COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေသည့် အခြေအနေနှင့် ထပ်မံရင်ဆိုင်ရဦးမည့် အထိနာနေဆဲ မြန်မာ့စီးပွားရေး

COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်မြင့်တက်နေသည့် အခြေအနေနှင့် ထပ်မံရင်ဆိုင်ရဦးမည့် အထိနာနေဆဲ မြန်မာ့စီးပွားရေး
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၀) ကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၉/၂၀၂၀) ကို တွေ့ရစဉ် (ဓာတ်ပုံ-MIFER)
Published 13 September 2020
နီလာ

၂၀၁၉ ခုနှစ် အခွန်နှုန်းထားများဖြင့် အိမ်ခြံမြေကာလတန်ဖိုး စိစစ်သတ်မှတ်ပေးရန် လျှောက်ထားသူများ  စက်တင်ဘာ ၂၃ ရက်အထိ လက်ခံမည်

၂၀၁၉ ခုနှစ် အခွန်နှုန်းထားဖြင့် အိမ်ခြံမြေကာလတန်ဖိုး စိစစ်သတ်မှတ်ပေးရန် လျှောက်ထားသူများကို စက်တင်ဘာ ၂၃ ရက်အထိ လက်ခံပေးမည်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှစ၍ အခွန်နှုန်းထားသစ်ဖြင့် ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က အသိပေး ကြေညာထားသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကုန်ဆုံးမည်ဖြစ်ပါ၍ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ ၂၅ ပါ အခွန်နှုန်းထားများအတိုင်း ဘဏ္ဍာနှစ်မကုန်မီ အခွန်ပေးသွင်းနိုင်ရေးအတွက်ကာလ တန်ဖိုးစိစစ်သတ်မှတ်ပေးရန် လျှောက်ထားမှုများကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၃ ရက် နောက်ဆုံးထား လျှောက်ထားရန်၊ လိုအပ်သော စာရွက်စာတမ်း၊ အထောက်အထားများ ပြည့်စုံစွာပါရှိသည့် လျှောက်လွှာများကိုသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်၍ အထောက်အထား ပြည့်စုံစွာဖြင့် အချိန်မီလျှောက်ထားရန် ကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က အသိပေးကြေညာထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက်အထိ) အတွင်း တန်ဖိုးစိစစ်သတ်မှတ်ခဲ့သည့် အိမ်ခြံမြေကိစ္စရပ်များအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ အခွန်ပေးသွင်းကြရန် အသိပေးနှိုးဆော်ထားခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်မှစတင်၍ အခွန်ပေးသွင်းမှုများအတွက် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁ ရက်တွင် စတင်အကျိုးသက်ရောက်မည့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါ အခွန်နှုန်းထားများအတိုင်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့က အသိပေးကြေညာထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထက်မှ ကျပ်သိန်း ၁၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀ အထက်အား ၃၀ ရာခိုင်နှုန်း အခွန်ကောက်ခံရာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တစ်ကျပ်မှ ကျပ်သိန်း ၁၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ အထက်မှ ကျပ်သိန်း ၁၀၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အထိ ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀၀၀ အထက်အား ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့ခြင်းဖြစ်သည်။ လာမည့်အောက်တိုဘာ ၁ ရက်မှစတင်မည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအတိုင်းကောက်ခံမည်ဖြစ်ပြီး ကောက်ခံမည့်နှုန်းထားများမှာ တစ်ကျပ်မှ ကျပ်သိန်း ၁၀၀၀ အထိ ၆ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀ အထက်မှ ကျပ်သိန်း ၃၀၀၀၀ အထိ ၂၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀၀၀ အထက် ၃၀ ရာခိုင်နှုန်းဖြစ်သည်။

အိမ်ခြံမြေဝယ်ယူ/ ရောင်းချ/  လဲလှယ်ခြင်းအတွက် အခွန်ထမ်းအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များမှာ အိမ်ခြံမြေဝယ်ယူ/ ရယူသူသည် ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် နေထိုင်သူဖြစ်ပါက တိုင်းဒေသကြီးကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ရုံး၊ ရန်ကုန်နှင့် မန္တလေး စည်ပင်သာယာရေးနယ်နိမိတ်ပြင်ပနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် နေထိုင်သူဖြစ်ပါက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ သွားရောက်ရမည်ဖြစ်ပြီး အိမ်/ မြေ/ အဆောက်အအုံ/ တိုက်ခန်းအား တန်ဖိုးသတ်မှတ်ပေးရန် တင်ပြရမည်ဖြစ်သည်။

