငါးတွေ လာရင် သူတို့ငါးစျေးကျတယ်။ မြန်မာငါးက စျေးပေါတယ်လေ။ ဒါကြောင့် သူတို့စျေးမှာနေရင်းနဲ့ သူတို့ငါးတွေစျေးကျရတယ်လို့ ခံယူထားတယ်။ ဒါကြောင့် မြန်မာ့ငါးတွေကို သူတို့ စျေးကို မလာစေချင်တာကြာပါပြီ။ မဲ့ကလောင် ငါးစျေးကွက်ကို မြန်မာငါးတွေမရောက်လာဖို့ သူတို့ကြိုးစားနေတာလည်းကြာပြီ။ ဒါပေမဲ့ ထိုင်းနိုင်ငံအစိုးရက စည်းမျဉ်းတွေနဲ့ထိန်းထားလို့ လုပ်ချင်သလို လုပ်လို့မရဘူး ဖြစ်နေတယ်။သူတို့လည်း စာတင်နေတယ်။ မြန်မာငါးတွေ အဝင်မခံဖို့ပေါ့။ ဒါပေမဲ့ မဲ့ကလောင်က ငါးလေ လံဖြစ်နေတဲ့အတွက် ဘယ်ငါးလာတင်လို့မရဘူး၊ ဘယ်ငါးပဲတင်လို့ရမယ်ဆိုတာ ပြောခွင့်မ ရှိလို့ သည်းခံနေတာ။ အခု COVID-19 ဖြစ်လာတော့ ဒီအခွင့်အရေးကို အမိအရဆုပ်ကိုင် ပြီး ပိတ်လိုက်တာ။ မြန်မာ့ငါးတွေကို ဆိုင်းငံ့ လိုက်တာ” ဟု မြန်မာ-ထိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

စက်တင်ဘာ ၂၃ ရက်မှစတင်ပြီး မည် သည့်ကာလအထိ ဆိုင်းငံ့မည်ကိုမကြေညာ ထားဘဲ ရက်အကန့်အသတ်မရှိ ဖြစ်နိုင်သလို အမြဲတမ်းလည်း ဖြစ်နိုင်ဖွယ်ရှိကြောင်း အဆို ပါလုပ်ငန်းရှင်က ပြောကြားသည်။ ထိုင်းနိုင်ငံ သို့ တင်ပို့နေသည့်ရေထွက်ကုန်များမှာ မြိတ် ကျွန်းစုမှ အဓိကဖြစ်ပြီး ထိုင်းနိုင်ငံရှိ ရနောင်း၊ မဟာချိုင်နှင့် မဲ့ကလောင်ငါး စျေးကွက်များသို့ တင်ပို့နေခြင်းဖြစ်သည်။ ရနောင်းမှာ တစ်ဆင့် ခံအဆင့်ဖြစ်ပြီး အဓိကစျေးကွက်ကြီးနှစ်ခုမှာ မဲ့ကလောင်နှင့် မဟာချိုင်ဖြစ်သည်။

“ဒီပုံစံအတိုင်းဆိုရင်တော့ မဟာချိုင်ကို သွားတိုးရတော့မယ်။ စျေးထပ်ကျဦးမှာပါ။မဟာချိုင်က ထုတ်ပြန်ထားတာကတော့ မြန်မာမျှောစာပါရမယ်၊ Invoice ပါရမယ်ဆိုပြီး ကြေညာထားတယ်။ ဒါပေမဲ့ အဲဒီမှာလေလံ ဆွဲတာ ၁၀ ဦးဖြစ်သွားနိုင်တယ်။ မျှောစာကို ဘယ်လိုခွဲမလဲပေါ့။ ရနောင်းက လုပ်ပေးပါ့မလား။ မြန်မာမျှောစာမပါရင် လက်မခံတော့ဘူး။ ရနောင်းကိုဝင်မယ့် ငါးတွေကမျှောစာပါ ရမယ်။ထိုင်းက မြန်မာငါးတွေကို အစကတည်းက မဝင်စေချင်ဘူး။ စျေးကွက်လိုအပ်ချက်ရှိနေလို့သာ ခွင့်ပြုထားကြတာ။ အခုဆိုရင် စက်ရုံတွေလည်း မလည်ပတ်နိုင်ဘူး။ ငါးက လိုအပ်ချက်သိပ်မရှိတော့ဘူးလေ။ မြန်မာနိုင်ငံမှာ အခုဆိုရင် ငါးဖမ်းရာသီရောက်လာတော့ ငါးတွေပေါလာတယ်။ မဲ့ကလောင်က ဒါကိုအခွင့် ကောင်းယူပြီး ဆိုင်းငံ့လိုက်တယ်။ အချိန်အတိုင်းအတာမရှိ ဆိုင်းငံ့လိုက်တယ်။ အရင်က တည်းက သူတို့မြန်မာ့ငါးကိုပိတ်ဖို့ ကြိုးစားနေ တာ။ ဒါကို ထုတ်ဖော်မပြောဘူး။ လျှို့ဝှက်ကြံစည်ထားတာ။ ထိုင်းနိုင်ငံ ရနောင်းကတော့ငါး တချို့ဝယ်နေသေးတယ်။ ဒါပေမဲ့ သူတို့ အားလုံးမဖြုန်းနိုင်ဘူး။ မဲ့ကလောင်နဲ့ မဟာချိုင်ပဲ ဖြုန်းနိုင်တယ်။ အဲဒီတော့ မြန်မာ့ငါးစျေးကွက်ကို ရိုက်ချတော့မယ်။ ရနောင်းကလည်း သူတို့ မကိုက်ရင် ရေရှည်ဝယ်ပေးနေမှာ မဟုတ်တော့ ဘူး။ မဟာချိုင်တစ်လမ်းပဲ ကျန်တော့တယ်။အရမ်းကို နစ်နာတော့မယ်။ မြန်မာအစိုးရက စျေးကွက်ရှာပေးတာ မလုပ်နိုင်ရင် ထိခိုက် တော့မယ်” ဟု မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံ ထလေထိုင်း (မဟာချိုင်)စျေး ကွက်မှလည်း မြန်မာ့ရေထွက်ပစ္စည်းများကို လေလံတင်ခွင့်ပေးမည် ဖြစ်သော်လည်း စာရွက်စာတမ်း အထောက်အထားပြည့်စုံမှသာ လေလံတင်ခွင့်ပြုမည်ဖြစ်ကြောင်း Invoice မြန်မာမျှောစာအပြင် ထိုင်းနိုင်ငံအတွင်း မြန် မာ့ရေထွက်ကုန်များ သယ်ဆောင်ခွင့်ပါ လုပ်ဆောင်ထားရမည်ဖြစ်ကြောင်း ဆမွတ်ဆာခွန် ခရိုင်ကုန်သည်ကြီးများအသင်း ဒုဥက္ကဋ္ဌက ပြောကြားသည်။ ထိုင်းနိုင်ငံလုံးဆိုင်ရာ ငါးလုပ် ငန်းအဖွဲ့ချုပ်အနေဖြင့်လည်း ပြည်ပမှငါးတင် သွင်းမှုရပ်ဆိုင်းပေးရန် အသင်းသားများ၏တောင်းဆိုမှုကို ခံနေရပြီး ထိုင်းအစိုးရသို့ ဆက် လက်တင်ပြပေးထားကြောင်း သိရသည်။

Most Recent