မွန်ညီညွတ်ရေးပါတီအနေဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပြီးမှသာ ရွေးကောက်ပွဲဝင်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာမည်

မွန်ညီညွတ်ရေးပါတီအနေဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပြီးမှသာ ရွေးကောက်ပွဲဝင်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း ကြေညာမည်
 မြိတ်မြို့တွင် ဇူလိုင် ၁၄ ရက်က မွန်ညီညွတ်ရေးပါတီရုံးဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်
 မြိတ်မြို့တွင် ဇူလိုင် ၁၄ ရက်က မွန်ညီညွတ်ရေးပါတီရုံးဖွင့်ပွဲအခမ်းအနား ကျင်းပစဉ်
Published 21 July 2020
ဘိုဘိုမြင့်

မွန်ညီညွတ်ရေးပါတီအနေဖြင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးပြီးမှသာ ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာနိုင်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

“ လောလောဆယ် ပါတီဗဟိုအဆင့် ကိုယ်စားလှယ်လောင်း ရွေးချယ်စိစစ်ရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ဒီမှာပြတ်သွားရင်လည်း ကျွန်တော်တို ့CEC အစည်းအဝေး ခေါ်ရပါဦးမယ်။ အဲဒီမှာအတည်ပြုပြီးမှ ကျွန်တော်တို ့ပြောလို့ရပါမယ်” ဟု နိုင်လယိတမက ပြောကြားသည်။

လတ်တလော အခြေအနေအရ ကိုယ်စားလှယ်လောင်းစိစစ်ရေး မပြီးပြတ်သေးသည့်အတွက် စာရင်းထုတ်ပြန်၍ မရသေးကြောင်း၊ ဇူလိုင် ၂၀ ရက် နောက်ပိုင်းမှသာ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်နိုင်လိမ့်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး (၂) ဖြစ်သူ နိုင်စံတင်က ပြောကြားသည်။

“ ရွေးကောက်ပွဲဝင်ရောက်မယ့် မဲဆန္ဒနယ်တွေအနေနဲ့ကတော့ မွန်ပြည်နယ်မှာ ရှစ်မြို့နယ် လျာထားတယ်။ ကျန်တဲ့ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းမှာတွေကျတော့ ဘယ်မဲဆန္ဒနယ်က ဝင်ရောက်အရွေးချယ်ခံကြမယ်ဆိုတာကိုတော့ အတည်မပြုရသေးဘူး။ ကိုယ်စားလှယ်လောင်းစာရင်း ထွက်လာရင်တော့ အားလုံးအတည်ဖြစ်မှာပါ” ဟု နိုင်စံတင်က ပြောကြားသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်နိုင်ငံရေးအင်အားစုနှင့် မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေ ၁၇ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

မွန်ညီညွတ်ရေးပါတီအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် မဲဆန္ဒနယ်အပြည့်၊ ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် မဲဆန္ဒနယ်အားလုံးနှင့် မြဝတီမြို့နယ်အတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရေဖြူမြို့နယ်၌ အနည်းဆုံးနှစ်နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ ဘုတ်ပြင်း၊ ကော့သောင်း၊ မြိတ်၊ ပလော၊ တနင်္သာရီ စသည့် မြို့နယ်များတွင်လည်း အနည်းဆုံး တစ်နေရာ သို့မဟုတ် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားရန် ရည်ရွယ်ထားကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း တစ်နေရာ သို့မဟုတ် နှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားရန်ရှိကြောင်း သတင်းရရှိသည်။

Most Read

Most Recent