 

ကိုဗစ်ကာလအတွင်း နိုင်ငံတော်က ထောက်ပံ့ငွေ စုစုပေါင်း ကျပ်ဘီလျံ ၁၉၀၀ ကျော်ရှိ

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၄ ရက်အထိ စာရင်းများအရ နိုင်ငံတော်က ဆောင်ရွက်ပေးမှုအနေဖြင့် ဝင်ငွေနည်းပါးသည့်အိမ်ထောင်စုများသို့ ပထမအကြိမ်ထောက်ပံ့ကြေးအဖြစ် ကျပ် ၇၁ ဒသမ ၁၀၃ ဘီလျံ၊ ဒုတိယအကြိမ်အဖြစ် ကျပ် ၂၁၈ ဒသမ ၁၁၂ ဘီလျံ၊ တတိယအကြိမ်အဖြစ် ၁၁၃ ဒသမ ၅၃၅ ဘီလျံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တစ်ဆင့်ထောက်ပံ့ငွေကျပ် ၉၂ ဒသမ ၆၁၂ ဘီလျံ၊ သက်ကြီးရွယ်အိုးများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများနှင့် မသန်စွမ်းပုဂ္ဂိုလ်များ အပါအဝင် အခြားထောက်ပံ့သင့်သည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် ထောက်ပ့ံငွေကျပ်  ၃၅ ဒသမ ၉၂၃ ဘီလျံ၊ ကျန်းမာရေးလုပ်ငန်းများအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသုံးပြုရန် ကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလျံ၊ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ ထုတ်ချေးငွေကျပ် ဘီလျံ ၁၀၀၊ အသေးစားချေးငွေလုပ်ငန်းများသို့ ထုတ်ချေးငွေကျပ်ဘီလျံ ၁၀၀၊ COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက တာဝန်ယူဆောင်ရွက်သည့် COVID-19 Fund မှ ထုတ်ချေးငွေ ကျပ်ဘီလျံ ၂၀၀၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများသို့ ထုတ်ချေးငွေ ကျပ် ဘီလျံ ၆၀၀၊ ၂၀၂၀ ပြည့်နှစ် ဧပြီ၊ မေနှင့် ဇွန်လများအတွက် လျှပ်စစ်ဓာတ်အားခများအတွက် ထောက်ပံ့ငွေ ကျပ် ၁၀၇ ဒသမ ၃၇၉ ဘီလျံနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားခ ထောက်ပ့့ံငွေ ကျပ် ၁ ဒသမ ၅၁၈ ဘီလျံ၊ စုစုပေါင်းကျပ် ၁၉၀၈ ဒသမ ၀၈၅ ဘီလျံ လျာထားသတ်မှတ်ကာ ထောက်ပံ့ဆောင်ရွက်ပေးခဲ့ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

 

ဒုတိယအကြိမ် ချေးငွေထုတ်ပေးခြင်းကို စက်တင်ဘာလအတွင်း အပြီးစိစစ်ထုတ်ပေးရန် စီစဉ်

ဒုတိယအကြိမ်ချေးငွေ ထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပြီးပြတ်အောင် စိစစ်ထုတ်ပေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာလုပ်ငန်းများသို့ သီးခြားအစီအစဉ်ဖြင့် ချေးငွေထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပါအဝင် COVID-19 နှင့်ပတ်သက်၍ ပြောင်းလဲဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုအခြေအနေများအပေါ် ကုစားဆောင်ရွက်နိုင်ရေးအတွက် အစီအစဉ်များ လိုအပ်သလို ရေးဆွဲဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများက တင်ပြလာသည့်ကိစ္စရပ်များကို COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ဆွေးနွေးနေသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက အခွန်ဆိုင်ရာ ဖြေလျှော့မှုအနေဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံဝန်ထမ်းများအတွက်လည်း လစာ နှစ်လစာ အတိုးမဲ့ကြိုတင်ချေးငွေကို ဆိုင်းငံ့ကာလခြောက်လ၊ ပြန်လည်ပေးဆပ်ရမည့်ကာလ တစ်နှစ်သတ်မှတ်၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာမှစတင်၍ ထုတ်ပေးပေးရန် စီစဉ်ထားကြောင်းပြော ကြားခဲ့သည်။

