ပြည်သူမဲပေးချင်မည့် ကိုယ်စားလှယ်လောင်းများကို အတတ်နိုင်ဆုံးစိစစ်ရွေးချယ်ထားပြီး ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းစာရင်းကိုလေ့လာရန် ပြည်သူ့ပါတီဥက္ကဋ္ဌ တိုက်တွန်း

ပြည်သူမဲပေးချင်မည့် ကိုယ်စားလှယ်လောင်းများကို အတတ်နိုင်ဆုံးစိစစ်ရွေးချယ်ထားပြီး ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းစာရင်းကိုလေ့လာရန် ပြည်သူ့ပါတီဥက္ကဋ္ဌ တိုက်တွန်း
Published 6 August 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမပေး (No Vote) ဟု ပိုင်းဖြတ်သူများ မဲပေးချင်စိတ်ပေါ်ပေါက်မည့် ကိုယ်စားလှယ်လောင်းများကို ကြိုးစားရွေးချယ်ထားသည်ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်၌ သြဂုတ် ၄ ရက်ကပြုလုပ်သည့် ပါတီကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်ပွဲတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“ဒီလူမကြိုက်လို့ တခြားလူလည်း ရွေးစရာမရှိတော့လို့ မဲမပေးတော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ အခုထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို လေ့လာပါလို့ No Vote သမားတွေကို တိုက်တွန်းချင်တယ်။ အဲဒီတော့ ရွေးချယ်စရာ အတတ်နိုင်ဆုံး ကျွန်တော်တို့ ကြိုးစားပေးမယ်။ အဲဒီတော့ No Vote သမားတွေအတွက် Vote လုပ်ချင်တဲ့ ကိုယ်စားလှယ်တွေပေါ်လာအောင် ကျွန်တော်တို့ ကြိုးစားပေးမယ်” ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ဦးကိုကိုကြီးအပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့ စုစည်းတည်ထောင်သည့် ပြည်သူ့ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှအပ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ် ၇၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ဦးရေ ၁၅၂ ဦးရှိပြီး ထိုအထဲတွင် ၈၈ နိုင်ငံရေးမျိုးဆက် ပါတီဗဟိုအလုပ်အမှုဆောင် ကိုးဦး၊ ဥပဒေဘွဲ့ရ တရားလွှတ်တော်ရှေ့နေ ၁၀ ဦး၊ AGTI ဘွဲ့ရ ၁၄ ဦး၊ ပါမောက္ခချုပ် အငြိမ်းစားတစ်ဦး၊ PhD နှင့် မာစတာဘွဲ့ရ ကိုယ်စားလှယ်လောင်းအချို့ အပါအဝင် ရိုးရိုးဘွဲ့ရ ကိုယ်စားလှယ်လောင်း ၇၄ ဦး ပါဝင်သည်ဟု သြဂုတ် ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

“ကျွန်တော်တို့က ခြောက်ပစ်ကင်း သဲလဲစင် Perfect ဆိုတာကတော့ လက်တွေ့ဘဝမှာ တော်တော်ခက်ပါတယ်။ သို့သော် ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေထဲမှာ အကောင်းဆုံးလို့ထင်တဲ့သူ ပိုကောင်းမယ်လို့ထင်တဲ့သူကို ရွေးချယ်ပေးကြပါ။ မဲပေးကြပါ။ ကျွန်တော်တို့လည်း သူတို့ အဲဒီလိုမဲပေးနိုင်မယ့် ရွေးချယ်နိုင်မယ့် ပုဂ္ဂိုလ်တွေကို အတတ်နိုင်ဆုံးရွေးချယ်ပြီးတော့ ထုတ်ပြန်တာဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

ပါတီဥက္ကဋ္ဌဦးကိုကိုကြီးသည် ဇာတိရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင်သည် ကမာရွတ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်၊ ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်ထွေး (ခ) ဦးမာကီးသည် ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်သည့် ဦးကျော်ကျော်စိုး၊ ဦးမျိုးဇော်ဦး၊ ဦးမောင်မောင်လှိုင်၊ ဦးညိုထွန်းနှင့် ဒေါ်အေးအေးခိုင်တို့လည်း ရွေးကောက်ပွဲဲယှဉ်ပြိုင် မည်ဖြစ်သည်။

“၈၈ မျိုးဆက်တွေကိုအခြေခံတဲ့ပါတီဆိုပေမဲ့ နိုင်ငံပြုပြင်ပြောင်းလဲရေး တည်ဆောက်ရေးအတွက် အရေးပါမယ့် ပညာတတ်လူငယ်တွေ၊ ကျွမ်းကျင်မှုဆိုင်ရာပုဂ္ဂိုလ်တွေ အတတ်နိုင်ဆုံး ပါဝင်ဖို့အတွက် စုစည်းပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်ထားတာဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်သူ့ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၃ နေရာ၊ အမျိုးသားလွှတ်တော် ၁၀ နေရာနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် ၉၉ နေရာတို့တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်ဖြစ်သည်။

ထို့ပြင် ပြည်သူ့ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီ (ဗဟို) ကိုလည်း ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ဦးဆောင်၍ သြဂုတ် ၄ ရက်တွင် ဖွဲ့စည်းခဲ့သည်။

 

Most Read

Most Recent