မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံသားအလုပ်သမားများ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် တပ်မတော်က လေယာဉ်၊ ရေယာဉ်များဖြင့် ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ခေါ်ဆောင်ရန် ပြည်ခိုင်ဖြိုးပါတီက အစိုးရအား တိုက်တွန်းသည့်အဆိုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်

မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံသားအလုပ်သမားများ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် တပ်မတော်က လေယာဉ်၊ ရေယာဉ်များဖြင့် ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ခေါ်ဆောင်ရန် ပြည်ခိုင်ဖြိုးပါတီက အစိုးရအား တိုက်တွန်းသည့်အဆိုလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်
ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
ယနေ့ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို တွေ့ရစဉ်
Published 21 July 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံသားအလုပ်သမားများ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် တပ်မတော်က လေယာဉ်၊ ရေယာဉ်များဖြင့် ရွေးကောက်ပွဲမတိုင်မီ ပြန်လည်ခေါ်ဆောင်ရန် ပြည်ခိုင်ဖြိုးပါတီက အစိုးရအားတိုက်တွန်းသည့်အဆို လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

ဇူလိုင် ၂၁ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ပရောက် အလုပ်သမားများ၊ အထူးသဖြင့် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ ရွေးကောက်ပွဲအမီ မိမိစိတ်ဆန္ဒအရ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ပြန်လည်ခေါ်ဆောင်ရန် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရပ်စောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်က တင်သွင်းခဲ့သည်။

ယင်းအဆိုအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဖတ်ကြားရာတွင် “ ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည် ကမ္ဘာ့ကပ်ရောဂါ  COVID-19 အခြေအနေကြောင့် ပြည်တွင်းသို့ လမ်းကြောင်းမျိုးစုံဖြင့် ဝင်ရောက်လျက်ရှိပါတယ်။ သို့ရာတွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသား ၁၀ ဦးမှာ မိမိကိုယ်ကို သတ်သေခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပြီး မြန်မာနိုင်ငံသားအလုပ်သမား ၂၀၀၀၀ ကျော်မှာ မြန်မာနိုင်ငံသို့ သံရုံးသို့ စာရင်းပေးထားကြောင်း သိရှိရပါတယ်။ လေယာဉ်ဖြင့် ပြန်လာရန် နှောင့်နှေးကြန့်ကြာမှုများလည်း ဖြစ်ပေါ်နေကြောင်းလည်း သိရှိရပါတယ်။ မြန်မာ့တပ်မတော်တွင် လူအင်အား ၁၀၀၀ ခန့် သယ်ဆောင်နိုင်သည့် မုတ္တမစစ်ရေယာဉ်ကဲ့သို့ ဘက်စုံသုံးရေယာဉ်များရှိပြီး တပ်မတော်အနေဖြင့်လည်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ပြောထားပြီး လက်တွေ့ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာရန်စောင့်ဆိုင်းနေသော  မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၂၀၀၀၀ ကျော်အား တပ်မတော်လေယာဉ်၊ ရေယာဉ်များ အသုံးပြု၍ ရွေးကောက်ပွဲအမီ ပြန်လည်ခေါ်ဆောင်နိုင်ရေး နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိလိုပါတယ်” ဟု ပြောကြားသည်။

အလားတူ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများမှာလည်း မြန်မာနိုင်ငံသို့ ပြန်လာရန် MAI နှင့် MMA လေကြောင်းလိုင်းများဖြင့် သယ်ဆောင်ပေးနေသော်လည်း နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေသဖြင့် မြန်မာ့တပ်မတော် သယ်ယူပို့ဆောင်လေယာဉ်များအသုံးပြု၍ ရွေးကောက်ပွဲအမီ မိမိဆန္ဒအရ လွတ်လပ်စွာ မဲပေးနိုင်ရေးအတွက် ပြန်လည်ခေါ်ဆောင်နိုင်ရန် နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူ့လွှတ်တော်သို့ တင်သွင်းကြောင်း ဥက္ကဋ္ဌက ဖတ်ကြားခဲ့သည်။

အဆိုနှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၃၊ နည်းဥပဒေခွဲ (ခ)၊ နည်းဥပဒေခွဲငယ် (၂) အရ အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ဦးရေ၏ သုံးပုံတစ်ပုံဖြစ်သော ၁၄၄ ဦးက ထောက်ခံလျှင် ဆက်လက်ဆွေးနွေးရန် လွှတ်တော်သဘောတူသည်ဟု မှတ်ယူသဖြင့် မတ်တတ်ရပ်ဆန္ဒမဲပေးသောနည်းလမ်းဖြင့် ဆုံးဖြတ်ခဲ့သည်။

ထို့သို့ မတ်တတ်ရပ်ဆန္ဒမဲပေးသည့် နည်းလမ်းဖြင့် ဆုံးဖြတ်ရာ ယင်းနေ့တွင် လွှတ်တော်အစည်းအဝေးတက်ရောက်သည့် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များက မတ်တတ်ရပ်ဆန္ဒမဲပေးရာ ထောက်ခံမဲ ၁၂၅ မဲသာရရှိသဖြင့် ထောက်ခံသူဦးရေ ၁၄၄ဦး မရှိသည့်အတွက် အဆိုအား လက်ခံဆွေးနွေးရန် မရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

Most Read

Most Recent