၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအစည်းအဝေးကျင်းပနိုင်ရေး အစိုးရနှင့် NCA- SEAO နှစ်ဖက်ညှိနှိုင်းရေး ကိုယ်စားလှယ်များ အစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်နေ

၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအစည်းအဝေးကျင်းပနိုင်ရေး အစိုးရနှင့် NCA- SEAO နှစ်ဖက်ညှိနှိုင်းရေး ကိုယ်စားလှယ်များ အစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်နေ
ဇူလိုင် ၂ ရက်က ရန်ကုန်မြို့တွင် အစိုးရနှင့် NCA- SEAO နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးနေစဉ် (Photo - NCA- SEAO Office)
ဇူလိုင် ၂ ရက်က ရန်ကုန်မြို့တွင် အစိုးရနှင့် NCA- SEAO နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးနေစဉ် (Photo - NCA- SEAO Office)
Published 2 July 2020
မင်းနိုင်စိုး

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သော အစိုးရညှိနှိုင်းရေးအဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်း ဦးဆောင်သည့် NCA ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-SEAO) ညှိနှိုင်းရေးအဖွဲ့၏ အစည်းအဝေးကို ရန်ကုန်မြို့ရှိ NRPC ရုံးတွင် ဇူလိုင် ၂ ရက်မှ စတင်ပြုလုပ်နေသည်။

ယခုအစည်းအဝေးသည် ၂၁ ရာစုပင် လုံညီလာခံ စတုတ္ထအစည်းအဝေးကျင်းပရေးနှင့် ပြည်ထောင်စုဘောတူစာချုပ် အစိတ်အပိုင်း (၃) အောင်မြင်စွာ ချုပ်ဆိုနိုင်ရေးအတွက် ပြုလုပ်သော ညှိနှိုင်းအစည်းအဝေးဖြစ်သည်။

၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအား သြဂုတ်အတွင်းကျင်းပရန် အစိုးရနှင့် NCA- SEAO တို့အကြား သဘောတူလျာထားပြီး အဆိုပါ သဘောတူလျာထားချက်အတိုင်း အချိန်မီကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဟု NCA- SEAO ညှိ နှိုင်းရေးအဖွဲ့ခေါင်းဆောင် RCSS အတွင်း ရေးမှူး (၂) ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထိုသို့ ညီလာခံအား အချိန်မီကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် နိုင်ငံရေးပါတီများအတွက် ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ပြင်ဆင်ချိန် အလုံအလောက် ရရှိရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောကြားသည်။

ယခု အစည်းအဝေးတွင် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးများ၌ ချန်ထားခဲ့သော ဆက်လက်ညှိနှိုင်းရန် အချက်များကို သဘောတူညီချက်ရရှိအောင် ကြိုးပမ်းညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး ယခင်အစည်းအဝေးများတွင် မူအားဖြင့် သဘောတူထားခဲ့သော အချက်များကို အပြီးသတ် သဘောတူညီချက်များ ရရှိအောင် ဆက်လက်ညှိနှိုင်းမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများ၊ COVID-19 ကပ်ရောဂါ အခြေအနေအောက်တွင် ကျင်းပမည့် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးဆိုင်ရာ အခင်းအကျင်းများ၊ UPDJC အစည်းအဝေးနှင့် JICM အစည်းအဝေးကျင်းပရေးကိစ္စများကို ပြီးခဲ့သည့် အစည်းအဝေးတွင် သဘောတူထားပြီးဖြစ်ရာ ယခုအစည်းအဝေးတွင် ၎င်းတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံစတုတ္ထအစည်းအဝေးကို COVID-19 ကပ်ရောဂါကာလ အခြေအနေအောက်မှာ ကျင်းပရမှာဖြစ်လို့ ညီလာခံအခင်းအကျင်းကို ပြောင်းလဲကျင်းပဖို့ရှိပေမဲ့ အားလုံးလက်ခံတဲ့ ညီလာခံရလဒ်ရရှိရေးအတွက် အစုအဖွဲ့အသီးသီး အလွှာအသီးသီးက ကိုယ်စားလှယ်တွေ စုံစုံညီညီတက်ရောက်နိုင်ရေး ကြိုးပမ်းစီစဉ်ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ယခု ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးပါသော အစည်းအဝေးဖြစ်သည်နှင့်အညီ အားလုံးက စိတ်ဝင်တစားဖြင့် အစည်းအဝေး၏ ရလဒ်ကို စောင့်ကြည့်နေကြသည့်အတွက် ရလဒ်ကောင်းရရှိအောင် ကြိုးပမ်းကြရန် အားလုံးတွင် တာဝန်ရှိကြောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားသည်။

ထို့ပြင် အားလုံးကျေနပ်လက်ခံသည့် ပြီးပြည့်စုံသော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမွေ့စွာ ရှေ့ဆက်ချီတက်နိုင်ရေးအတွက် သုံးရက်ကြာပြုလုပ်မည့် ယခုအစည်းအဝေးတွင် ကြိုးပမ်းညှိနှိုင်းဆွေးနွေးကြရန်လည်း ဗိုလ်မှူးကြီးစိုင်းငင်းက တိုက်တွန်းခဲ့သည်။

 

Most Read

Most Recent