COVID-19 ကြောင့်ထိခိုက်ခဲ့သည့်စီးပွားရေးလုပ်ငန်းများအတွက် ထုတ်ပေးထားသည့် ချေးငွေများအပေါ် လုပ်ငန်းရှင်များက သုံးစွဲဆောင်ရွက်မှုအခြေအနေများကိုလည်း ယခုလအတွင်း လုပ်ငန်းအဖွဲ့က စိစစ်ပြပေးစေလိုကြောင်း၊ COVID-19 ပြန့်ပွားမှုသည် သြဂုတ်လမှစတင်၍ ထပ်မံဖြစ်ပေါ်လျက်ရှိသဖြင့် ထပ်မံပေါ်ပေါက်လာနိုင်သည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများနှင့်ပတ်သက်၍ ကြိုတင်သုံးသပ်ကာ အချိန်မီကုစားဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိရန် ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းအသွင်ဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှု လျင်မြန်လာခြင်းအပေါ် အများက စိုးရိမ်စရာ ဖြစ်နေသည်။ 

မတ်လနှောင်းပိုင်းမှစ၍ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး စတင်ကူးစက်မှုတွေ့ခဲ့ပြီး ငါးလကျော်အကြာတွင် ကိုဗစ်ဒုတိယလှိုင်းကဲ့သို့ ဖြစ်လာခြင်းမှာ လူမှုစီးပွားရေး ပြဿနာများနှင့် ယင်း၏ နောက်ဆက်တွဲ ဂယက်များနှင့် ရင်ဆိုင်ရတော့မည့် အချက်ပေးခေါင်းလောင်းသံလည်း ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ COVID-19 အတည်ပြုလူနာ ၂၄၀၀ ကျော် ရှိလာသည်။ ထို့ကြောင့်  ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေးပြန်လည်ဖွင့်လှစ်ရေးတို့ကြားမှ မျှခြေကို ပြန်လည်တွက်ဆရန် လိုအပ်လာသည်။

မည်သို့ပင် ဆိုစေကာမူ COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းကိုသာ မဖြစ်မနေရွေးချယ်ရတော့မည် ဖြစ်သောကြောင့် ဗိုင်း ရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးတို့အကြား တိကျသည့် မျှခြေတစ်ရပ်ကို ပြန်လည်ချမှတ်ဖော်ဆောင်ရတော့မည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက် ညပိုင်းအထိ ရရှိသောစာရင်းများအရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၄၀၀ ကျော် ရှိလာသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ဆက်လက်အရှိန်မြင့်တက်လာနိုင်သည့် အရိပ်အယောင်များ ပြသနေရာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲမသွားစေရန် ပိုမိုစနစ်ကျသည့် ပြင်ဆင်ထားရှိမှုများ လိုအပ်နေသည်။

အခြားတစ်ဖက်တွင် ကိုဗစ်ဒုတိယလှိုင်းကြောင့် နေ့စဉ်ဘဝ ပျက်သုဉ်းလောက်အောင် သို့မဟုတ် နဂိုကတည်းက ချွတ်ခြုံကျနေသည့် စီးပွားရေး ဘုန်းဘုန်းလဲသွားမည့် အခြေအနေများအတွက် ပြင်ဆင်ထားရမည်ဖြစ်သည်။

ထို့ပြင် လက်ရှိထုတ်ချေးထားသည့်ချေးငွေများဖြင့် လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ပြီလား၊ ချေးငွေများကို အချိန်မီပြန်ဆပ်နိုင်ရန် သေချာမည်လား စသည်တို့မှာ စိုးရိမ်စရာရှိလာသည်။

ကိုဗစ်ဒုတိယလှိုင်းက မြန်မာ့စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတို့အပေါ် ထပ်မံသက်ရောက်လာနိုင်မှုတို့ကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားရမည် ဖြစ်သည်။ 

Most Read

Most Recent